လာမယ့် နှစ်သစ်ကူးညမှာ အနုပညာရှင်များဟာ ပရိသတ်တွေနဲ့ တိုက်ရိုက် တွေ့ဆုံ ဖျော်ဖြေခွင့် မရပေမယ့် အွန်လိုင်းကနေတဆင့် ပြုလုပ်မယ့် ဖျော်ဖြေပွဲတွေမှာ ပါဝင်လာကြတာကို တွေ့ရပါတယ်။
ဒီထဲမှာမှ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကလည်း နှစ်စဉ် MRTV-4 မှာ ထုတ်လွှင့်ပြသတဲ့ Myanmar Countdown ပွဲများမှာ ပါဝင်ခဲ့ပြီး ယခုနှစ်မှာ ပါဝင်ဖျော်ဖြေဖို့အတွက် စီစဉ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မပါဝင်ဖြစ်တော့တဲ့ အကြောင်းကို အသိပေးခဲ့ပါတယ်။
“ကျနော် အခု လာမယ့် နှစ်သစ်ကူးညမှာ MRTV-4 ကနေ ဖျော်ဖြေဖို့ စီစဉ်ထားခဲ့ပေမယ့် အခုတော့ အကြောင်းကြောင်းကြောင့် မဖျော်ဖြေဖြစ်တော့ပါဘူး။ နောက်ထပ် လာမယ့် ပွဲတွေမှာပဲ ဖျော်ဖြေနိုင်အောင် ကြိုးစားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်များ အားလုံးကို တခါတည်း Happy New Year လို့ နှုတ်ဆက်ပါတယ်။ အားလုံးပဲ ကျန်းမာ ရွှင်လန်းပါစေ” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က သူ Brand Ambrassador အဖြစ် တာဝန်ယူထားတဲ့ အမှတ်တံဆိပ်များဟာ တခုတည်း တာဝန်ယူဖို့အတွက် စာချုပ်များနဲ့ သဘောတူ လက်ခံထားတာမျိုးတွေ ရှိတာကြောင့် တချို့ပွဲတွေမှာ ပါဝင်ဖျော်ဖြေဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။
“ဒီနှစ် နှစ်သစ်ကူးပွဲမှာ မဖျော်ဖြေဖြစ်ပါဘူး ခင်ဗျာ။ ကျနော် Brand Ambassador အဖြစ် အမှတ်တံဆိပ်တွေကို တာဝန်ယူတဲ့နေရာမှာ ကုန်ပစ္စည်း အမျိုးအစား တခုစီတိုင်းအတွက် တခုတည်း (Exclusive) တာဝန်ယူဖို့ စာချုပ်နဲ့ သဘောတူ လက်ခံထားတာ ဖြစ်ပါတယ်။ ဒါကြောင့် တချို့ပွဲတွေမှာ၊ တချို့ အစီအစဉ်တွေမှာ ကျနော်ပါဝင် ဖျော်ဖြေဖို့အတွက် မဖြစ်နိုင်တာတွေ ရှိပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
စိုင်းစိုင်းခမ်းလှိုင် မဖျော်ဖြေဖြစ်တဲ့ ပွဲကတော့ ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၈ နာရီမှာ ပြုလုပ်မယ့် “Telenor Myanmar Countdown 2021” Virtual Live ဖြစ်ပြီး ဒီပွဲမှာ စိုင်းစိုင်းခမ်းလှိုင်၊ Big Bag ၊ Snare၊ ဘန်နီဖြိုး၊ နီနီခင်ဇော်၊ အိမ့်ချစ်၊ ယွန်းမြတ်သူတို့ ဖျော်ဖြေသွားမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။ ဒီပွဲဟာ MRTV-4 ရုပ်သံလိုင်းမှာ တိုက်ရိုက် ကြည့်ရှုနိုင်မယ့်ပွဲ ဖြစ်ပါတယ်။
You may also like these stories:
TV နဲ့ အွန်လိုင်းပေါ်မှတဆင့် ကြည့်ရှုခံစားနိုင်မယ့် New Year ဖျော်ဖြေပွဲများ
ကိုရီးယား မြန်မာ ဗားရှင်းနဲ့ ထပ်ထွက်မယ့် စိုင်းစိုင်းနဲ့ Park Bom ရဲ့ “Red Light”
စိုင်းစိုင်းခမ်းလှိုင်နဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Park Bom တို့ရဲ့ ပထမဆုံး Collaboration