COVID-19 အကျပ်အတည်း ကာလအတွင်းမှာ ကောလာဟလ သတင်းပေါင်းများစွာ ဆိုရှယ်မီဒီယာတွေမှာ ပေါ်ပေါက်လာခဲ့ပါတယ်။ COVID-19 စတင်ဖြစ်ပွားလာပြီး ပထမ ၃ လအတွင်းမှာပဲ ရောဂါနဲ့ပတ်သက် ဆက်နွယ်နေတဲ့ သတင်းမှားတွေကြောင့် ကမ္ဘာတဝှမ်းမှာ အနည်းဆုံး လူပေါင်း ၈၀၀ လောက် သေဆုံးခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ဆိုရှယ်မီဒီယာက သတင်းမှားတွေကြောင့် လူပေါင်း ၅၈၀၀ နီးပါး ဆေးရုံတက်ခဲ့ရတယ်လို့လည်း American Journal of Tropical Medicine and Hygiene ရဲ့ လေ့လာချက်တခုမှာ ဖော်ပြခဲ့ပါတယ်။
ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ COVID-19 သတင်းမှားတွေကြောင့် သေဆုံးသူ တော်တော်များများဟာ မက်သနော (သို့မဟုတ်) အရက် ပါဝင်တဲ့ သန့်ရှင်းရေးပစ္စည်းတွေကို သောက်သုံးခဲ့တာကြောင့်လို့ သိရပါတယ်။ ဒီပစ္စည်းတွေဟာ COVID-19 ကူးစက်မှုကနေ ကာကွယ်ပေးနိုင်မယ်လို့ လူတွေ ယုံကြည်ခဲ့ကြပါတယ်။ ယုံကြည်တဲ့အတိုင်း ပြုလုပ်ခဲ့တဲ့အတွက် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။
COVID-19 ဟာ လူတယောက်နဲ့ တယောက် လျင်လျင်မြန်မြန် ကူးစက်ခဲ့သလို ကောလာဟလတွေကလည်း လျင်လျင်မြန်မြန်ပဲ ပြန့်ပွားလာခဲ့ပါတယ်။ အစောပိုင်းကာလတွေတုန်းကပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ကောလာဟလတွေကို ယုံကြည်မှုနဲ့ ရှေးရိုးစွဲ အယူအဆတွေဟာ လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရှိမှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။
COVID-19 သတင်းမှားတွေရဲ့သားကောင်ဖြစ်သွားသူတွေထဲမှာ ကြက်သွန်ဖြူ အများအပြား စားသုံး ခြင်း၊ ဗီတာမင်ဆေးတွေ အများအပြားသောက်ခြင်း စတဲ့ ဆေးဘက်ဆိုင်ရာ အကြံပြုချက်တွေနဲ့ ဆင် တူတဲ့ အကြံပေးချက်တွေကို ရောဂါမကူးအောင် ကာကွယ်တဲ့ နည်းလမ်းတွေအဖြစ် ဆောင်ရွက်ခဲ့ကြသူတွေ ပါဝင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ တချို့ဆိုရင် နွားကျင်ငယ်ရည်ကိုတောင် သောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီလုပ်ရပ်တွေက သူတို့ရဲ့ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်လို့ သုတေသီတွေက ပြောပါတယ်။ လေ့လာသူတွေရဲ့ စာတမ်းနိဂုံးမှာတော့ ဒီလို သတင်းအမှားကို တိုက်ဖျက်ဖို့ တာဝန်ဟာ နိုင်ငံတကာ အေဂျင်စီတွေ၊ အစိုးရနဲ့ ဆိုရှယ်မီဒီယာတွေရဲ့ တာဝန်သာဖြစ်တယ်လို့ ကောက်ချက် ချထားပါတယ်။
နည်းပညာ ကုမ္ပဏီတွေအနေနဲ့ တုံ့ပြန်ဆောင်ရွက်မှုပိုင်းမှာ နှေးကွေးနေသေးတဲ့အတွက် ဝေဖန်ခံနေရပါတယ်။ ယူကေမှာဆိုရင်လည်း သတင်းမှားတွေနဲ့ ပတ်သက်တဲ့ အွန်လိုင်းအန္တရာယ် ကာကွယ်ရေး ဥပဒေပြဋ္ဌာန်းနိုင်ဖို့ နှစ်ပေါင်းအတော်ကြာပါလိမ့်မယ်။
COVID-19 နဲ့ ပတ်သက်တဲ့ သတင်းမှားတွေကြောင့် ကိုယ်ထိလက်ရောက် တိုက်ခိုက်တာတွေ၊ မီးရှို့တာတွေနဲ့ လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆရာဝန်တွေ၊ ကျွမ်းကျင်သူတွေနဲ့ တိုက်ခိုက်ခံခဲ့ရသူတွေက ပြောပါတယ်။ အွန်လိုင်းပေါ်မှာ ပြန့်ပွားနေတဲ့ ကောလာဟလတွေကြောင့် အိန္ဒိယနိုင်ငံမှာ အုပ်စုလိုက် ခိုက်ရန် ဖြစ်ပွားမှုတွေရှိခဲ့သလို အီရန်နိုင်ငံမှာလည်း လူအစုလိုက် အပြုံလိုက် အဆိပ်သင့်မှုတွေ ရှိခဲ့ပါတယ်။
Ref: BBC
You may also like these stories:
ကိုဗစ်လူနာနံပါတ် ၆၅၂ နဲ့ လေယာဉ်စီးခဲ့သူတွေထဲ နမ့်စန်မြို့က တဦးပါဝင်
စခန်းမှူး ကိုဗစ်ပိုးကူးစက်ခံရသဖြင့် စစ်တွေ နယ်မြေရဲစခန်း Lockdown ချထား
ပိုးတွေ့ ရဲအရာရှိနှင့်အတူ သင်တန်းတက်သော ရဲ ၁၀၀ ကျော်အား ဆေးစစ်မှုပြုလုပ်