ကမ္ဘောဒီးယားနိုင်ငံက အန်ကောဝပ်ကျောင်းတော်ကြီးဟာ နိုင်ငံတကာ ခရီးသွားတွေ အလာများတဲ့ နေရာ တနေရာ ဖြစ်ပါတယ်။ ခရီးသွားတွေဟာ အန်ကောဝပ်ကျောင်းတော်ကြီးအတွင်း ဆင်စီးပြီး လည်ပတ်ရတာ သဘောကျလေ့ ရှိပါတယ်။ အခုတော့ ကမ္ဘောဒီးယားအစိုးရက ၂၀၂၀ ခုနှစ် ရောက်ရင် အန်ကောဝပ်ကျောင်းတော်ကြီးမှာ ဆင်စီးပြီး လည်ပတ်ခွင့်ကို ပိတ်ပစ်ပါတော့မယ်။
အန်ကောဝပ်ကျောင်းတော်ကြီးကို နှစ်စဉ်လာရောက်တဲ့ ခရီးသွားပေါင်းက ၂ ဒဿမ ၅ သန်း ရှိပြီး အများစုကတော့ ဆင်စီးပြီး လည်ပတ်ကြသူတွေ များပါတယ်။ ခရီးသွား အရေအတွက်က များပြီး ဆင်အကောင်ရေ အနည်းငယ်သာ ရှိတဲ့အတွက် ဆင်တွေအနေနဲ့ ပင်ပန်းသလို သေဆုံးမှုတွေလည်း ရှိလာပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဆင်တကောင် သေဆုံးခဲ့ရသလို ၂၀၁၈ ခုနှစ်မှာလည်း နောက်ထပ် တကောင် သေဆုံးခဲ့ရပါတယ်။
ဆင်တွေ သေဆုံးပြီးနောက်မှာတော့ နိုင်ငံတကာကလည်း ဒီကိစ္စကို အာရုံစိုက်လာကြပြီး ဆင်စီးခွင့် မပြုဖို့ အသနားခံစာတွေ ရောက်လာခဲ့ပါတယ်။ ၂ ရက်အတွင်းမှာ ဆင်စီးပြီး လည်ပတ်တာကို ကန့်ကွက်တဲ့ လက်မှတ်ပေါင်း ၁၄,၀၀၀ ကျော်ကို The Angkor Elephant Group က လက်ခံရရှိခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၀ ခုနှစ်မှာတော့ ခရီးသွားတွေအနေနဲ့ ဆင်စီးပြီး လည်ပတ်ခွင့် ရတော့မှာ မဟုတ်ပါဘူး။
ဆင်စီးပြီး လည်ပတ်ခွင့် မရတော့ပေမယ့် ခရီးသွားတွေကို ဆင်နဲ့ ဓာတ်ပုံရိုက်ခွင့် ပြုထားမှာ ဖြစ်ပါတယ်။ ဆင်တွေကိုလည်း သဘာဝအတိုင်း အသက်ရှင်သန်စေချင်ပါတယ်လို့ The Angkor Elephant Group ရဲ့ ဒါရိုက်တာ ဖြစ်သူ Oan Kiry က ပြောပါတယ်။
အန်ကောဝပ်ကျောင်းတော်ဟာ ကမ္ဘာဒီးယားနိုင်ငံမှာ ထင်ရှားတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦ ဖြစ်သလို အကျယ်အဝန်းကလည်း ၄၀၂ ဧက ရှိပါတယ်။ မူလ တည်ဆောက်ချိန်တုန်းကတော့ ဟိန္ဒူ နတ်ဘုရားတပါးဖြစ်တဲ့ Vishnu အတွက် ရည်ရွယ် ဆောက်လုပ်ခဲ့တာဖြစ်ပေမယ့် ၁၂ ရာစု နောက်ပိုင်းမှာတော့ ဗုဒ္ဓဘာသာကျောင်းတော်ကြီး ဖြစ်လာခဲ့ပါတယ်။
Ref. Timesofindia, Flyfm.com.my
You may also like these stories:
ကမ္ဘောဒီးယားကို ပထမဆုံးအကြိမ် ခရီးသွားမယ်ဆိုရင် သိထားသင့်တဲ့ အချက်များ
ကမ္ဘောဒီးယားနိုင်ငံက ဘာသာစကား ၁၅ မျိုး ပြောနိုင်တဲ့ ကလေးငယ် နာမည်ကြီးနေ
အန်ကောဝပ် ဝင်ခွင့်လက်မှတ်ရောင်းချမှု ကန်ဒေါ်လာ ၈၅. ၅၇ သန်းရရှိ