ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ) အမှုအား မျက်ကွယ် စစ်ဆေးမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးက ယနေ့ကြေညာလိုက်သည်။
ရာဇဝတ်အထွေထွေမှု ဖွင့်ကာ ဝရမ်းထုတ်ထားမှု နောက်ဆုံးရက်ဖြစ်သည့် ယနေ့ဇွန် ၁၁ ရက်နေ့ အထိ ဦးဝီရသူအား ဖမ်းမိခြင်းမရှိခဲ့သဖြင့် ယင်းသို့ကြေညာခြင်းဖြစ်သည်။
ယနေ့ရုံးချိန်းတွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၁၁ ရက်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်နှင့် ဆယ်အိမ်မှူး ဦးဉာဏ်မြင့်တို့က ဦးဝီရသူအား ဖမ်းဆီးရမိမှု မရှိသည့်အခြေအနေကို ထွက်ဆိုချက် ပေးခဲ့သည်။
ရဲတပ်ဖွဲ့ အနေဖြင့် ဇွန်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ၁၁ ရပ်ကွက်၊ ပန်းဝါလမ်း၊ အမှတ် ၄၄ ရှိ ဦးကျော်နီ၏ နေအိမ်တွင် ဦးဝီရသူ လာရောက် တည်းခို နေထိုင်းခြင်း ရှိမရှိ စောင့်ကြည့်ခဲ့သော်လည်း မတွေ့ခဲ့ကြောင်း ၎င်း တို့က ထွက်ဆိုခဲ့သည်။
အနောက်ပိုင်းခရိုင် တရားရုံးပြန်ကြားရေး အရာရှိ ဦးမင်းသန့် ကတော့ လက်ရှိအခြေအနေသည် ဦးဝီရသူကို တရားခံပြေးကြေညာသည့် အဆင့် မရောက်သေးကြောင်း ပြောသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ဝရမ်းထုတ်ခံရသည့် ဦးဝီရသူအား ဝရမ်းပြန်အပ်ရန် နောက် ဆုံးရက် ဇွန်လ ၄ ရက်နေ့အထိ ဖမ်းမိခြင်းမရှိသည့်အတွက် အနောက်ပိုင်းခရိုင် တရားရုံးက ပုဒ်မ ၁၂၄ (က)/ ရာ ဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ ရာဇဝတ် အထွေထွေမှုဖွင့် လှစ်ကာ ဇွန်လ ၁၁ ရက်နေ့အထိ ဝရမ်းထပ်မံ ထုတ်ပေးထားခြင်းဖြစ်သည်။
ဦးဝီရသူအနေဖြင့် မျက်ကွက်တွင် အမှုစစ်ဆေးခြင်းခံရပါက တရားလိုသက်သေများ၏ ထွက်ဆိုတင်ပြချက်များအား ခုခံချေပပိုင်ခွင့်ဆုံးရှုံးမည်ဖြစ်ပြီး ၎င်းအား လက်ခံထားသူများ၊ ကူညီအား ပေးသူများအနေဖြင့်လည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၁၂၊ ပုဒ်မ ၁၀၉ တို့ဖြင့် ငြိစွန်းကာ အရေးယူခံရနိုင် ကြောင်း ဥပဒေပညာရှင်များက ပြောသည်။
ဦးဝီရသူ၏ ဟောပြောမှုများနှင့်ပတ်သက်ပြီး အရေးယူပေးရန် အနောက်ပိုင်းခရိုင်၊ ဒုခရိုင် အုပ်ချုပ်ရေးမှူးက အနောက်ပိုင်းခရိုင်တရားရုံးတွင် မေလ ၂၈ ရက်နေ့က တရားရုံးဦးတိုက် လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ဦးဝီရသူအား အမှုဖွင့် ဝရမ်းထုတ်ထားသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄ (က) အရ ပြစ်မှုထင်ရှားပါက ကျူး လွန်သူအား အမြင့်ဆုံး ထောင်ဒဏ်နှစ် ၂၀ နှင့် ငွေဒဏ်ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။
ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူအနေဖြင့် ၎င်းအပေါ် ဝရမ်းထုတ်ရှာဖွေနေခြင်းနှင့် ပတ်သက်ပြီး ဆရာ တော်ကြီးများ၏ ဓမ္မစက်ဖြင့် သြဝါဒခံယူပြီးမှသာ အာဏာစက်ဖြင့် အရေးယူမှုကို ရင်ဆိုင်ဖြေရှင်းမည် ဖြစ်ကြောင်း မေ ၃၁ ရက်နေ့ရက်စွဲဖြင့် နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့ထံ လျှောက်ထားသည့် စာတွင် ပြောထားသည်။
နိုင်ငံတော်သံဃ မဟာနာယက (မဟန) အနေဖြင့် ဦးဝီရသူအား သြဝါဒပေးရန် မေလ ၃၀ ရက်နေ့ ချိန်ဆိုခဲ့သော်လည်း ပြန်လည်ဆိုင်းငံ့ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့အနေဖြင့် သြဝါဒပေးမည့် အစီအစဉ်အား အကြောင်းညီညွတ်သည့် အချိန်တွင် ထပ်မံထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဦးဝီရသူအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့မှ ခေါ်ယူသြဝါဒပေးမှုအပေါ် လိုက်နာခြင်းမရှိပါက လည်း သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် (၂၀/၉၀) ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်းလည်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှူရန်
ဦးဝီရသူကို “မမိသေးဘူးလား” ဟု သမ္မတရုံးက ရဲတပ်ဖွဲ့ကို မေးနေရဟုဆို
အမျိုးသားရေး အမည်ခံ နိုင်ငံရေးလှုပ်ရှားမှုကို ထိန်းချုပ်ပါ
တိမ်းရှောင်နေသည့် ဦးဝီရသူ အမှု ထိရောက်စွာ ကိုင်တွယ်မည်ဟု ရန်ကုန် ဝန်ကြီးချုပ်ပြော
ဦးဝီရသူကို တပတ်အတွင်း မမိပါက တရားခံပြေး ကြေညာကာ မျက်ကွယ်အမှုစစ်ဖွယ်ရှိ