မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် တရားရုံးတွင် ၂ နှစ်ကျော်ကြာ စစ်ဆေးခဲ့သည့် Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း၏ အမှုကို သက်ဆိုင်ရာ မြို့နယ်တရားရုံးမှ ရောက်သည့်နေရာမှ ပြန်လည်စစ်ဆေးရန် ခရိုင်တရားရုံးက အမိန့်ချလိုက်ကြောင်း သိရသည်။
ဦးဝီရသူ၏ တပည့်ဖြစ်သူ အမျိုးသားရေးလှုပ်ရှားသူ ဦးကျော်မျိုးရွှေမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုထားသည့် အမှုကို အဓိကသက်သေဖြစ်သည့် ဦးဝီရသူ တရားရုံးသို့ လာရောက်သက်သေ မထွက်ခဲ့သည့် အတွက် ၎င်းအမှုကို ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က ပလပ်လိုက်သည်။
သို့သော်လည်း တရာလိုများဘက်မှ ခရိုင်တရားရုံးသို့ အမှုပြင်ဆင်ချက် တင်သွင်းသည့်အခါ ယနေ့ ၂ ဖက်ရှေ့နေများ၏ လျှောက်ထား တင်ပြချက်များရယူပြီးနောက် သက်ဆိုင်ရာမြို့နယ် တရားရုံးအနေဖြင့် ရောက်ရှိနေသည့် နေရာမှ ဆက်လက်စစ်ဆေးရန် အမိန့်ချမှတ်ခဲ့ကြောင်း တရားလို၏ ဥပဒေအကျိုးဆောင်ရှေ့နေ ဦးဇော်ဝိတ်က ပြောသည်။
မြိုနယ်တရားရုံးတွင် မူလ ပလပ်လိုက်ခြင်းသည် စွတ်စွဲထားသည့် အချက်များသည် အခြေအမြစ်မရှိခြင်း၊ ပြစ်မှုကျူးလွန်မှု မရှိပဲ အမြင်ကပ်သည့်အတွက် တရားစွဲဆိုခြင်းများတွင်သာ လွှတ်ပေးလို့ရသော်လည်း ယခုအမှုတွင် သက်သေ တင်ပြချက်များ၊ ထွက်ဆိုချက်များနှင့် စွတ်စွဲခံရသူ၏ လူမှုကွန်ရက်တွင် တင်ခဲ့သည့် အချက်များအားလုံးသည် ဦးဝီရသူအပေါ် ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့်အချက်များ ပေါ်ပေါက်နေပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဦးဇော်ဝိတ် က “အခုက ဥပဒေမဲ့ လွှတ်ပေးလိုက်တာ။ သက်သေ မလာနိုင်လို့ လွှတ်ပေးတယ်ဆိုပြီး လုပ်လို့မရဘူး။ သက်သေကို ရုံးရှေ့ရောက်အောင် ခေါ်ဖို့ဆိုတာကလည်း တရားရုံးရဲ့ အလုပ်ပဲလေ။ နောက်ပြီး အပြင်မှာ ဦးဝီရသူဟာ တရားခံပြေး ဖြစ်နေတယ်လို့ ပြောနေပေမယ့် ရုံးရှေ့မှာဘဲ သတ်မှတ်ဆုံးဖြတ်ရမှာ။ သူ့ကို တရားခံပြေးအဖြစ် တနိုင်ငံလုံးမှာ ကြေညာထားပေမယ့် ဒီအမှုတွဲထဲရောက်ဖို့က အရေးကြီးတယ်” ဟု ဆိုသည်။
ထို့အပြင် ပလပ်လိုက်သည့်အခြေအနေတွင် ဥပဒေနှင့်အညီ ပြုလုပ်မည်ဆိုလျှင် ကျန်ရှိနေသေးသည့် တရားလိုပြ သက်သေ ၄ ဦးလုံးကို စစ်ဆေးပြီးမှသာ စွဲချက်သည် အပြစ်မရှိဟုဆိုပြီး လွှတ်ပေးခြင်းသည်သာ ဥပဒေနှင့် ညီညွတ်ကြောင်း ၎င်းက ဆက်ဆိုသည်။
အမှုမှ တရားလိုပြသက်သေများကို စစ်ဆေးခဲ့ရာ ကျန်ရှိသက်သေများတွင် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်က သက်သေအဖြစ်မှ ပယ်ဖျက်ပေးရန်တင်ပြခြင်း၊ ဆရာတော် ဦးဝီရသူကို ရုံးတော်က ဆင့်ခေါ်ရာ၌ လာ ရောက်ခဲ့ခြင်းမရှိ၍ အမှု ကြန့်ကြာခဲ့သည့်ပြင် လက်ရှိတွင် ဦးဝီရသူမှာ ပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရပြီးတိမ်းရှောင်နေခြင်း၊ ရဲအုပ်ကျော်သူမှာ အဂတိလိုက်စားမှု ပုဒ်မဖြင့် တရားစွဲခံထားရခြင်း၊ ကိုကျော်စွာထွန်း မှာ ခရီးလွန်နေခြင်းတို့ကြောင့် ပလပ်ခဲ့သည်ဟု သိရသည်။
ကိုဆွေဝင်းကို ဆရာတော်တပါး၏ မိန့်ကြားချက်ပေါ်မူတည်ပြီး ဦးဝီရသူ ပါရာဇိက ကျပြီဆိုသည့် စကားရပ်သုံးထားသည့် သတင်းကို လူမှုကွန်ရက်တွင် ကိုယ်ပိုင်မှတ်ချက်ဖြင့် မျှဝေမှုနှင့် ပက်သက်ပြီး ဦးဝီရသူအား ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပြုလုပ်သည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူပေးရန် ဦးဝီရသူ၏ တပည့် ကိုကျော်မျိုးရွှေက ၂၀၁၇ မတ်လတွင် မဟာအောင်မြေမြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယခုကိစ္စနှင့် ပက်သက်ပြီး Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ကိုဆွေဝင်းသည် နိုင်ငံခြား ခရီးစဉ် သွားနေသည့် အတွက် တစုံတရာ မှတ်ချက်ပြု မေးမြန်းနိုင်ခွင့် မရခဲ့ပေ။ ထို့အပြင် ကိုဆွေဝင်း၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကလည်း မအားလပ်သည့်အတွက် ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိပေ။
ကိုဆွေဝင်းကို တရားလိုပြုလုပ် တိုင်တန်းထားသည့် ဦးကျော်မျိုးရွှေကလည်း ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရဲစခန်းတွင် ဒေါ်မြမြဌေး ဆိုသူက ၆၆ (ဃ) ဖြင့်ပင် တိုင်တန်းထားသည့် အမှုကို ရင်ဆိုင်နေရဆဲဖြစ်သည်။
ဦးကျော်မျိုးရွှေသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် မတ်လ ၃ ရက်နေ့ က “ဒီတကြိမ် လိုအပ်လို့ စစ်တပ်က အာဏာ သိမ်းရင် သမိုင်းတရားခံက ဗိုလ်ချုပ်သမီးပဲ”၊ “ဗလောင်းဗလဲ တတ်တဲ့ ခင်ဗျားတို့ အစိုးရအအဖွဲ့နဲ့ အကိုက်ညီဆုံး အလုပ်က ယဉ်ယဉ်ကျေးကျေး ပြောရရင် ဇိမ်ခန်းထောင်တဲ့အလုပ်ပဲ” ဆိုသည့် စာသားများကို ရေးသားခဲ့သဖြင့် တိုင်တန်းရခြင်းဖြစ်ကြောင်း သိရသည်။
ကိုဆွေဝင်း ဝေဖန်ခဲ့သည့် ဦးဝီရသူသည် လက်ရှိအချိန်တွင် တရားခံပြေးအဖြစ် ကြေညာခြင်း ခံထားရသူဖြစ်သည့်အပြင် ယခင်အချိန်များထဲက တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ရန်ကုန်လေဆိပ်တွင် သတ်ခဲ့မှုတွင် သတ်ခဲ့သူများကို ချီးကျူး ကျေးဇူးတင် စကားများပင် ပြောကြားခဲ့သူဖြစ်သည်။
ထို့အပြင် အမျိုးသားရေးကို အကြောင်းပြာကာ ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော် ဟောပြောမှုများကြောင့် မြန်မာလူထု အများအပြား၏ ပြောဆိုဝေဖန်မှုကို ခံရသည့်အပြင် နိုင်ငံတကာအလည်တွင်လည်း ဗုဒ္ဓဘာသာ အကြမ်းဖက်သမားအဖြစ် နာမည်တပ်ခြင်း ခံထားရသူဖြစ်သည်။
You may also like these stories:
၂၀၁၉ ရေမွန် မက်ဆေးဆေး ဆု ကိုဆွေဝင်း ရရှိ
ကိုဆွေဝင်း အမှု ရာဇဝတ်ပြင်ဆင်ချက် အယူခံ ခရိုင်တရားရုံး လက်ခံ
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း အမှု စွဲချက် မတင်မီ ပယ်ချ