မန္တလေးမြို့ မှ စစ်တွေမြို့ သို့ ထွက်ခွာလာသည့် ရွှေပြည်သစ် ခရီးသည်တင်ယာဉ်သည် မြောက်ဦးမြို့နယ် မိုင်တိုင် ၁၂၇ အရောက် တွင် ရက္ခိုင့် တပ်မတော် (AA)အဖွဲ့ မှ တားဆီပြီး ကားပေါ်တွင် ပါလာသူ ၃၁ ဦး ဖမ်းဆီးခေါ်ဆောင်ခံသွားရကြောင်း သတင်း ရရှိသည်။
ယင်းမော်တော်ယာဉ်သည် အောက်တိုဘာလ ၁၀ ရက်နေ့ နေ့လယ် ၂ နာရီက မန္တလေးကနေ စစ်တွေမြို့သို့ စတင် ထွက်ခွာ လာ ရာ အောက်တိုဘာလ ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် မြောက်ဦးမြို့နယ် အနီးသို့ ရောက်ရှိလာသည့်အခါ ကားပေါ်တွင် ပါလာ သည့် အခြေခံ မီးသတ် သင်တန်းဆင်း သင်တန်း သား ၁၈ ယောက်၊ အရပ်သား ၁၂ ယောက်၊ မီးသတ် ဦးစီးမှူး တယောက် စုစုပေါင်း ၃၁ ယောက်ကို AA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။
“အဲဒီယာဉ်က မန္တလေးကနေပြီးတော့ အောက်တိုဘာလ ၁၀ ရက်နေ့ နေ့လယ် ၂ နာရီက ထွက်လာတဲ့ ယာဉ် ဖြစ်တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့က လိုက်လံ သတင်း စုံစမ်းလျက် ရှိတယ်။ ကွင်းဆက်ရအောင် စုံစမ်းလျက်ရှိ တယ်။ နောက်ပြီးတော့ လုံခြုံရေး ဆက်လက် ဆောင်ရွက်လျက် ရှိတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောကလည်း မြောက်ဦးမြို့နှင့် ၃ မိုင်ခန့်အကွာသို့ ရောက်ရှိလာသည့် ခရီးသည်တင်ကားပေါ်မှ အရပ်ဝတ်နှင့်လူများကို လက်နက်ကိုင်အဖွဲ့ တခုက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ပြောဆိုနေကြသည်ကို ကြားသိရကြောင်း ပြောသည်။
“ကားတစီးကို တားပြီး ဖမ်းခေါ်သွားတယ် ဆိုတာမျိုးတော့ ကြားတယ်။ ရပ်ကွက်ထဲမှာ ဒီလိုပဲ ပြောနေကြတာပဲ။ မီးသတ်ဗိုလ်တွေ လည်း ပါတယ်လို့ ကြားတယ်”ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် ရသေ့တောင်မြိ့ုနယ်ရှိ ဘင်္ဂါလီ ကျေးရွာတရွာကို အမည်မသိ လက်နက်ကိုင်တွေ ဝင်ရောက်လာပြီး ရွာရှိ အိမ်များကို ဖျက်ဆီးသွားကြောင်း သတင်း ရသဖြင့် ယင်းမြို့ နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း တခု က အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းတွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျေးရွာအတွင်း လူနေထိုင်ခြင်း မရှိသည့် အိမ်မြေ ၁၈၅ လုံး၊ အခြေခံပညာ မူလတန်းကျောင်း တကျောင်း၊ ဗလီတလုံး၊ အိမ် ၃၀ ခန့် ပျက်စီးနေကြောင်း၊ ယင်းကျေးရွာတွင် ကျန်ခဲ့သည့် ရွာသားတချို့ ကို စစ်ဆေး ကြည့်တဲ့အခါမှာ အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာ ၎င်းတို့ ကျေးရွာသို့ AA မှ အင်အား ၂၀ခန့်နှင့် စည်ခုံတိုင် ကျေးရွာမှ ရွာသား ၁၀ ဦးခန့် လက်နက်ငယ် ၁၀ လက်ဖြင့် ရောက်ရှိ လာကြောင်း ပြောပြခဲ့သည်ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“ရောက်လာပြီးတော့ အဲဒီမှာ လူနေအိမ် အချို့ကို လိုက်လံရှာဖွေတယ်။ ရွှေ၊ ငွေတွေ ယူဆောင်တာတွေ ရှိတယ်။ နွားတွေ ယူသွား တာ ရှိတယ်။ အဲဒီမှာတော့ ရွာက အိမ် အလုံး ၃၀၊ နွားအကောင်ရေ ၄၀ လောက် ပါသွားတယ်။ သူတို့ ပြောတဲ့ ပုံအရ ရွှေ ၁၀ သားလောက် ပါသွားတယ်။ ငွေ ၃၉ သိန်း၊ ရွာထဲမှာ ရှိတဲ့ ဈေးဆိုင် ၃ ဆိုင်က ဈေးပစ္စည်းတွေ ပါသွားတယ် ပြောတယ်”ဟု ၎င်းက ပြောသည်။
၎င်းက ဆက်၍ “အဲဒီအဖွဲ့ က ခုနက ပြောတဲ့ ပစ္စည်းတွေ ယူဆောင်သွားပြီးတော့ ဆင်ခုံတိုင်ကနေ မြစ်ကြောင်းအတိုင်း တောင်ဘက်ကို ပြန်ထွက် သွားတယ်လို့ ပြောတယ်။ တပ်က ပျက်စီးတဲ့ နေအိမ်တွေ ပြန်လည် ပြုပြင်တည်ဆောက်ပေးတာနဲ့ သူ့ပတ်ဝန်းကျင်ကို နယ်မြေ လုံခြုံရေးရှိအောင် ပြန်ဆောင်ရွက်ပေးလျက်ရှိတယ်”ဟု ပြောသည်။
အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် AA အဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ရခိုင်ပြည်နယ် အတွင်း AA နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေးရှောင် ၇ သောင်းအထိ များလာပြီ ဖြစ်သည်။
လတ်တလော AA အဖွဲ့ ခေါင်းဆောင် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နှင့် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အစိုးရက အမှုဖွင့်ထားသည်။
AA ပါဝင်သော မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ကြား ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်တွင် ဆွေးနွေးညှိနှိုင်းခဲ့ကြသော်လည်း တိုက်ပွဲများမှာလည်း ရခိုင်မြောက်ပိုင်းတွင် ဆက်တိုက် ဖြစ်နေဆဲ ဖြစ်သည်။
တပ်မတော်က AA ကို သောင်းကျန်းသူ အဖွဲ့ အဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆိုထားပြီး AA ကို ရခိုင်ပြည်နယ် အခြေ စိုက်ခွင့်ပြုမည် မဟုတ်ကြောင်းလည်း ပြောဆိုထားသည်။
You may also like these stories:
ကျောက်တန်းရွာမှ သေဆုံးသူနှစ်ဦး တိုက်ပွဲကြောင့် သဂြိုဟ်ခွင့်မရသေး
မန္တလေးတွင် AA နှင့် ဆက်စပ်သည်ဟုဆိုသူ ၆ ဦးကို ရုံးထုတ်စစ်ဆေး
ဘူးသီးတောင် ဆင်သည်ပြင်ရွာသား ၁ ဦး သေနတ်ပစ်ခံရ၍ သေဆုံးဟုဆို