ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့မှ စတင်ကာ မတ်လ ၂၆ ရက်နေ့အထိ နေ့စဉ် လူဦးရေထောင်ချီဝင် ရောက် နေသော ထိုင်း-မြန်မာ နယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားမှ တဆင့် ယနေ့ ရွှေ့ပြောင်း လုပ်သားများ ဝင်ရောက်မှုသည် လူဦးရေ ၃၀၀ ကျော်သာ ရှိကြောင်း သိရသည်။
ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က “ အခု မနက်ကအထိ ၃၀၀ လောက်ပဲလာပြီး တော့ အခုဘာမှ မလာတော့ဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံဘက်တွင် အရေးပေါ်အခြေအနေ ကြေညာ ထားပြီး တချို့နေရာများကို lockdown ပြုလုပ် ထား ခြင်း နှင့် အဝေးပြေးကားဂိတ်များ ပိတ်ထားခြင်းများ လုပ်ဆောင်ထားလျက်ရှိပြီး ယင်းအခြေအနေများ တင်းတင်းကျပ်ကျပ် ရှိနေပါက မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့် ရွှေ့ပြောင်းလုပ်သား အရေ အတွက်မှာ လျော့ကျလာနိုင်ချေရှိကြောင်း ၎င်းက ဆိုသည်။
ဦးစောဘိုဘိုဝေမောင်က ဆက်လက်၍ “ တခုရှိတာက ကားဂိတ်တွေ ဘာတွေပိတ်ထားတယ် ဆိုပေမယ့် ဟိုဘက်မှာ ပွဲစားတချို့ရှိတယ်၊ အဲဒီပွဲစားတွေက သူတို့အစီအစဉ်နဲ့ သူတို့ ပြေးဆွဲလာတာကို ထိုင်းဘက်က ဘယ်လောက်အထိ Management လုပ်နိုင်မလဲ ဒီအပေါ်မှာ မူတည်တာပေါ့။ သေချာမလုပ်နိုင်ဘူးဆိုရင် ဝင်လာမယ့် အရေအတွက်က ပြန်များလာနိုင်တယ်။ ” ဟု ရှင်းပြသည်။
မတ်လ ၂၆ ရက်နေ့ တရက်တည်းတွင် ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများသည် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှ တဆင့် ဝင်ရောက်သူလူဦးရေ ၆၀၁၄ အထိ ရှိပြီး မတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့အထိ လူဦးရေ ၃ သောင်းဝန်းကျင်အထိ ရှိနေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၆ ရက်နေ့တွင် COVID -19 ရောဂါပိုးရှိသူ ထပ်မံ တွေ့ရှိခြင်းကြောင့် ထိုင်းနိုင်ငံ မှာ ပြန်လည်ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သားများကို မိမိနေအိမ်တွင် ၁၄ ရက် သီးသန့် နေထိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများ နှင့် တင်းတင်းကျပ်ကျပ် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သားများထဲတွင် သံသယ လူနာတချို့ တွေ့ရှိခဲ့ သော်လည်း ယနေ့အချိန်အထိ ရောဂါပိုးရှိသူ မတွေ့ရှိရသေးကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ ထံမှ သိရသည်။
ဆက်စပ်လင့်
မဲဆောက်-မြဝတီနယ်စပ်ပေါက် အဝင်အထွက် ပိတ်ရန် မရှိသေး
ကိုရိုနာဂယက် လေကြောင်းလိုင်းတွေ အကျပ်