သတင်း

ရခိုင်စစ်ပွဲမှာ တပ်မတော်ဘက် ဒေါ်အောင်ဆန်းစုကြည်ယိမ်းဟု တိုင်းရင်းသားအချို့ ဝေဖန်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်တွင်းက လက်နက်ကိုင် ပဋိပက္ခကြားတွင် ထိခိုက်သေဆုံးနေသည့် အရပ်သားများဘက်မှ ရပ်တည်မှု မရှိဘဲ တပ်မတော်ဘက်သို့ ဘက်လိုက်နေသဖြင့် တိုင်းရင်းသား အရေးနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် ယုံကြည်မှု ကျဆင်းသွားပြီ ဟု KNU Concerned Group က ပြောသည်။

KNU Concerned Group မှာ အစိုးရနှင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသော ကရင်အမျိုးသားအစည်းအရုံး KNU မဟုတ်ပါ။

KNU Concerned Group ၏ အဖွဲ့ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်က ရခိုင်ပြည်နယ်တွင်း တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခတွင် တပ်မတော်ဘက်မှ အရပ်သားများကို မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးခြင်း၊ နှိပ်စက်ခြင်း၊ သေဆုံးခြင်းနှင့် လေကြောင်း တိုက်ခိုက်မှုများ ကြောင့် အရပ်သား အစုလိုက် အပြုံလိုက် သေဆုံးခြင်းများအပေါ် နှုတ်ဆိတ်နေခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရခြင်းဖြစ်သည်ဟု ပြောသည်။

KNU တွင် ခေါင်းဆောင်ပိုင်း တာဝန်ယူဖူးသော်လည်း ယခုအခါ သီးခြားဖြစ်နေသော ပဒိုနော်စီဖိုးရာစိန်က “သူ အာဏာရ အစိုးရ ဖြစ်လာတော့ ကျမတို့ ပိုပြီးတော့ သူ့ကို ယုံကြည်မှု ကျဆင်းလာတယ်။ သူက တပ်မတော်ကို ပိုပြီး ကာကွယ်နေတယ်။ ကျမတို့ မြင်တယ်။ သိတယ်။ လူထုတွေ ခံစားနေရတာတွေ ပြောသင့် ပြောထိုက်တာတွေကို သူမပြောဘူး” ဟု ဆိုသည်။

“လူ့အခွင့်အရေး ချိုးဖောက်တာ၊ ရွာတွေ မီးရှို့ခံရတာ ထွက်ပြေးရတာ၊ လေယာဉ်နဲ့ ပစ်လို့ လူထုသေတာ ထိခိုက်တာတွေကို မလုပ်သင့်ဘူးလို့ ပြောရမှာ။ လူထုတွေ အထိနာနေပြီလို့ သူပြောရမှာ။ အခု သူက စစ်အာဏာရှင်ကို ဂုဏ်ပြုထောက်ခံနေတဲ့သူ ဖြစ်လာတယ်”ဟုလည်း ဆိုသည်။

၂၀၂၀ မတ်လမှ မေလအတွင်း တပ်မတော်နှင့် AA ၏ ပဋိပက္ခကြား သေဆုံးရသည့် အရပ်သား ၁၁၀ ကျော်ရှိပြီး ထိ ခိုက်ဒဏ်ရာရသူ ဦးရေလည်း ၉၀ ခန့် ရှိပြီ ဖြစ်သည်။

ပဋိပက္ခ ဖြစ်ပွားနေစဉ် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ယနေ့ထိ မသင်္ကာမှုဖြင့် တပ်မတော်၏ ဖမ်းဆီး စစ်ဆေးခံရသည့် အရပ်သား၂၀၀ ကျော်ရှိပြီး ထိုထဲမှ ၁၅ ဦးမှာ တပ်မတော်၏ ညှင်းပမ်းနှိပ်စက်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် ရခိုင်ပြည်နယ်တွင်းက လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုထားသည်။

မကြာသေးမီက သင်္ဘောတစီးပေါ်တွင် တပ်မတော်တပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် ရခိုင်အမျိုးသား ၅ ဦးကို ကြိုးတုပ် ရိုက်နှက်နေသည့် ရုပ်သံမှတ်တမ်းတခု ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့လာခဲ့ပြီး ၎င်း အမျိုးသား ၅ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ဖမ်းဆီးခံရသူများ ဖြစ်သည်။

နောက်ပိုင်းတွင် တပ်မတော်က စိစစ်ခဲ့ရာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ပါဝင်ခဲ့သူများကို အရေးယူမည်ဟု သိရသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး မြစ်ကြီးနားမြို့ အခြေစိုက် ကချင်အမျိုးသားကွန်ဂရက်ပါတီမှ ကြေညာချက် ထုတ်ပြန်ကာ ကန့်ကွက်ခဲ့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် နယ်နိမိတ်အတွင်း နေထိုင်လျက်ရှိသော လူမျိုးစုကြီး ၈ စု (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း) သည် နိုင်ငံရေးလိုအပ်ချက် ပဋိပက္ခကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားလျက် ရှိသော်လည်း ရှေးယခင်နှစ်ပေါင်းများစွာကတည်းက တမြေတည်းနေ တရေတည်းသောက် နေထိုင်ခဲ့သည့် လူမျိုးများ ဖြစ်ခဲ့ပြီး ယနေ့လက်ရှိ နိုင်ငံရေးပဋိပက္ခကြောင့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များသည် အတူနေလူမျိုးစုများအတွင်း မိသားစုပြိုကွဲမှု အသွင်လက္ခဏာများဘက်သို့ တွန်းပို့လျက် ရှိနေကြောင်း ထောက်ပြထားသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝအပါအဝင် ရခိုင်စစ်ပွဲနှင့်ပတ်သက်ပြီး ပထမဆုံး အကြိမ် ဧပြီ၂၁ ရက်က ဒေါ်အောင်ဆန်းစုကြည် လက်မှတ်နှင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရုံးစာတွင် အရပ်သားများ သေဆုံး၊ ထိခိုက်မှု အပေါ် များစွာ ဝမ်းနည်း စိတ်မကောင်းကြောင်းနှင့် လက်နက်ကိုင် ပဋိပက္ခကြောင့် ဆင်းရဲဒုက္ခကြုံတွေ့နေရသည့် အဖြစ်မှ ကင်းဝေးရန် အစိုးရက ကြိုးပမ်းနေပါသည်ဟု ဖော်ပြခဲ့သည်။ သို့သော် ယင်းစာထဲတွင် တပ်မတော်သားများ၏ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုကို ချီးကျူးဂုဏ်ပြုကြောင်း ဖော်ပြေရေးသားချက်ကိုမူ လက်မခံနိုင်ကြောင်း ပဒိုနော်စီ ဖိုးရာစိန်က ဝေဖန်သည်။

AA ၏ မဟာမိတ်ဖြစ်သည့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကလည်း ရခိုင်ပဋိပက္ခတွင် အရပ်သားများ အထိနာနေသည့်အပေါ် အစိုးရဘက်မှ တာဝန်ယူပေးရန် လိုအပ်သည်ဟု ပြောသည်။

“အစိုးရက တစုံတရာ ဝင်ပြီး ဟန့်တားတာ ညှိနှိုင်းပေးတာ ဘာမှ မရှိဘူး။ လူထု ဒုက္ခရောက်နေတာ အစိုးရမှာ တာဝန် ရှိတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမှု မပြေလည်လို့ တိုက်ပွဲဖြစ်တာက တကဏ္ဍပါ။ လူထု ဒုက္ခရောက်နေတာကတော့ အစိုးရက ဖြေရှင်းပေးဖို့ လိုပါတယ်” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွင် အစိုးရ၏ အရပ်သားများ ထိခိုက်ခံစားနေရသည့် အပေါ် တစုံတရာ ရပ်တည်ပေးခြင်း၊ နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့များကြား ကြားဝင်ညှိနှိုင်းပေးမှု မရှိခြင်းတို့က ရခိုင်လူမျိုးများ၏ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေသည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး (REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်ကလည်း ပြောသည်။

စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် အကြီးမားဆုံး ရင်ဆိုင်နေရသည့် လုံခြုံသည့် အမိုးအကာ ရရှိရေး၊ သန့်ရှင်းသည့်ရေ ရရှိရေးအတွက် အစိုးရဘက်သို့ အကူအညီများ အကြိမ်ကြိမ် တောင်းသော်လည်း တုံ့ပြန်မှု တစုံတရာမရရှိ သဖြင့် အစိုးရအပေါ် အားကိုးယုံကြည်ရမှု ပျောက်ဆုံးနေပြီဟုလည်း ဦးရွှေဘော်စိန်က ဆိုသည်။

ဦးရွှေဘော်စိန်က “ပြည်သူက အစိုးရကို အမြဲတမ်း အားကိုးတယ်။ ယုံကြည်တယ်။ ဒါပေမယ့် အစိုးရက ပြည်သူအပေါ် ထားတဲ့ မေတ္တာတရားက မှန်ကန်ဖို့ လိုတယ်လို့ စိတ်ခံစားမှုမှာ မတင်မကျ ဖြစ်ပါတယ်။ အားကိုး ယုံကြည်လောက်တဲ့ အစိုးရ မဖြစ်တဲ့အတွက် စိတ်ပျက်မိပါတယ်။ ဒါ ကျနော်တို့ စိတ်ခံစားမှုပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ AA အပါ အဝင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် ပဏာမ အပစ်ရပ် စာချုပ် (Bilateral) ချုပ်ဆိုနိုင်ရေး ညှိနှိုင်းနေမှုသည်လည်း ပြေလည်ခြင်း မရှိသေးပါ။

မတ်၂၃ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာနက AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီး တပ်မတော်ကလည်း အမြစ် ပြတ်ချေမှုန်းမည်ဟု ပြောဆိုထားသည်။

You may also like these stories:

တပ်မတော် အပစ်အခတ် ရပ်စဲရေး ထုတ်ပြန်ချက် မဟာမိတ် ၃ ဖွဲ့ ဝေဖန်

တပ်မတော်က ရိုက်နှက်နေသည့် ရုပ်သံထဲမှ လူ ၅ ဦးမှာ ပုဏ္ဏားကျွန်း ဒေသခံများဟုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading