ကမ္ဘာ့ကပ်ရောဂါ COVID-19 ကန့်သတ်ချက်များကြောင့် ယခင်နှစ် ကာလတူထက် နယ်စပ်မှ ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာ ၃၇ သန်း ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင် လွင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ သြဂုတ်လ နောက်ဆုံးပတ်အထိ ပို့ကုန် ပမာဏ အမေရိ ကန်ဒေါ်လာ ၆၄၈၅ ဒသမ ၉၂၇ သန်း ရရှိခဲ့ပြီး၊ ယခု၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကာလတူတွင် ဒေါ်လာ ၆၄၄၈ ဒသမ ၇၉၆ သန်း ရရှိခဲ့သောကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၃၇ သန်း လျော့ကျခဲ့ကြောင်း ဝန်ကြီးဌာန ဝက်ဆိုက်တွင် ဖော်ပြထားသည်။
ဦးခင်မောင်လွင်က “နယ်စပ် ကုန်သွယ်ရေးက ပို့ကုန်မှာတော့ ကာလတူနဲ့ ယှဉ်ရင် လျော့သွားတယ်။ နယ်စပ် ကုန်သွယ် ရေးမှာ တရုတ်က အဓိက လျော့တယ်။ ကိုဗစ်ရဲ့ ကန့်သတ်ချက်တွေကြောင့် အဓိက နယ်စပ်ကုန်သွယ်ရေးက ကျတာ” ဟု ရှင်းပြသည်။
ပို့ကုန် အုပ်စုတွင် တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ၊ စက်မှုကုန်ချောထုတ် ပစ္စည်းများနှင့် အခြား ကဏ္ဍများမှ လျော့ကျနေပြီး၊ သွင်းကုန် အုပ်စုတွင် လုပ်ငန်းသုံးကြမ်းပစ္စည်းများ၊ လက်ခစားစနစ် (CMP) လုပ်ငန်းသုံး ကုန်ကြမ်းများ လျော့ကျခဲ့ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ကိုဗစ်ကာလ၏ ကန့်သတ်ချက်များ အနေနှင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်များတွင် ကုန်စည်ယာဉ်မောင်း ဖလှယ်သည့် စနစ် ကျင့်သုံးဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ထားပြီး အိန္ဒိယ-မြန်မာ၊ ဘင်္ဂ လားဒေ့ရှ်-မြန်မာနှင့် လာအို-မြန်မာ နယ်စပ်ဂိတ်များက ပိတ်ထားရသည်။
မြဝတီ နယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က “အခုကတော့ ထိုင်းနဲ့က တရားဝင်ဂိတ် တွေကတော့ ပုံမှန် သွားလာလို့ ရတယ်။ တရားမဝင်ဂိတ်တွေက အရင်က လျော့ရဲရဲ ရှိတဲ့ဟာလေးတွေတော့ အခု ပိုပြီး တော့ တင်းကျပ်တယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံ စစ်တပ်က တရားဝင်အမိန့် ထုတ်ပြန်ပြီး ထိုင်း-မြန်မာ ထိစပ်နေသော မြို့ ၇ ဖြစ်သည့် ဘုရားသုံးဆူ၊ တာချီ လိတ်၊ မဲဟောင်ဆောင် အစရှိသည့် တရားဝင် ကုန်သွယ်ရေး နယ်စပ်ဂိတ်များက လွဲ၍ တရားမဝင် နယ်စပ်ဂိတ်များကို ယခင်ထက် လုံခြုံရေး ပိုတင်းကျပ်ထားကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် ကိုဗစ်ကြောင့် ကုန်သွယ်ရေးတွင် ပို့ကုန်နှင့် သွင်းကုန် နှစ်ခုစလုံး အနည်းငယ် လျှော့နည်းမှုများ ရှိနေပြီး ပြောင်းတင်ပို့မှု အနေနှင့်လည်း သြဂုတ်လကုန်မှ စ၍ ရပ်နားသွားပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာ့ နယ်စပ်ကုန်သွယ်ရေး၏ အကြီးဆုံး ကုန်သွယ်မှု ဖြစ်သော တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးက လက်ရှိတွင် တရုတ်ဘက်သို့ မြန်မာ ယာဉ်မောင်း ဝင်ခွင့် မရှိသည့်အတွက် ကုန်ကားချိန်းကာ လုပ်ဆောင်ရသောကြောင့် အချိန်ကြန့် ကြာခြင်းများ ဖြစ်ပြီး မြန်မာကုန်သည်များ နစ်နာလျက်ရှိသည်။
မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က “တရုတ်ဘက်က တင်းကျပ်တာက အခုက မိုင်ကုန်နေပြီ။ ထပ်ပြီး တင်းကျပ်ရင်တော့ နယ်စပ်ဂိတ်တွေ ပိတ်စရာပဲ ရှိတော့တယ်။ ဒါကြောင့် လွယ်လွယ်နဲ့တော့ မပိတ်လောက်ဘူး ထင်တာပဲ။ အခုကုန်ကား ဖလှယ်တဲ့ စနစ်က သွင်းကုန်ဆိုရင် စက်ယန္တရား ဘာညာက ကြန့်ကြာတယ်။ နောက်ပြီး ကုန် စိမ်းတွေက ရက်ကြာရင် မလတ်ဆတ်ဘူး။ ဒါမျိုးတွေ ဖြစ်တယ်” ဟု ပြောသည်။
ယာဉ်မောင်း လဲလှယ်သည့် စနစ်နှင့် လုပ်ဆောင်ရသောကြောင့် ယခင်က တရက်လျှင် ကုန်စည်စီးဆင်းမှု ကားအစီးရေ ၄၀၀ နှင့် ၅၀၀ ကြား ရှိရာမှ ယခု အချိန်တွင် ၁၅၀၊ ၂၀၀ ဝန်းကျင် ခန့်သာ ရှိပြီး လမ်းတွင် ကုန်ကားများ တန်းစီစောင့်ဆိုင်း ရသဖြင့် ကုန်စိမ်း တင်ပို့ တင်သွင်းသည့် လုပ်ငန်းများက အခက်အခဲများ ပိုရှိလာကြောင်း ၎င်းက ပြောသည်။
“ကြန့်ကြာတော့ ကုန်စိမ်းတွေက ကြောက်ရတယ်။ စွန့်ပစ်ရမှာတို့ ဈေးကွက် မှန်းမရတာတို့ ဖြစ်တယ်။ သွင်းတဲ့ ပန်းသီးတို့ သစ်တော်သီးတို့ ဖြစ်သလို ပို့ကုန်မှာ ဖရဲ၊ သခွားသီးတို့ ဒါမျိုးတွေပေါ့” ဟု ၎င်းဆိုသည်။
ထို့ကြောင့် မြန်မာ အနေနှင့် ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှုကို ထိန်းချုပ်နိုင်ရန် လိုအပ်နေကြောင်း မထိန်းချုပ်နိုင်လျှင် နယ်စပ် ကုန်သွယ်ရေးဂိတ်များ၏ ကုန်သွယ်ရေးက ယခုထက်ပို၍ ဆိုးသွားနိုင်ကြောင်း မူဆယ် နယ်စပ်ကုန်သည်များ ထံ က သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်မှုများနေခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပို၍ တင်းကျပ်လာမှုများ ရှိနေ သည်မှာ အမှန် ဖြစ်ကြောင်းလည်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အမြဲတမ်း အတွင်း ဝန် ဦးခင်မောင်လွင်က ပြောသည်။
“နယ်စပ်ဂိတ်တွေ အားလုံးက တင်းကျပ်တယ်။ တမူး နယ်စပ်ဂိတ်ဆိုရင် ဒီဘက်ကလည်း ပိတ်ထားတယ်။ ဘင်္ဂလားဒေရှ့်နဲ့ ဆိုရင်လည်း တိုင်းဒေသကြီးအစိုးရ အဖွဲ့က ကုန်သွယ်ရေးဂိတ်ကို ယာယီ ရပ်ဆိုင်းထားတယ်။ ဒါမျိုးတွေရှိတယ်”ဟု ၎င်းက ဆိုသည်။
ယင်းပြင် လာအိုနိုင်ငံနှင့် ကုန်သွယ်ရေး ပြုလုပ်နေ ကျိုင်းလပ် နယ်စပ်ကုန်သွယ်ရေး ဂိတ်မှာလည်း လက်ရှိတွင် ပိတ် ထားပြီး အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသော တမူးနယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း ယခု စက်တင်ဘာလ ကုန်အထိ ပိတ်ထားမည်လည်း ဖြစ်သည်။
မောင်တော နယ်စပ် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက “ကျနော်တို့ ကုန်သွယ်ရေးဂိတ်က ဇွန်လ နောက်ဆုံးပတ် လောက်ထဲက ပိတ်ထားတာ။ ကုန်သွယ်မှုကလည်း ကျနော်တို့ တလကို ကန်ဒေါ်လာ ၁ သိန်း ပတ်ချာ လည်တော့ ရှိပါတယ်။ အခုကတော့ ကုန်သွယ်မှု ပိတ်ထားတော့ စီးပွားရေးလုပ်ငန်းတွေက ရပ်ဆိုင်းနေတဲ့ အနေအထား တော့ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောပြသည်။
မြန်မာနိုင်ငံတွင် နယ်စပ် ကုန်သွယ်ရေး စခန်း ၁၈ ခု ရှိပြီး တရုတ်နှင့် ထိစပ်နေသော မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ကျိုင်းတုံ၊ ထိုင်းနိုင်ငံနှင့် ထိစပ်နေသော မြိတ်၊ ထီးခီး၊ မောတောင်၊ အိန္ဒိယနှင့် ထိစပ်နေသော တမူး၊ ရိဒ်တို့မှာ ကုန်သွယ်မှု အစဉ်လိုက် ကျဆင်းနေပြီး လာအိုနိုင်ငံနှင့် ထိစပ်နေသော ကျိုင်းလပ်ကုန်သွယ်ရေး မရှိသလောက်အထိ ဖြစ်နေသည်။
You may also like these stories:
ကိုဗစ်ပိုးတွေ့သူများထားရန် ကွာရန်တင်း စင်တာများ လိုအပ်နေ
TNLA စစ်သားစုသည့်သတင်းကြောင့် အရပ်သား ၂၀၀ ကျော် ထွက်ပြေး
မန္တလေးတိုင်းသို့ လာသူများ Quarantine ဝင်ရန် ဘတ်ဂျက် အခက်အခဲရှိ