ဧရာဝတီတိုင်း ဒေသကြီး ဝါးခယ်မမြို့နယ် ကျုံပဒုတ်ဝကျေးရွာအုပ်စုရှိ လယ်သမား ၃၀ ကျော်ကို တရားစွဲဆိုမှုအပေါ် တရားစွဲခံရသူများက ဝါးခယ်မမြို့နယ်မှ ဌာနဆိုင်ရာများအား အရေးယူပေးရန်နှင့် ဒေသလွှတ်တော် ကိုယ်စားလှယ် များ နုတ်ထွက်ပေးရန် ယမန်နေ့တွင် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။
ဧရာဝတီတိုင်း ဒေသကြီး ဝါးခယ်မမြို့နယ် ကျုံပဒုတ်ဝကျေးရွာအုပ်စုရှိ ဆည်မြောင်းဌာနပိုင် အမှတ် ၄ စီမံကိန်း တူး မြောင်းအား အင်းသားကြီးမှ ပိတ်ဆို့ငါးဖမ်းနေသဖြင့် ဒီဇင်ဘာလ ၁၀ ရက်တွင် တူးမြောင်း အတွင်းရှိ ရေလမ်းကြောင်း ပိတ်ဆို့နေသော အတားအဆီးများကို လယ်သမားများက လူအင်အားဖြင့် ဝိုင်းဝန်းဖယ်ရှားခဲ့ကြောင်း သိရသည်။
ထိုသို့ ဖယ်ရှားသည့်ကိစ္စနှင့် ပတ်သက်၍ လယ်သမား ၃၂ ဦးကို ဝါးခယ်မမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့်လည်းကောင်း၊ အင်းသားကြီးမှ လယ်သမား ၆ ဦး အား ပုဒ်မ ၃ ခုဖြင့်လည်းကောင်း တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
လယ်သမား ၃၀ က ယမန်နေ့တွင် ဝါးခယ်မမြို့ပေါ်၌ ကိုဗစ်- ၁၉ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဆန္ဒဖော် ထုတ်ခဲ့ပြီး ထွေအုပ်က တရားစွဲဆိုထားသော ပုဒ်မ ၁၈၈ အမှု ရုပ်သိမ်းပေးရန်၊ အင်းသားကြီးဘက်မှ ဘက်လိုက် ဆောင်ရွက်သော ဌာနဆိုင်ရာများအား နိုင်ငံတော်မှ အရေးယူပေးရန်၊ လယ်သမားများကို မတရား အမှုဖွင့်သည်ကို လက်ခံဆောင်ရွက်ပေးသည့် ရွှေလောင်းနယ်မြေရဲစခန်းအား အရေးယူပေးရန်နှင့် အဖိနှိပ်ခံ လယ်သမားအရေး ဆောင်ရွက်မပေးသည့် ဝါးခယ်မမြို့နယ်မှ လွှတ်တော် ကိုယ်စား လှယ်များ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။
တရားစွဲဆိုခံထားရသည့် ကျုံပဒုတ်ဝကျေးရွာအုပ်စု မနန်းဒုတ်ကျေးရွာ ရာအိမ်မှူး ဦးချစ်ဆံက “ဆည်မြောင်းဌာနက နိုဝင်ဘာလထဲမှာ အင်းသားကြီးအနေနဲ့ ဆည်မြောင်းဌာနပိုင် ရေနုတ်မြောင်းထဲက ရေစီးရေလာ အဟန့်အတားဖြစ် စေတဲ့ အတားအဆီးတွေကို ၇ ရက်အတွင်း ဖယ်ရှားပေးဖို့ အမိန့်စာ ထုတ်တယ်။ သတ်မှတ်ရက်ပြည့်တဲ့အထိ အင်း သားကြီးက ဖယ်ရှားခြင်း မရှိတဲ့အတွက် ကျနော်တို့ လယ်သမားတွေက ဆည်မြောင်းဌာနရဲ့အမိန့်ကို အကောင် အထည်ဖော်တဲ့အနေနဲ့ ရေနုတ်မြောင်းထဲက အတားအဆီးတွေကို ဖယ်ရှားတာဖြစ်ပါတယ်။ ဒါကို ကျနော်တို့ကို ပုဒ်မ အမျိုးမျိုးနဲ့ တရားစွဲတဲ့အပေါ် ကျေနပ်မှုမရှိလို့ ဆန္ဒဖော်ထုတ်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီက ပြောသည်။
ကျုံပဒုတ်ဝကျေးရွာအုပ်စုရှိ အမှတ် ၄ စီမံကိန်းတူးမြောင်းမှာ ဒေသခံလယ်သမားများ စပါးစိုက်ပျိုးမှု အဆင်ပြေရန် အတွက် ၁၉၉၅ ခုနှစ်တွင် ဆည်မြောင်းဌာနနှင့် ဒေသခံလယ်သမားများ ပူးပေါင်း၍ တူးဖော် ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရေနုတ်မြောင်းတူးရန်အတွက် ဒေသခံ လယ်သမားများက လယ်ယာမြေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဆည်မြောင်းဌာနပိုင် အဆိုပါ ရေနုတ်မြောင်းမှာ အရှည်ပေ ၁ သောင်း ၂ ထောင်ခန့် ရှိကာ တူးမြောင်း၏ ထိပ်၂ ဖက် တွင် ရေတံခါး ၂ ချပ်ဖြင့် စိုက်ပျိုးရေများကို လိုအပ်သလို အတိုးအလျှော့ပြုလုပ်နိုင်ရန် တည်ဆောက်ထားပြီး မိုးစပါး လယ်ဧက ၄ ထောင်ကျော်နှင့် နွေစပါး လယ်ဧက ၂ ထောင်ကျော် စိုက်ပျိုးရေအတွက် မှီခိုနေရသော ရေနုတ်မြောင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါမြောင်းအား ဝါးခယ်မမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနက အင်းဂရန်အတွင်း ထည့်သွင်းကာ အင်းသားကြီးများအား လေလံပစ်၍ ငါးဖမ်းခွင့်ပြုခဲ့သည့်အတွက် လယ်ယာမြေများ ရေမြုပ်ချိန်တွင် အင်းသားကြီးမှ အင်းပိတ်၍ ငါးဖမ်းခြင်း၊ လယ်ယာမြေများ နွေစပါးစိုက်ရန် ရေလိုအပ်ချိန်တွင် အင်းသားကြီးမှ ရေလျှော့၍ ငါးဖမ်းခြင်းများ ဆောင်ရွက်သည့် အတွက် နှစ်စဉ်အခက်အခဲများ ကြုံတွေ့ကာ စပါးများထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံလယ်သမားများက ပြောသည်။
တရားစွဲခံထားရသည့် ကျုံပဒုတ်ဝကျေးရွာမှ လယ်သမား ဦးမျိုးမြင့်က “မိုးစပါးတုန်းက အင်းသားကြီးက အင်းပိတ် ငါး ဖမ်းတော့ ကျနော်တို့ စပါးတွေမှည့်ချိန်ကျမှ ရေတွေမြုပ်တယ်။ ကောက်လှိုင်းတွေက ရေတွေစို၊ အညှောင့်တွေပေါက်၊ စပါးတွေက ရေမြုပ်တာရက်ကြာတော့ ပုပ်ကုန်လို့ လယ် ၅ ဧကလောက်ကို မရိတ်ရဘဲ ဒီအတိုင်းပစ်ထားခဲ့ရသူတွေ တောင် ရှိတယ်။ အဲဒီတော့ လယ်ဧက ၂ ထောင်လောက်က ထိခိုက် ပျက်စီးခဲ့ရတယ်။ ဒါက နှစ်တိုင်းဖြစ်နေတာ။ ဒီနှစ်က အဆိုးဆုံးပဲ။ ဒါကြောင့်လည်း ဆည်မြောင်းဌာနက စာထုတ်တဲ့အတိုင်း အကောင်အထည် မဖော်လို့ လယ် သမားတွေက အကောင်အထည်ဖော်ကြတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
ကျုံပဒုတ်ဝကျေးရွာမှ လယ်သမားများက လူအင်အားဖြင့် ဒီဇင်ဘာ ၁၀ ရက်တွင် အမှတ် ၄ ရေနုတ်မြောင်းအတွင်းမှ ငါးဖမ်းသော အင်းလုပ်ငန်းဆိုင်ရာပစ္စည်းများကို ဖယ်ရှားခဲ့သည့်အတွက် ဝါးခယ်မမြို့နယ် ထွေအုပ်ဌာနက ပုဒ်မ ၁၈၈ ဖြင့် လယ်သမား ၃၂ ဦးကို တရားစွဲခဲ့သလို အင်းသားကြီး ဦးဝင်းနိုင်မှလည်း ရွှေလောင်းနယ်မြေရဲစခန်းတွင် ကျုံပဒုတ် ဝကျေးရွာအုပ်စု၊ မနန်းဒုတ်ကျေးရွာသား ၆ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၇၉ (ခိုးမှု)၊ ၄၄၇ (ကျူးကျော်မှု)၊ ၄၂၇ (အကျိုး ဖျက်ဆီးမှု) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က “ကျနော်တို့က တောင်သူတွေဘက်ရော အင်းသားကြီးဘက် လည်း မပါပါဘူး။ လူစုလူဝေးဖြစ်မှာစိုးလို့ ဒီဇင်ဘာ ၉ ရက်မှာ ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့တယ်။ ရှင်းရှင်းပြောရရင် တရားဥပဒေစိုးမိုးမှု မရှိဘဲနဲ့ ဥပဒေနဲ့ မညီတဲ့ လုပ်ဆောင်ချက်မျိုး လုပ်လို့မရဘူး။ ကျနော်တို့က ဖြစ်မှာစိုးလို့ အမိန့် ထုတ်ပြန်တယ်။ ဒီအမိန့်အပေါ်မှာပဲ အရေးယူတာဖြစ်ပါတယ်” ဟု ပြောသည်။
ဝါးခယ်မမြို့နယ် ထွေအုပ်ဌာန၏ တားမြစ်မိန့်မှာ လယ်သမားများမှ ရေနုတ်မြောင်းအတွင်းရှိ ငါးဖမ်းသော အတားအ ဆီး ဖယ်ရှားမှုများ ဆောင်ရွက်ပြီးချိန် ဒီဇင်ဘာ ၁၀ ရက် ညပိုင်းမှသာ ကျုံပဒုတ်ဝကျေးရွာ အုပ်စု၊ မနန်းဒုတ်ကျေးရွာ ရာအိမ်မှူးထံသို့ ရောက်ရှိလာခဲ့ကြောင်း၊ နောက်ကျပြီးမှ ရောက်လာသည့် တားမြစ်မိန့်ကို ချိုးဖောက်သည်ဟုဆိုကာ ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုမှုမှာ ဥပဒေနှင့်မညီကြောင်း လယ်သမားများက ဆိုကြသည်။
လယ်သမားများကို ကူညီရင်း တရားစွဲဆိုခံထားရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်သန်းသန်းမိုးက “လယ်သမား တွေက ရေနုတ်မြောင်းထဲက အတားအဆီးတွေ မဖယ်ရှားခင်မှာ အုပ်ချုပ်ရေးပိုင်းက အခင်းဖြစ်နေရာမှာ အဲဒီ တားမြစ် မိန့်ကို ဖတ်ပြတာ၊ အဲဒီအမိန့်အရ မလုပ်ဖို့ တားမြစ်ခဲ့တာ လုံး၀ မရှိဘူး။ တားမြစ်မိန့်က ည ၈ နာရီ ၁၅ မိနစ်ကျမှ မနန်း ဒုတ် ရာအိမ်မှူးဆီကို လူကြုံနဲ့ ရောက်လာတာ။ ဒါကို တားမြစ်မိန့်ချိုးဖောက်တယ်ဆိုပြီး ကျမ အပါအဝင် လယ်သမား ၃၂ ဦးကို ပုဒ်မ ၁၈၈ နဲ့ တရားစွဲတာဟာ ဥပဒေနဲ့ လုံး၀ မညီပါဘူး။ လယ်သမားတွေကို ထောင်ထဲထည့်ချင်လို့ တမင် သက်သက် လုပ်တာ” ဟု ပြောသည်။
ဝါးခယ်မမြို့နယ်၊ အုပ်ချုပ်ရေးဌာနက လယ်သမား ၃၂ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၁၈၈ ဖြင့် အရေးယူပေးရန် မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ပြီး မြို့နယ်တရားရုံးက လယ်သမားများကို တရားရုံး၌ လာရောက်ဖြေရှင်းရန် ဒီဇင် ဘာ၂၃ ရက်တွင် သမ္ဗာန်စာ ဆင့်ခေါ်ထားကြောင်း သိရသည်။
You may also like these stories:
သီပေါ၌ ကလေးငယ်ကို အဓမ္မကျင့် သတ်သူအား SSPP က လူထုရှေ့တွင် သေဒဏ်စီရင်
ကိုဗစ်ထောက်ပံ့ငွေ အပြည့်မရ၍ ရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးအား နိုင်ငံတော်အကြီးအကဲများထံ တိုင်ကြား
ဂျပန်မှာ လူသတ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်း ဖြတ်တောက်ခဲ့သူကို သေဒဏ်ချမှတ်