အာဏာသိမ်း စစ်ကောင်စီ လက်အောက်၌ လုပ်ကိုင်လိုခြင်းမရှိဟုဆိုကာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဝန်ထမ်း ၂၀၀ ကျော် တာဝန်မှ ယာယီ ရပ်နားခံလိုက်ရ ကြောင်း သိရသည်။
ထိုသို့ ရပ်နားခံရသော CDM ဝန်ထမ်း ၂၁၂ ဦးတွင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ၊ ကြီးကြပ်ရေးမှူး၊ ဦးစီးမှူး အပါအဝင် သန့်ရှင်းရေး ရာထူးအထိ ပါဝင်သည်။
CDM လုပ်သည့် ဗဟိုဘဏ် ဝန်ထမ်းတဦးက “ဒီယာယီရပ်နားတဲ့ စာကိုတော့ ကျမတို့ မသိရသေးဘူး။ ဒါပေမယ့် အခု ကတော့ ယာယီ ရပ်နားတာပေါ့။ ဒီနောက်မှာ တရားစွဲမှာတွေ လုပ်မယ်လို့ ကြားထားတယ်” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ အချိန်တွင် ဗဟိုဘဏ်ဝန်ထမ်းများ CDM လုပ်ထားခြင်းကြောင့် ပြည်တွင်းဘဏ်များသို့ ငွေထုတ်ပေးရာ၌ အခက် အခဲများ ကြုံတွေ့နေရသည်ဟု ၎င်းက ဆိုသည်။
ဗဟိုဘဏ်မှ CDM လုပ်သည့် ဝန်ထမ်းများသည် ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ခြင်း မရှိတော့သည့်အတွက် တခြားသော ဖိအားပေးခံရခြင်းမျိုး မရှိကြောင်း သိရသည်။
သို့သော် အာဏာသိမ်း စစ်ကောင်စီက ပေးသော လစာများကို သွားရောက် ထုတ်ယူခြင်းမရှိဘဲ CDM လုပ်ဆောင်နေခြင်း ကြောင့် ဝန်ထမ်းတချို့မှာ ငွေကြေးအခက်အခဲ အနည်းငယ် ဖြစ်ပေါ်လျက်ရှိကြောင်း ဗဟိုဘဏ် CDM ဝန်ထမ်းတချို့ က ပြောသည်။
ဗဟိုဘဏ် ရန်ကုန်ရုံးမှ CDM ဝန်ထမ်းတဦးက “ကျမတို့က ဘယ်အဖွဲ့အစည်းကိုမှ အကူအညီ မတောင်းထားတော့ တချို့ အငယ်ထဲက မိသားစုတွေဆိုရင် နေဖို့ထိုင်ဖို့တွေက အခက်အခဲ ရှိလာနေပြီ” ဟု ပြောဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၄၅ ရက်မြောက်နေ့အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်၊ နေပြည်တော် နှင့် မန္တလေး ရုံးခွဲတို့မှ CDM လုပ်ဆောင်နေသည့် ဝန်ထမ်းပေါင်း ၃၀၀ ကျော်အထိ ရှိကြောင်း သိရသည်။
You may also like these stories:
စစ်တပ်နှင့်ရဲ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်ပြီ
ကျနော်တို့ဟာ နိုင်ငံတကာအသိုက်အဝန်းထံက အကာအကွယ်ကို လိုအပ်နေပါတယ်
စစ်အာဏာရှင်က တရားစွဲမှုအတွက် ဂုဏ်ယူတယ်လို့ ဒေါက်တာဆာဆာ တုန့်ပြန်