စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းသည့် စခန်းတခုတွင် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးဆေးတပ်သားနှင့် ကလေးပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင်နှစ်ဦး၏ အလောင်းများကို တွေ့ရသည်။
ထိုသို့သတ်ဖြတ်ခံရသူများမှာ Biak Rem Chin, Cher Thang Puia နှင့် Ram Mawia တို့ဖြစ်ကြောင်း ထိုအရပ်သား ခုခံရေးတပ်ဖွဲ့က ပြောသည်။
Chin Chin ဟုလည်း လူသိများသည့် Biak Rem Chin သည် စခန်းတွင် ဆေးကုသမှု သင်တန်းပေးနေသူဖြစ်သည်။ သူ့ကို နဖူးတွင် တေ့ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး Cher Thang Puia နှင့် Ram Mawia တို့တွင် ညှင်းပမ်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများတွေ့ရသည်။
ထိုစခန်းကို ဝင်ရောက်စီးနင်းစဉ်အတွင်း စစ်ကောင်စီသည် အမျိုးသမီးဆေးဝန်ထမ်း ၉ ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏အခြေအနေများကို မသိရတော့ပေ။
ထို ၃ ဦးကို သတ်ဖြတ်လိုက်သောကြောင့် စစ်ကောင်စီ၏ သတ်ဖြတ်မှုခံရသူအရေအတွက်မှာ အနည်းဆုံး ၁၂၈၁ ဦးရှိလာကြောင်း စစ်ကောင်စီ၏ သတ်ဖြတ်ဖမ်းဆီးမှုများကို မှတ်တမ်းတင်နေသော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ သိရသည်။ အမှန်တကယ်သတ်ဖြတ်ခံရသူ အရေအတွက်သည် ထိုထက်များစွာ ပိုမိုမြင့်မားနိုင်ကြောင်း အဖွဲ့က ခန့်မှန်းသည်။
AAPP ၏ နောက်ဆုံးအစီရင်ခံစာအရ စစ်ကောင်စီတပ်များသည် ယခုလအတွင်း ဆယ်ကျော်သက် ၅ ဦး၊ လမ်းသွားလမ်းလာများ၊ ကျေးရွာသားများ၊ သပိတ်မှောက် ကျောင်းဆရာတဦးနှင့် ဓါးစာခံတဦး အပါအဝင် အရပ်သား ၅၀ ခန့်ကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အသက် ၄၀ နှစ်ရှိပြီဖြစ်သော အထက်တန်းပြဆရာ ဦး ဇော်မင်းအောင်သည် စစ်ကောင်စီအောက်တွင်အလုပ်လုပ်ရန် ငြင်းဆန်ခဲ့ပြီးနောက် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် မြင်သာကျေးရွာတွင် ဖမ်းဆီးခံရပြီးနောက် နာရီအတန်ကြာတွင် စစ်ကြောရေးတွင် အသတ်ခံရသည်။
သူနှင့် အခြားအရပ်သားတဦးကို နိုဝင်ဘာလ ၁၇ ရက်နေ့ညက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး PDFs နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲသည်။
မန္တလေးတိုင်းမှ ကျောက်တံတား ကျေးရွာတွင် ဓါးစာခံအဖြစ်အဖမ်းခံရသော ကိုရဲအောင်ကို စစ်ကြောရေးတွင် သေသည်အထိ ညှင်းပမ်းနှိပ်စက်ခဲ့ကြောင်း AAPP က ဖေါ်ပြသည်။
ဖမ်းဝရမ်း ထုတ်ခံထားရသော ဆန္ဒပြရန်ဆော်သြသူ လူငယ်တဦး၏ ဖခင်နှင့် ဦးလေးတော်စပ်သူများဖြစ်သည့် ကိုမြင့်နိုင်နှင့် ကိုရဲအောင်တို့သည် နိုဝင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခြင်းခံရသည်။ နောက်တနေ့တွင် ကိုရဲအောင်၏ အလောင်းကို လာယူရန် စစ်ကောင်စီက မိသားစုကိုပြောသည်။ သူ၏အလောင်းတွင် ညှင်းပမ်းနှိပ်စက်ခံရသော ဒဏ်ရာအများအပြား ရှိနေသည်။
စစ်ကောင်စီတပ်များသည် လူပေါင်း ၁၀၀၀၀ ကျော်ကို ဖမ်းဆီးထားပြီး နောက်ထပ် ၂၀၀၀ ကျော်ကိုလည်း ဖမ်းဝရမ်းထုတ်ထားသည်။
ဖမ်းဆီးမှုကို တိမ်းရှောင်နေသည့် တက်ကြွလှုပ်ရှားသူများ၏ မိသားစုများကိုလည်း စစ်ကောင်စီက ဓါးစာခံ အဖြစ် ဖမ်းဆီးထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဦးဌေးအောင်ကို ရှာမတွေ့သောကြောင့် သူ၏ အသက် ၁၃ နှစ်အရွယ်သားကို စစ်ကောင်စီက ဓါးစာခံအဖြစ် ဖမ်းထားသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့နံနက်တွင် စစ်ကောင်စီသည် မန္တလေးတိုင်းတောင်သာမြို့နယ်တွင် ယခင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းနိုင်ထွန်းနှင့် အခြား ဖမ်းဆီးလိုသူ ၂ ဦးကို မတွေ့သောကြောင့် ဦးသိန်းနိုင်ထွန်း၏ ဇနီးနှင့် အခြားလူငယ် ပရဟိတသမား တဦးကို ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Death Toll at Hands of Myanmar Junta Reaches 1,281 ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
တီးတိန်မှာ စစ်တပ်က မုဒိန်းကျင့်ပြီး လုယက်
ချင်းတွေကို လူမျိုးသုဉ်းသတ်ဖြတ်နေပြီလား
ဒလန်ရှင်းလင်းရေး NUG လူ့အခွင့်အရေးဝန်ကြီးရဲ့ ရှုမြင်ချက်