နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက လာဘ်ပေးခဲ့ရသည်ဟုဆိုကာ စွပ်စွဲတရားစွဲဆိုထားသည့် အဂတိမှုနှင့် ပတ်သက်ပြီး ယနေ့တွင် ထောင် ၅ နှစ် ချမှတ်လိုက်ကြောင်း နေပြည်တော်အထူးတရားရုံးနှင့် နီးစပ်သူတဦးကပြောသည်။
၎င်းက “ ဒေါ်အောင်ဆန်းစုကြည်က ဒီအမိန့်ကို မကျေနပ်ဘူး၊ အယူခံ အဆင့်ဆင့် ဆက်ပြီးတက်ပါလို့ ပြောသွားတယ်” ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရှိ ကုန်းမြင့်သာစစ်ကြောရေးတွင် ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် ဦးဖြိုးမင်းသိန်းအနေဖြင့် ၎င်း၏လုပ်ဆောင်မှုများအား ထောက်ခံစေရန်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား ရွှေ ၇ ပိဿာနှင့် အမေရိကန်ဒေါ်လာ ၆ သိန်းအား ပေးအပ်ခဲ့ကြောင်း စွပ်စွဲပြောဆိုမှုနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုပုဒ်မ ၅၅ ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ ခြင်းဖြစ်သည်။
ယင်းသို့ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အဓိပ္ပါယ်မရှိသည့် စွပ်စွဲချက်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
ယခုအဂတိမှု စွပ်စွဲချက်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွပ်စွဲကာ တရားစွဲဆိုမှုများစွာထဲက ငွေကြေးလာဘ်လာဘ ရယူခဲ့ကြောင်း တိုက်ရိုက်စွပ်စွဲထားသည့် အမှုတခုလည်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုများစွာ စွဲဆိုထားသည့်အနက်မှ ယခုအမိန့်ချမှတ်မှုသည် ၆ မှုမြောက်အမိန့်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နှင့် ဦးညီညီဆိုသူက သီးခြားတရားဆိုသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ စသည့် အမှု ၅ မှုအတွက် ထောင်ဒဏ် ၈ နှစ်ချမှတ်ခံထားရသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် ထောင်ဒဏ် ၂ နှစ်လျော့ပေါ့ပေးထားသည်။
ယင်းအတွက် ယခုအသစ်ချမှတ်လိုက်သည့် ထောင်ဒဏ် ၅ နှစ်ပါဝင်ပါက ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက ချမှတ်ခဲ့ပြီဖြစ်သည့် ထောင်ဒဏ်စုစုပေါင်းမှာ ၁၁ နှစ်ရှိပြီဖြစ်သည်။
အခြားသောအမှုများအနေဖြင့်လည်း မစ္စတာရှောင်တာနယ်နှင့်အတူ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁(ဂ)၊နှင့် အဂတိမှုများအား ဆက်လက်တရားရင်ဆိုင်ရလျှက်ရှိသည်။
You may also like these stories:
ဒေါက်တာ ဇော်မြင့်မောင်၏ အဂတိမှု ဒေါ်အောင်ဆန်းစုကြည် သက်သေထွက်ဆိုရန် အခက်ကြုံနေ
အဖြေထွက်ပြီးသား စီရင်ချက်တွေကြားက ရှေ့နေတွေရဲ့ မျှော်လင့်ချက်
သူရ ဦးအောင်ကိုအား ပြစ်ဒဏ် လျှော့ပေးမှုသည် နိုင်ငံရေး အမြတ်ထုတ်မှုသာဖြစ်