မြန်မာနိုင်ငံ၏ စစ်တပ်အကြိုက်ရေးဆွဲထားသော ဖွဲ့စည်းပုံကို မူကြမ်းရေးဆွဲအတည်ပြုရန် နှစ်ပေါင်း ၁၇ နှစ် ကြာသည်။ ဗြောင်ကျကျ ဒီမိုကရေစီမဆန်သော ၂၀၀၈ ဖွဲ့စည်းပုံက အခြားအခွင့်ထူးများအပြင် နိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်နေရာများ ၂၅ ရာခိုင်နှုန်းကို စစ်တပ်အတွက် သီးခြားထားပေးသည်။
တိုင်းရင်းသားကိုယ်စားလှယ်အချို့၏ အကူအညီနှင့် ရွေးကောက်ခံမဟုတ်သည့် ယခင်စစ်အုပ်စုက ရေးဆွဲကာ ၂၀၀၈ ခုနှစ်တွင် လွန်စွာ အပြစ်အနာအဆာများသော ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည့် ထိုဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ဗိုလ်ချုပ်ကြီးများ၏ အာဏာကို ဆက်လက်ထိန်းသိန်းနိုင်စေမည့် နိုင်ငံရေးစနစ်ကို ထည့်သွင်းထားသည်။
ထိုဖွဲ့စည်းပုံသည် အစိုးရ၏ အုပ်ချုပ်ရေးမဏ္ဍိုင်တွင် သာမက အမျိုးသားနိုင်ငံရေး၏ သွင်ပြင်အမျိုးမျိုးတွင်ပါ သြဇာကြီးသော အခန်းကဏ္ဍတွင် စစ်တပ် ပါဝင်ရေးအတွက် အာမခံချက်ပေးထားသည်။
စစ်တပ်အကြီးအကဲကို ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားခြင်း မရှိသည့် တခုမှာ ရွေးကောက်ခံအစိုးရတခုကို စစ်အာဏာသိမ်းခွင့်ဖြစ်သည်။
ရွေးကောက်ခံမဟုတ်သော စစ်တပ်ကိုယ်စားလှယ်များက လွှတ်တော်နေရာ လေးပုံတပုံကို သိမ်းပိုက်ထားခြင်း အပြင် လုံခြုံရေးနှင့်ပတ်သက်သည့် ဝန်ကြီးဌာနသုံးခုဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာန သုံးခုကိုလည်း ထိန်းချုပ်ခွင့်ပေးထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်သို့ပေးအပ်ထားသော အာဏာများတွင် အရေးပေါ်အခြေအနေတွင် တာဝန်ယူရန် အခွင့်အာဏာလည်း ပါဝင်သည်။ စစ်တပ်အကြီးအကဲကို ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားခြင်း မရှိသည့် တခုမှာ ရွေးကောက်ခံအစိုးရတခုကို စစ်အာဏာသိမ်းခွင့်ဖြစ်သည်။
စစ်တပ်လွှမ်းမိုးသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) နှင့် တိုင်ပင်ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကြေညာရန် အုပ်ချုပ်ရေးအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေက သမ္မတထံ ပေးအပ်ထားသည်။
လက်တွေ့တွင်လည်း ထိုဒီမိုကရေစီနည်းလမ်းမကျသော ဖွဲ့စည်းပုံကို ဝေဖန်သူများက ထိုဖွဲ့စည်းပုံသည် စစ်တပ်ကို အခွင့်ထူးများပေးထားလွန်းသောကြောင့် နောက်တကြိမ် အာဏာသိမ်းမှုဖြစ်ရန် လွန်စွာမဖြစ်နိုင်တော့ဟု ပြောသည့် အချိန်တချိန် ရှိခဲ့ဖူးသည်။
ထိုသူများ မည်မျှ မှားယွင်းခဲ့သနည်း။
လွန်ခဲ့သော နိုဝင်ဘာလက အထွေထွေရွေးကောက်ပွဲတွင် ကြီးမားသော ရွေးကောက်ပွဲမသမာမှုများ ရှိသည်ဟု စွပ်စွဲပြီး စစ်တပ်က ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသ်ိမ်းကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ ကို ကိုးကားပြီး အရေးပေါ်အခြေအနေကြေညာသည်။
ပုဒ်မ ၄၁၇ အရ သမ္မတသည် နိုင်ငံ၏ အချုပ်အခြာအာဏာ ဆုံးရှုံးမည့် အန္တရာယ်ကျရောက်လာသောအခါ အရေးပေါ်အခြေအနေကြေညာခွင့် ရှိသည်။
ထိုနောက် ပုဒ်မ ၄၁၈ အရ သမ္မတသည် အာဏာအားလုံးကို စစ်တပ် အကြီးအကဲသို့ လွှဲပြောင်းပေးအပ်ရမည် ဖြစ်သည်။
စစ်တပ်က သမ္မတဦးဝင်းမြင့်ကို ဖေဖေါ်ဝါရီလတွင် ဖမ်းဆီးပြီးနောက် မကြာမီ ထိုပြဋ္ဌာန်းချက်ကို ချိုးဖေါက်ပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေက အရေးပေါ်အခြေအနေ ကြေညာသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၃(က) က နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ် မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်စေ၊ အကြောင်းကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော် သမ္မတရာထူးနေရာ လစ်လပ်လျှင် ဒုတိယ သမ္မတနှစ်ဦးအနက် နိုင်ငံတော် သမ္မတရွေးချယ်တင်မြှောက်စဉ် ဒုတိယ ဆန္ဒမဲအများဆုံးရရှိသော ဒုတိယသမ္မတက ယာယီ သမ္မတအဖြစ် ထမ်းဆောင်ရမည်ဟု ဖေါ်ပြထားသည်။
ပုဒ်မ ၄၁၇ အရ သမ္မတသည် နိုင်ငံ၏ အချုပ်အခြာအာဏာ ဆုံးရှုံးမည့် အန္တရာယ်ကျရောက်လာသောအခါ အရေးပေါ်အခြေအနေကြေညာခွင့် ရှိသည်။
သို့သော် ထိုစဉ်က သမ္မတက ရာထူးမှ နုတ်ထွက်ပေးရန် ငြင်းဆန်သဖြင့် စစ်အာဏာသိမ်းရန် မဆိုနှင့် ဦးမြင့်ဆွေ ယာယီသမ္မတဖြစ်ခြင်းကိုပင် တရားဝင်မှု မပေးပေ။
အာဏာသိမ်းသည့် နံနက်က သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းပြီး အစိုးရ ဝန်ကြီးအများအပြားကို ထိန်းသိမ်းသည်။ ထိုအချိန်မှ စတင်ပြီး ဦးမြင့်ဆွေသည် အများပြည်သူ မြင်ကွင်းမှပျောက်ကွယ်ကာ တရားဝင်အခမ်းအနားများတွင် မတွေ့ရတော့ပေ။
ဧပြီလက အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထူးအစည်းအဝေးတက်ရန် စစ်အာဏာသိမ်း ခေါင်းဆောင် ဂျကာတာသို့သွားရောက်စဉ်က စစ်အုပ်စုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်များကို ယူထားကြောင်း ASEAN ခေါင်းဆောင်များကို ပြောသည်။ သူ လိမ်ညာနေခြင်းဖြစ်သည်။
ပတကိ အရှိတရားအရဆိုပါက မြန်မာစစ်အာဏာသိမ်းမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖေါက်သည်ဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့် အရေးပေါ်အခြေအနေကြေညာခြင်းသည် တရားမဝင်သလို စစ်အာဏာသိမ်းမှုသည်လည်း တရားဝင်ခြင်းမရှိပေ။
မြန်မာစစ်အာဏာသိမ်းမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖေါက်သည်ဟု သတ်မှတ်နိုင်သည်။ အရေးပေါ်အခြေအနေကြေညာခြင်းသည် တရားမဝင်သလို စစ်အာဏာသိမ်းမှုသည်လည်း တရားဝင်ခြင်းမရှိပေ။
မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု၏ တရားဝင်မှုနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများနှင့် ASEAN နိုင်ငံများသည် အလားတူ ယူဆချက်မျိုး ရှိနိုင်သည်။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သူ၏ ဗိုလ်ချုပ်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖေါက်ပြီး တရားမဝင် အာဏာသိမ်းလိုက်သည်ဟုသာ ၎င်းတို့ ယူဆကြမည်ဖြစ်သည်။
ယခုနှစ်အစောပိုင်းက မြန်မာနိုင်ငံတွင် ဖရိုဖရဲအခြေအနေများ ဖြစ်ပေါ်ချိန်မှ စတင်ပြီး စစ်အာဏာသိမ်းခြင်း၏ တရားဝင်မှုကို လက်ရှိ ASEAN ဥက္ကဋ္ဌ ဘရူနိုင်းနှင့် အဖွဲ့ဝင်နိုင်ငံများက သံသယရှိကြောင်း ပြောကြားခဲ့သည်။
ဖြုတ်ချခံ အရပ်သား သမ္မတက ယခုလအစောပိုင်း တရားရုံးတွင် သက်သေခံချိန်တွင် အာဏာသိမ်းသည့်နေ့က ထိပ်တန်း စစ်အရာရှိများက သူ့ကို ရာထူးမှ နုတ်ထွက်ရန် အမိန့်ပေးကြောင်းနှင့် သူက အသက်အသေခံမည်ဟု ငြင်းခဲ့ကြောင်း ပြောကြားလိုက်သောအခါ အနောက်နိုင်ငံများနှင့် ASEAN ၏ သံသယ မှန်ကြောင်း နောက်ထပ်သက်သေပြချက်တခု ထွက်ပေါ်လာသည်။
အာဏာသိမ်းသည့် နံနက်တွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်အတွင်းရှိ သူ၏အခန်းသို့ အဆင့်မြင့် စစ်အရာရှိ နှစ်ဦးရောက်လာပြီး ကျန်းမာရေးမကောင်းဟု အကြောင်းပြကာ ရာထူးမှ နုတ်ထွက်ရန် ဖျောင်းဖျကြောင်း သမ္မတက တရားရုံးတွင်ပြောခဲ့သည်ဟု သူ၏ရှေ့နေများက ပြောသည်။
သမ္မတက သူကျန်းမာရေးကောင်းကြောင်းပြောပြီး ၎င်းတို့၏ အဆိုပြုချက်ကို ပယ်ချလိုက်သည်။
ပေးလိုသော သတင်းစကားမှာ ရှင်းလင်းလှသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ASEAN ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုရန် တရားဝင်အခွင့်အရေးမရှိ ဆိုသည်သာဖြစ်သည်။
“ ငြင်းပယ်ရင် အန္တရာယ်ကျရောက်နိုင်တယ်လို့ အဲဒီစစ်အရာရှိတွေက သူ့ကိုသတိပေးတယ်။ ဒါပေမယ့် သမ္မတက အသက်ပဲအသေခံမယ်လို့ ပြောလိုက်တယ်” ဟု ရှေ့နေ ဦးခင်မောင်ဇော်ပြောသည်။
တရားခွင်တွင် “သမ္မတက စစ်အာဏာသိမ်းမှုဟာ တရားမဝင်ကြောင်း တရားရုံးကတဆင့် တနိုင်ငံလုံးနဲ့ တကမ္ဘာလုံးကို အသိပေးလိုက်တာပဲ” ဟု ထိုရှေ့နေကြီးပြောသည်။
“ဒါဟာ စစ်ကောင်စီခေါင်းဆောင်တွေဟာ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ကြောင်းပြသတဲ့ အခိုင်မာဆုံး နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ပြောတဲ့ အထောက်အထားတွေဖြစ်တယ်” ဟုလည်း သမ္မတ ဦးဝင်းမြင့်၏ ရှေ့နေကပြောသည်။
စစ်အာဏာသိမ်းမှုသည် တရားမဝင်ကြောင်း ဦးဝင်းမြင့်၏ ပြောကြားချက်က သက်သေခံနေသည်။ ထိုပြောကြားချက်သည် စစ်အာဏာသိမ်းခေါင်းဆောင်ကို မနေ့က စတင်သည့် ထိပ်သီးဆွေးနွေးပွဲမှ ပထုတ်တားရန် ASEAN နှင့် ဥက္ကဌ ဘရူနိုင်း၏ ဆုံးဖြတ်ချက်မှန်ကန်ကြောင်း သက်သေပြနေသည်။
ပေးလိုသော သတင်းစကားမှာ ရှင်းလင်းလှသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ASEAN ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုရန် တရားဝင်အခွင့်အရေးမရှိ ဆိုသည့် သတင်းစကားသာဖြစ်သည်။ သူ့ကို ဖိတ်မည့်အစား ASEAN က နိုင်ငံရေးနှင့် မသက်ဆိုင်သူတဦးကို ဖိတ်သည်။ သို့သော် စစ်ကောင်စီက ထိုဖိတ်ကြားမှုကို ပယ်ချပြီး နိုင်ငံအကြီးအကဲ သို့မဟုတ် ဝန်ကြီးအဆင့် ကိုယ်စားပြုမှုကိုသာ လက်ခံမည်ဟုပြောသည်။
သို့ဖြင့် ကျင်းပနေသည့် ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကိုယ်စားလှယ်နေရာ လစ်လပ်နေတော့သည်။
(အောင်ဇော်သည် ဧရာဝတီ၏ အယ်ဒီတာချုပ်ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ASEAN Acknowledges Illegality of Myanmar’s Military Coup ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
အာဆီယံနှင့် မြန်မာ ရှေ့ဘာဆက်ဖြစ်မလဲ
ဒီမိုကရေစီ ခရီးကြမ်းပေါ် နိုင်ငံရေးသမားကောင်းတဦး မှတ်ကျောက်တင်ခံခြင်း
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတကြီးတို့ အမှု နိုင်ငံသားတွေ သိခွင့်ရှိတယ်
မျက်နှာပန်းလှချင်လား ဒါမှမဟုတ် တချိန်လုံးပဲ အပြစ်ဖို့ခံချင်သလား