ဇာတ်လမ်းနောက်ခံမှာ ပဲခူးတိုင်း၊ ကျောက်ကြီးမှ ခြေတံရှည် အိမ်တလုံးဖြစ်သည်။ ထိုအိမ်သည် ထိုစဉ်က ပြည်တွင်းစစ်အတွင်း အမည်းရောင်နယ်မြေဟုသိကြသည့် ဒေသအလယ်တွင် တည်ရှိသည်။ အခြေခံအားဖြင့်ဆိုရပါက ထိုနေရာသည် မြန်မာစစ်တပ် ပစ်ခတ်မှုမှ ကင်းဝေးသော နယ်မြေဖြစ်သည်။ ကြမ်းပြင်ပေါ်တွင် ထိုင်နေသူများမှာ ကျေးရွာလူမှု အသိုက်အဝန်းများမှ ကိုယ်စားလှယ်များဖြစ်သည်။ ထိုလူမှုအသိုက်အဝန်းများသည် ၎င်းတို့ထွက်ပြေးခဲ့ရသည့် ကျေးရွာများမှ တရက်ခရီးခန့်ဝေးသော တောတွင်းတွင် ရွှေ့ပြောင်း ပုန်းအောင်းနေရသည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိပြီဖြစ်သည်။
၎င်းတို့သည် အချိန်ပြည့် ရွှေ့ပြောင်းနေထိုင်နေရပြီး စိုက်ပျိုးသော နေရာများတွင် မြေဆီကုန်ခမ်း သွားသောကြောင့်ဖြစ်စေ၊ စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးရသည်ဖြစ်စေ ၂ နှစ်တကြိမ်၊ ၃ နှစ်တကြိမ် တောတွင်းတွင် ရွှေ့ပြောင်းနေထိုင်ကြရသည်။ ထိုတွေ့ဆုံမှု၏ ရည်ရွယ်ချက်မှာ လွန်ခဲ့သော လအနည်းငယ်က လက်မှတ်ရေးထိုးခဲ့သော အပစ်အခတ်ရပ်စဲရေးကို ယုံကြည်မှု တည်ဆောက်ရန် ဖြစ်သည်။ ထို အပစ်အခတ်ရပ်စဲရေးသည် ကမ္ဘာတွင် အရှည်ကြာဆုံးသော နှစ်ပေါင်း ၆၀ ကျော်ကြာ အဆက်မပြတ် ဖြစ်ပွားနေသော ပုန်ကန်မှုစစ်ပွဲကို ရပ်တန့်စေခဲ့သည်။
ကျေးရွာသားတဦးက သူနှင့် သူ့ရွာသားများ နေရပ်သို့ပြန်သွားပါက စစ်တပ်က ထပ်မံ မီးမရှို့ဟု အာမခံနိုင်သလားဟု သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဗိုလ်မှူးကြီးကို မေးသည်။ ထိုဒေသတွင် လက်ရှိ ဖြန့်ကြက်ထားသည့် တပ်ရင်းသည် လွန်ခဲ့သောနှစ်က ၎င်းတို့ကို တိုက်ခိုက်ခဲ့သည့် တပ်မဟုတ်ကြောင်း သိသောကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ရွာသားများက ထိုအစည်းအဝေးကို သဘောတူခဲ့သည်။ ဗိုလ်မှူးကြီးက သူ ကတိပေးနိုင်ကြောင်း ပြောသည်။ ထို့နောက် ခဏမျှ စကားရပ်သွားပြီး ရွာသားများက သူ့ကို မယုံကြောင်း သူသိသည်ဟု ပြောသည်။
ကျေးရွာသားတဦးက သူနှင့် သူ့ရွာသားများ နေရပ်သို့ပြန်သွားပါက စစ်တပ်က ထပ်မံ မီးမရှို့ဟု အာမခံနိုင်သလားဟု သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဗိုလ်မှူးကြီးကို မေးသည်။ ဗိုလ်မှူးကြီးက သူ ကတိပေးနိုင်ကြောင်း ပြောသည်။ ထို့နောက် ခဏမျှ စကားရပ်သွားပြီး ရွာသားများက သူ့ကို မယုံကြောင်း သူသိသည်ဟု ပြောသည်။
ထိုသို့ ဆွေးနွေးပြောဆိုမှုများကို ၂၀၁၂ ခုနှစ် ဧပြီလက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နေရပ်စွန့်ခွာ ကျေးရွာသားများကို နော်ဝေးနိုင်ငံက ထောက်ပံ့သည့် အစီအစဉ်တခုဖြစ်သည့် မြန်မာ့ငြိမ်းချမ်းရေး အထောက်အကူပြုအစီအစဉ် မူဘောင်အရ ပုန်းအောင်းနေရာ တောများအတွင်းမှ ထွက်လာကြရန် အားပေးနေခြင်းဖြစ်သည်။
ထိုကျေးရွာသားများသည် တောတွင်းမှ ထွက်လာကြပြီး နော်ဝေးမှ အထောက်အပံ့များ (မျိုးစေ့၊ ကိရိယာနှင့် သီးနှံရိတ်သိမ်းချိန်အထိ ရပ်တည်နိုင်မည့် အစားအသောက် အကူအညီ) များကို ရခဲ့ကြပြီး ၎င်းတို့လယ်များတွင် ပြန်လည် စိုက်ပျိုးကြရန် မူလလယ်မြေများအနီးတွင် အခြေချကြသည်။ နော်ဝေးနိုင်ငံက ထောက်ပံ့သော ထိုအစီအစဉ်သည် အပစ်အခတ်ရပ်စဲရေးတွင် ယုံကြည်မှု တည်ဆောက်ရေးအတွက် ကြားခံ သို့မဟုတ် အာမခံအဖြစ် ဆောင်ရွက်သည်။
ယနေ့တွင်မူ ထိုနေရာများကို ဗုံးများ ပြန်လည်ကြဲချနေသည်။ ထိုဒေသမှ ပြည်သူများသည် တောတွင်းသို့ ပြန်လည်ထွက်ပြေးရပြီး လွန်ခဲ့သောနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားသောတိုက်ပွဲများကြောင့် လူသိန်းချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
မြန်မာသည် ငြိမ်းချမ်းရေးမရနိုင်သည့် ဖြစ်ရပ်မဟုတ်ပေ။ ပြန်လည်တိုက်ခိုက်ကြခြင်းသည် မလွှဲရှောင်သာသည် မဟုတ်ပေ။ မြန်မာမှဖြစ်ရပ်များသည် တွက်ကိန်း တခုပြီးတခု အကြီးအကျယ် မှားခဲ့သော ဖြစ်ရပ်များသာ ဖြစ်သည်။ ငြိမ်းချမ်းရေးသည် ရယူရန် ခက်ခဲသည်။ ထိုလမ်းသည် ပြည်သူများ၏ ဒုက္ခကို အဆုံးသတ်ရန် အခြားတဘက်နှင့် ထိတွေ့ရသည့် အန္တရာယ်ကို စွန့်စားပြီး ယူရဲသော သတ္တိရှိသည့် အနာဂတ်ကို ကြိုတင်စီမံနိုင်သူများသာ လျှောက်လှမ်းနိုင်သောလမ်း ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပြတ်အသတ် နိုင်သည်ကို စိတ်ပျက်လက်ပျက် ဖြစ်ပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းလိုက်သည်။ စစ်တပ်သည် ၁၉၆၀ ပြည့်နှစ်များက စတင်ပြီး ၁၉၈၀ ပြည့်နှစ်များ နှောင်းပိုင်းနှင့် ၁၉၉၀ ပြည့်နှစ်များ အစောပိုင်းတွင် အလုပ်ဖြစ်ကာ သံဃာတော်များ ဦးဆောင်သည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကိုလည်း ကျော်လွှားနိုင်ခဲ့သည့် နည်းလမ်းဟောင်းများက အလုပ်ဖြစ်ဦးမည်ဟု ယုံကြည်နေသည်။
ငြိမ်းချမ်းရေးသည် ရယူရန် ခက်ခဲသည်။ ထိုလမ်းသည် ပြည်သူများ၏ ဒုက္ခကို အဆုံးသတ်ရန် အခြားတဘက်နှင့် ထိတွေ့ရသည့် အန္တရာယ်ကို စွန့်စားပြီး ယူရဲသော သတ္တိရှိသည့် အနာဂတ်ကို ကြိုတင်စီမံနိုင်သူများသာ လျှောက်လှမ်းနိုင်သောလမ်း ဖြစ်သည်။
သို့သော် အာဏာသိမ်းခေါင်းဆောင်က မြန်မာ့လူ့အဖွဲ့အစည်းသည် ၁၉၈၀ ပြည့်နှစ်များမှ စတင်ကာ အခြေခံကျကျ ပြောင်းလဲ ဖြစ်ပေါ်တိုးတက်လာပြီးဖြစ်သည် ဆိုသည့်အချက်ကို မစဉ်းစားခဲ့ပေ။ မြန်မာပြည်သူများ အထူးသဖြင့် လူငယ်များသည် ၂၀၁၁ ခုနှစ်တွင် နိုင်ငံတံခါးဖွင့်ခြင်းနှင့်အတူ ပါလာသည့် ယခင်နှင့်မတူသော လွတ်လပ်မှုကို မြည်းစမ်းဖူးသူများဖြစ်ပြီး ထိုလွတ်လပ်မှုများကို မစွန့်လွှတ်နိုင်ကြပေ။
လူငယ်များက စစ်တပ်ကို ပုန်ကန်ရာတွင် ဦးဆောင်ကြသည်။ ထိုသို့လုပ်ဆောင်ရာတွင်လည်း ၎င်းတို့သည် အယ်လ်ဂျီးရီးယား၊ ဘယ်လာရုစ်၊ ဘိုလီးဗီးယား၊ ချီလီ၊ အီဂျစ်၊ ပြင်သစ်၊ ဂျော်ဂျီယာ၊ ဟေတီ၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ အီရတ်၊ လက်ဘနွန်၊ ဆူဒန်၊ ထိုင်း၊ ယူကရိန်းနှင့် အမေရိကန်ပြည်ထောင်စုမှ ဥပမာများကိုပင် ယူကြသည်။ ထိုနိုင်ငံများတွင် ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို လူမှုကွန်ရက်မီဒီယာ ကျွမ်းကျင်သော မျိုးဆက်တခုက ဦးဆောင်ကြပြီး ယခင်ကထက် ပိုမို စည်းရုံးလှုပ်ရှားနိုင်ကာ စိတ်ပျက်စရာများကို ဖော်ထုတ်၍ မျှော်လင့်ချက်များကို ဆက်စပ်ပေးနိုင်ကြသည်။
စစ်ကောင်စီခေါင်းဆောင် အတွက်အချက်မှားခြင်းနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းရန် သူ၏ အမိန့်က စစ်တပ်သည် အလိုကြီးပြီး အရနည်းသွားကြောင်း ထင်ရှားသည်။
စစ်ကောင်စီခေါင်းဆောင် အတွက်အချက်မှားခြင်းနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းရန် သူ၏ အမိန့်က စစ်တပ်သည် အလိုကြီးပြီး အရနည်းသွားကြောင်း ထင်ရှားသည်။ ၁၈ လကြာသောအခါ ယခင်က တိုင်းရင်းသားနယ်မြေများတွင်သာ တွေ့ရလေ့ရှိသော လက်နက်ကိုင် တိုက်ပွဲများသည် ဗမာအများစုနေထိုင်ရာ နိုင်ငံအလယ်ပိုင်း ဒေသများသို့ပါ ပျံ့နှံလာပြီး မြန်မာသည် ယခင်က မကြုံဖူးလောက်အောင် မတည်မငြိမ်ဖြစ်လာသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီသည် ၎င်းတို့၏ ပြည်သူများအပေါ် အမြောက်များနှင့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသော်လည်း နိုင်ငံမှ အစိတ်အပိုင်းအများအပြားကို မထိန်းချုပ်နိုင်တော့ပေ။
ထိုသို့သော အခြေအနေများ အားလုံးအောက်တွင် အနောက်တိုင်းမှ အလှူရှင်များသည် ၎င်းတို့ တဦးချင်းစီ၏ တာဝန်ဝတ္တရားများကို ချိုးဖောက်ကြသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံတကာက အစောပိုင်း ပါဝင်ပတ်သက်မှုနှင့် အလှူရှင်များက ပါဝင်ပတ်သက်မှု၊ အကျိုးအမြတ်အဖြစ် ရရှိခဲ့သော မျက်နှာသာပေးခံရသည့် ရင်းနှီးမြှုပ်နှံမှုများ၊ အကျိုးအမြတ်များသော ကန်ထရိုက်စာချုပ်များ၊ ငြိမ်းချမ်းရေး ညှိနှိုင်းသူ ဆိုသည့် ခမ်းနားသည့်ပုံရိပ်များကို အနည်းငယ်သာ မှတ်မိကြပုံရသည်။
ယနေ့တွင်မူ ကျောက်ကြီးနှင့် အခြားဒေသများ၌ နော်ဝေးက ထောက်ပံ့သော ငြိမ်းချမ်းရေး အစီအစဉ်တွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သော မြန်မာနိုင်ငံသားအများအပြား အသက်လု ပြေးနေရသည်။ အများအပြားသည် တိုင်းရင်းသားလူမျိုးစု ထိန်းချုပ်ဒေသများတွင် ခိုလှုံနေကြပြီး လတ်တလော ပြင်းထန်သည့် အန္တရာယ်နှင့် ရင်ဆိုင်ရသူများသည် ခိုလှုံခွင့်တောင်းခံနေကြသည်။ သို့သော် ၎င်းတို့ ရရှိသည့်တုံ့ပြန်မှုမှာ ယူကရိန်းစစ်ပွဲက ကမ္ဘာ့အာရုံစူးစိုက်မှုကို ဖမ်းစားထားခြင်းဖြစ်သည်။
ထိုသို့သော တုံ့ပြန်မှုက အံ့အားသင့်စရာ ဖြစ်ပါသလား။ ထိုသို့သော စိတ်ဝင်စားမှု ကင်းမဲ့ခြင်းကြောင့် အာဖဂနစ္စတန်မှ နိုင်ငံတကာအားထုတ်မှုများတွင် အကျိုးပြုခဲ့သူ အာဖဂန်များကိုလည်း မကြာသေးမီက စွန့်ပစ်ခဲ့ကြသည်။
မစောင့်ဆည်းခဲ့သော ကတိများသည် မိမိတို့အား စွန့်ခွာခဲ့သူများအနေဖြင့် တန်ဖိုးတခုကို ပေးဆပ်စေသည်သာမက အနောက်တိုင်းအပေါ် ယုံကြည်မှုနှင့် ၎င်း၏ ကျင့်ဝတ်အဆင့်အတန်းကိုလည်း ကျဆင်းစေကြောင်း နားလည်ရန် လိုသည်။
လက်တွေ့ နိုင်ငံရေးသည် ဘဝ၏ တကယ့်အခြေအနေ ဖြစ်သည်။ သို့သော် မစောင့်ဆည်းခဲ့သော ကတိများသည် မိမိတို့အား စွန့်ခွာခဲ့သူများအနေဖြင့် တန်ဖိုးတခုကို ပေးဆပ်စေသည်သာမက အနောက်တိုင်းအပေါ် ယုံကြည်မှုနှင့် ၎င်း၏ ကျင့်ဝတ်အဆင့်အတန်းကိုလည်း ကျဆင်းစေကြောင်း နားလည်ရန် လိုသည်။ အနောက်နိုင်ငံများသည် ကြောင်သူတော်များဖြစ်သည်ဟု စွပ်စွဲသောအခါ မိမိတို့သည် ထိုအတိုင်းပင် အမှန်တကယ် ဖြစ်နေသောကြောင့် မအံ့သြသင့်ပါ။ ထို့အပြင် ယင်းကိစ္စသည် ဂုဏ်ယူရမည့်ကိစ္စလည်း မဟုတ်ပါ။ မိမိတို့သည် မိတ်ဆွေများကို မစွန့်ပစ်နိုင်သလို မစွန့်ပစ်ရပါ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Charles Petrie ၏ Myanmar Peace Activists Abandoned by International Community ကို ဘာသာပြန် ဖော်ပြသည်။ Charles Petrie သည် မြန်မာ့ငြိမ်းချမ်းရေး အထောက်အကူပြု အစီအစဉ်မှ ညှိနှိုင်းရေးမှူးဟောင်း၊ ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးဟောင်းနှင့် ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဌာနေညှိနှိုင်းရေးမှူးဟောင်း ဖြစ်သည်။)
You may also like these stories:
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေး
မြန်မာ့အခြေအနေ ပိုဆိုးလာ၊ အားထုတ် လုပ်ကိုင်ရန် လိုကြောင်း ကုလသမဂ္ဂနှင့် ASEAN ပြော
စစ်ကောင်စီတပ် ချည့်နဲ့နေပြီလား