ဆောင်းပါး

အာရှရဲ့ မီးဖိုချောင်ဖြစ်ဖို့ မြန်မာအတွက် အချိန်ရောက်နေပြီလား

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့ ကပ်ရောဂါ COVID-19 ကြောင့် နိုင်ငံတကာတွင် စားနပ်ရိက္ခာ လိုအပ်ချက်များ ရှိလာရာ မြန်မာအနေဖြင့် ကမ္ဘာ့ စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အခြေအနေတခုသို့ ရောက်ရှိနေပြီဟုဆိုရမည်။

လက်ရှိတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်ကပ်ရောဂါကို ခံစားနေသဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ကျဆင်း သွား သကဲ့သို့ နိုင်ငံတချို့တွင် မိုးခေါင်ခြင်း၊ ရေကြီးခြင်းနှင့် စိုက်ပျိုးခင်းများတွင် ကန္တာရကျိုင်းကောင် များ ကျရောက်ခြင်း တို့ကလည်း စိုက်ပျိုးထုတ်လုပ်မှုကို ကျဆင်းစေခဲ့သည်။

မြန်မာအတွက်မူ ယင်းအချက်များက ကိုဗစ်ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးကို ပြန်လည် ကောင်းမွန်ရန် အထောက် အကူပြုနိုင်မည့် အခွင့်လမ်းကောင်းဟု အစိုးရက ယုံကြည်ထားသည်။

တဖက်တွင်လည်း မြန်မာသည် ကိုဗစ်ကြောင့် ကုန်စည်စီးဆင်းမှု နှေးကွေးသွားပြီး၊ စိုက်ပျိုးရေး ထုတ်ကုန်များ ဈေးကွက် ထိခိုက်မှု၊ ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတမှု၊ ပြည်ပပို့ကုန်လမ်းကြောင်းများ ရပ်ဆိုင်းသွားမှု၊ ပြည်ပတင်ပို့မှု တုံ့ဆိုင်း သွားပြီး သိုလှောင်ထိန်းသိမ်းနိုင်မှု အခြေခံအဆောက်အအုံများ မပြည်စုံခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးတွင် တဖက်နိုင်ငံ၏ မူဝါဒ အပြောင်းအလဲနှင့် တင်းကျပ်စစ်ဆေးမှုများကြောင့် အခက်အခဲများက ရှိနေသည်။

သို့သော် အားသာချက်မှာ ကိုဗစ်ကာလအတွင်း မြန်မာ့စိုက်ပျိုးရေးမှာ ကျဆင်းသည့် အနေအထား မတွေ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် မြန်မာအနေနှင့် ကိုဗစ်ကာလနှင့် ယင်းအလွန်ကာလများတွင် လယ်ယာ စိုက်ပျိုးရေးဖြင့် စီးပွားရေး အခွင့် အလမ်း ကောင်းများ ဖော်ဆောင်နိုင်မည့် အခွင့်အရေးများကိုလည်း တဖက်မှ မြင်တွေ့နေရသဖြင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများကို ယခုကတည်းက ပြုလုပ်ရမည်ဖြစ်သည်။

အစိုးရ၏ စီမံဆောင်ရွက်ချက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒု အမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်းကတော့ ကိုဗစ်ကြောင့် အသွားအလာ ကန့်သတ်မှုများ ဖြစ်လာ၍ ဈေးကွက်အနေအထားအရ တုံ့ဆိုင်းကာ ရောင်းအား၊ ဝယ်အား အပေါ်သက် ရောက်မှု ရှိလာသဖြင့် စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းသွားနိုင်သလို ဝင်ငွေလည်း လျော့လာမည် ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရက COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (CERP) စီမံကိန်း လုပ်ထား ကြောင်း ဆိုသည်။

ယင်းCERP စီမံကိန်းတွင် လယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် Action Plan ၄ ခု ရှိပြီး ၂ ခုကိုမူ ယခု ကိုဗစ်ကာလ တွင် လုပ်ဆောင်ရမည်ဟု သိရသည်။

အဓိကအချက်များမှာ လယ်ယာစိုက်ပျိုးထုတ်လုပ်မှု မလျော့ကျစေရေးနှင့် ဝင်ငွေအခွင့်အလမ်း ကန့်သတ်ချက်များ ဆောင် ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ ရထားသည့် ငွေကျပ် ၉၂ ဘီလီယံကျော် သုံးစွဲခွင့်မှ မျိုးစေ့ထုတ် လုပ်ငန်းများတွင် ကန်ထရိုက် လယ်ယာစနစ်နှင့် တိုးမြှင့်ဆောင်ရွက်ခြင်း၊ ဝင်ငွေရရှိရေး အပိုင်းတွင် စိုက်ပျိုးရေး၊ ရေရရှိရေးတို့၌ လူအင်အား သုံး လုပ်ဆောင်ခြင်း၊ ကျေးလက်ဖွံ့ဖြိုးရေး အပိုင်းဖြစ်သည့် (လမ်းခင်းခြင်း၊ တံတားဆောက် ခြင်း) စသည့် လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်တို့ ဖြစ်သည်။

ဦးမျိုးတင့်ထွန်းက “ကျနော်တို့က အဓိက စောင့်ဆိုင်းနေ တာက နိုင်ငံတော် ဘဏ္ဍာငွေ ဖြစ်တယ်။ ခွင့်ပြုချက်က မူအားဖြင့်တော့ ရပြီ။ လုပ်ငန်းကတော့ ရရချင်းစမယ့် သဘောပါ ပဲ” ဟု ဆိုသည်။

အဆိုပါ လုပ်ငန်းများကို ယခုဘဏ္ဍာနှစ်၏ လက်ကျန် ၃ လအတွင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ကိုဗစ်အလွန်ကာလ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းကျောင်းရာတွင် ပြည်ပချေးငွေများနှင့် ဆက်လက်လုပ် ဆောင်မည်ဟု သိရသည်။

ယခုလုပ်ဆောင်မည့် စီမံကိန်းများသည် ကိုဗစ်အလွန် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ၌ တောင်သူလယ်သမားများ အတွက် ဝင်ငွေရရှိရေး၊ နည်းပညာ၊ ကုန်ထုတ်လုပ်မှု အပိုင်းများတွင် ထိထိရောက်ရောက် ရှိနိုင်သည်ဟု ဦးမျိုးတင့်ထွန်းက ဆို သည်။

ရာသီဥတု အခြေအနေအရ လက်ရှိ မိုးနည်းနေသေးသဖြင့် ရေရှိမှုအပိုင်းတွင်လည်း ပြီးခဲ့သည့် နှစ်ကတည်းက ဆည်ရေ နည်းသည့်အတွက် သီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းသည့် မျိုးစေ့အသုံးပြုရန် လိုအပ်နေရာ၊ ထို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက မျိုးစေ့ ထုတ်လုပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ပုဂ္ဂလိက လုပ်ငန်းရှင် များနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။

ယခုနှစ်အတွင်း လယ်ဧက ၂ သိန်းကို ကန်ထရိုက် လယ်ယာစနစ်ဖြင့် အစိုးရ၊ ပုဂ္ဂလိက၊ တောင်သူ ပူးပေါင်း လုပ်ဆောင် သွားရန် စီစဉ်ထားသည်။

လက်ရှိစိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍအတွက် အသုံးပြုခွင့် ရထားသည့် ငွေကျပ် ၉၂ ဘီလီယံကျော်ကို စောင့်နေသည့် အခြေအနေဖြစ်သည်။

ထို့အတူ နိုင်ငံတကာ စားနပ်ရိက္ခာ ဈေးကွက်ကို တိုးဖောက်ရန် မြန်မာအနေနှင့် မည်သည့် စိုက်ပျိုးရေး ထုတ်ကုန်ကို အဓိကထား ထုတ်လုပ်ရောင်းချမလဲဆိုသည့် အချက်က တောင်သူများကို စိန်ခေါ်လျက်ရှိ၏။

သို့ဖြစ်ရာ ပို့ကုန်ဈေးကွက်တွင် အလားအလာရှိသော သီးနှံတမျိုးချင်းစီကို ဖော်ထုတ်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနတို့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှသာ ဖြစ်မည်။

ရွာငံဒေသမှ ဂေါ်ဖီစိုက်ခင်းများ(ဇော်ဇော်၊ ဧရာဝတီ)

ပို့ကုန်အရည်အသွေးနှင့် သိုလှောင်မှု စနစ် မြှင့်တင်ရေး

လူတို့၏ စားသုံးမှု အရည်အသွေး သတ်မှတ်ချက်များ မြင့်လာသဖြင့် ပို့ကုန်ကုန်စည်များ၏ အရည်အသွေးနှင့် ပတ်သက်သော ပိုးမွှားသန့်စင်ကြောင်း သတ်မှတ်ချက်များ အချိန်မီ ဆောင်ရွက်ပေးရန် လိုအပ်နေသည်ဟု ပို့ကုန် လုပ်ငန်း ရှင်များက ထောက်ပြသည်။

ထို့အတွက် အခြောက်ခံစက်များ၊ သိုလှောင်ရုံစနစ်များကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်သလို သိုလှောင်ရုံ များတွင် ကုန်ပစ္စည်း အပ်နှံထားသော ကုန်အပ်လက်မှတ်ကို အခြေခံ၍ ဘဏ်ချေးငွေ လျှောက်ထားနိုင်အောင် လုပ်ဆောင် ပေးသင့်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆိုသည်။

ထို့အပြင် “တောင်သူလယ်သမားတွေအတွက် အရမ်း အရေးကြီးတဲ့ လယ်မြေမှာ ရာသီသီးနှံ ပြောင်းလဲစိုက်ခွင့်နဲ့ မွေးမြူ ရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ကို ပြင်ဆင် ရေးဆွဲထားတဲ့ လယ်ယာ မြေ ဥပဒေအရ ခွင့်ပြုပေးထားပေမယ့် ဒါကို လက်တွေ့မှာ ထိထိရောက် ရောက်လုပ်နိုင်ဖို့ ဝန်ကြီးဌာနက ဆောင်ရွက်ပေးဖို့ လိုပါတယ်” ဟု ၎င်းကထောက်ပြသည်။

တောင်သူ၏ အခန်းကဏ္ဍ

အာရှ၏ စားနပ်ရိက္ခာကို မြန်မာက ဖြည့်တင်းမည်ဆိုပါက လျစ်လျူရှု့ မထားသင့်သည့်အချက်မှာ တောင်သူ လယ်သမား များ၏ အခန်းကဏ္ဍဖြစ်ပြီး၊ စိုက်ပျိုးရေးထုတ်ကုန်များ နိုင်ငံတကာသို့ တင်ပို့ရာတွင် ကုန်သည်များ အကျိုးအမြတ် ရသလို စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများကိုလည်း သင့်တော်သည့် ဝင်ငွေတခု ရရှိ အောင် ဆောင်ရွက်ပေးရန် လိုပေသည်။

လက်ရှိ အခြေအနေတွင် တောင်သူများအနေဖြင့် ကြွေးမြီနှင့် နပမ်းလုံးနေရပြီး ပြင်ပမှ ချေးငွေဖြင့် လယ်ယာပြုပြင်ခြင်း၊ လယ်ယာသုံး စက်ကရိယာများ ဝယ်ယူရခြင်းများ ပြုလုပ်နေရသည်။

မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က “အခု အစိုးရပေးတဲ့ ချေးငွေက အများဆုံးချေးငွေ ကျပ် ၅ သောင်းကနေ ၅ သိန်း ဆိုတာ မွေးမြူရေးလုပ်ရင်တောင် နွားမ တကောင်တောင် ဝယ်လို့ မရပါဘူး။ အဲဒီတော့ ပေးတယ်ဆိုတာ ကြားလို့တော့ ကောင်းတယ်။ သူတို့လည်း ပိုက်ဆံတွေ အများကြီးကုန်တယ်။ ဒါပေမယ့် အမည် တပ်ရုံ လောက်ပဲ ရမယ်။ တကယ်က အဲဒီလို လုပ်လို့ မရဘူး”ဟု ထောက်ပြသည်။

ထိုသို့သော အစီအမံများကို အစိုးရအနေနှင့် မဖော်ထုတ်သရွေ့ တောင်သူလယ်သမားဘဝ ဖွံ့ဖြိုးရေးနှင့် ခေတ်မီလယ်ယာ စိုက်ပျိုးရေးသွားမည်ဟု ကြွေးကြော်နေသည်မှာ အပြောသာရှိပြီး အလှမ်းဝေးနေဆဲပဲ ဖြစ်နေမည်ဟု ၎င်းက သုံးသပ်သည်။

လက်ရှိ တောင်သူလယ်သမား အများစုသည် အကြွေးနွံနစ်သည့် အခြေအနေရှိသဖြင့် အစိုးရအနေနှင့် သီးနှံဈေးကွက်များ ကောင်းမွန်အောင် လုပ်ပေးသင့်သည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ လယ်သမား ဦးအောင်ကလည်း ပြောသည်။

“အစိုးရအနေနဲ့ အရင်းအနှီးကို အတိုးနှုန်း နည်းနည်းနဲ့ လုံလုံလောက်လောက် ပေးသင့်တယ်။ အစိုးရမှာ ချေးစရာ မရှိရင် တောင် ဥပမာ နိုင်ငံခြားက ဘဏ်လာ ဖွင့်ပြီးတော့ နှစ်ရှည် အတိုးနှုန်း သက်သက်သာသာနဲ့ ရင်းနှီးမြှုပ်နှံမူ လုပ်မယ့်သူ တွေကို လွယ်လွယ်ကူကူနဲ့ ဘယ်လုပ်ငန်းဘယ်လို လုပ်ရမယ်ဆိုပြီး အစီအမံတွေနဲ့ လုပ်သင့်တယ်”ဟု ၎င်းက ပြောသည်။

သစ်သီးဝလံကဏ္ဍ လျစ်လျူရှုမရ

မြန်မာ့ပို့ကုန်သည် ဆန်နှင့် ရေထွက်ကုန်ပစ္စည်းကို အဓိကထားသည် ဆိုသော်လည်း သစ်သီးဝလံ တင်ပို့မှုသည်လည်း နိုင်ငံ့ဝင်ငွေကို ဒေါ်လာသန်းရာနှင့်ချီ၍ ရှာပေးနေသည့် အခြေအနေ ဖြစ်သည်။

သစ်သီးဝလံ တင်ပို့မှု အနေနှင့် ဖရဲသီး၊ သခွား‌‌မွှေး ၊တစ်သျှူးငှက်ပျော၊ သရက်သီး၊ လိမ္မော်သီး၊ ငှက် ပျောသီး (ရိုးရိုး)၊ နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကောသီး၊ ဇီးသီး ၊ ပန်းသီး(ချင်းတောင်)၊ အုန်းသီး၊ သံပုရာသီး၊ ပင်မှည့်သီး ၊ ဒူးရင်းသီး၊ ပိန္နဲသီး၊ မက္ကဒေးမီးယား ၊ စပျစ်သီး အစရှိသည့် သစ်သီးများမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး နိုင်ငံဝင်ငွေ ရှာဖွေ ပေးလျက်ရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများ အရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇွန်လ ၁၉ ရက်အထိ လယ်ယာထွက်ကုန်ကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ ၂၉၆၉ ဒသမ ၆၁၁ သန်း ရှာဖွေပေးနိုင်ခဲ့ရာ အခြားသော သီးနှံကဏ္ဍကလည်း အမေရိကန် ဒေါ်လာ သန်း ၄၀၀နီးပါး နိုင်ငံဝင်ငွေ ရှာဖွေ ပေးလျက်ရှိသဖြင့် သစ်သီး ဝလံစိုက် တောင်သူများ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ရန်လိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး တောင်သူ ဦးစိုးမောင်က “အခုကာလမှာတော့ ငရုတ်စိုက်တဲ့ တောင်သူကို မချေးဘူး။ သီးနှံစိုက်တဲ့ တောင်သူကို ချေးတာ။ မြန်မာ့ စိုက်ပျိုးရေးဘဏ်က ချေးတဲ့ငွေက သီးနှံကို ချေးတာ။ သစ်သီးဝလံ စိုက်ပျိုးတဲ့သူကို ချေး တာ မပါဘူး။ ဖရဲ၊ သခွားတို့ ငရုတ်တို့က ကြားကျနေတာ။ မျက်ကွယ်ပြုခံနေရတာ” ဟု ပြောသည်။

ထို့ကြောင့် ခေတ်မီလယ်ယာ စိုက်ပျိုးရေး စနစ်သို့ ဦးတည်ပြီး ဆောင်ရွက်မည်ဆိုလျှင် စပါးစိုက် တောင်သူများသာမက အခြား သစ်သီးဝလံစိုက် တောင်သူများကိုလည်း စိုက်ပျိုးစရိတ်ချေးများ နည်းပညာများ ပံ့ပိုးရန် လိုအပ်နေသည်။

နိုင်ငံတကာဈေးကွက်ဝင်ရန် ထုတ်ကုန်အရည်အသွေးလိုအပ်

တောင်သူလယ်သမားများအနေနှင့် အရင်းအနှီးဆိုသည့် လိုအပ်ချက် တခုတည်း မဟုတ်၊ လယ်ယာထွက်ကုန်ပစ္စည်း များကို ကျန်းမာရေးနှင့်အညီ စိတ်ချရပြီး အရည်အသွေးမီသော ထုတ်ကုန်များထုတ်လုပ်ကာ နိုင်ငံတကာ ဈေးကွက်တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်စွမ်းရှိရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့်လည်း ဆောင်ရွက်ပေးရန် လိုအပ်နေသည်။

တောင်သူလယ်သမားများ သက်သာချောင်ချိရေး အတွက်မူ တည်ငြိမ်သော ဈေးကွက်၊ ထုတ်ကုန်ပစ္စည်းကို ထိုက်သင့် သော အကျိုးအမြတ်တခုနှင့် ဈေးရအောင် လုပ်ပေးရမည်ဟု မုတ်သုံ ကျေးလက်အဖွဲ့ ဖွံ့ဖြိုးရေး ဒါရိုက်တာ ဒေါက်တာ သောင်းထွန်းက ထောက်ပြသည်။

“အရေအတွက်အရ ထုတ်လုပ်မှု တခုထဲကို မြှင့်တင်တဲ့ အရင်က ကျင့်သုံးတဲ့ ပေါ်လစီကနေ အရည်အသွေး အဆင့် အတန်း မြှင့်မားတဲ့ ပေါ်လစီနဲ့ ဈေးကွက်ကို တင်ပို့ဖို့ သိုလှောင် ကြိတ်ခွဲ ရောင်းချ စတဲ့ ဖြစ်စဉ် တခုလုံးပါတဲ့ Supply Change ရဲ့ အားနည်းချက်တွေကို ပြောင်းလဲဖို့ လိုတယ်”ဟု ၎င်းက ရှင်းပြသည်။

လယ်ယာ ထွက်ကုန်များအတွက် ကြိတ်ခွဲ ထုတ်လုပ်သည့် စက်များ၏ အရည်အသွေး၊ ကုန်ပစ္စည်း၏ ကျန်းမာရေး ဆိုင်ရာ စစ်ဆေး သိုလှောင်ထိန်းသိမ်းထားမှု၊ သုတေသန ဈေးကွက် ချိတ်ဆက်မှုများ အပြင် မြန်မာ့ စိုက်ပျိုးရေး ထွက်ကုန်များကို နိုင်ငံတကာ သိလာအောင် ကုန်စည် ပြပွဲများကိုလည်း များများ လုပ်ဆောင်ပေးရန် စသည့် အချက်များ လိုနေသည်ဟု ဒေါက်တာသောင်းထွန်းက သုံးသပ်သည်။

ထို့အတွက် တောင်သူတို့ လုပ်ဆောင်ရမည့် ကဏ္ဍ၊ ပုဂ္ဂလိက လုပ်ငန်းရှင် လုပ်ဆောင်ရမည့် ကဏ္ဍနှင့် အစိုးရ ဆောင်ရွက် ရမည့် ကဏ္ဍ အစရှိသဖြင့် စီမံကိန်းကဏ္ဍများ ချမှတ်၍ ပြုပြင် ပြောင်းလဲမှုများကို ဆောင် ရွက်ရန်လိုကြောင်း ဒေါက်တာသောင်းထွန်းကဆိုသည်။

“ကျနော်တို့ နိုင်ငံက ပွင့်ပွင့်လင်းလင်းပြောရရင် ဟန်ပြတွေ များတယ်။ လူကြီးလာရင် အပြကောင်းတဲ့ နေရာလေး နည်း နည်းပါးပါး လုပ်ထားမယ်။ ကျန်တာတွေကို ဖောင်းပွတဲ့ ကိန်းဂဏန်းတွေနဲ့ တင်ပြမယ်။ ဒါကို ပြောင်းလဲဖို့ လိုတယ်။ အိပ်မက်ထဲမှာ နေနေလို့တော့ မဖြစ်တော့ဘူး။ လူကြီးတွေက လက်တွေ့သိအောင် ကြိုးစားဖို့ လို သလို အောက်က လူကလည်း သတ္တိရှိဖို့ လိုလာပြီ” ဟု ၎င်းက ပြောသည်။

အစိုးရ၊ ပုဂ္ဂလိက၊ တောင်သူ ပူးပေါင်းဆောင်ရွက်သည့် လမ်းကြောင်းများ မှန်ကန်လျှင် နိုင်ငံတကာဈေးကွက် လမ်း ကြောင်းပေါ်သို့ တောင်သူများ ရောက်ရှိနိုင်မည်ဖြစ်ပြီး ကြွေးမြီကင်းလွတ်၍ ဘဝဖွံ့ဖြိုးမှုကို ဦးတည်နိုင်ပေမည်။

မြန်မာ့ ဖရဲများ / ဧရာဝတီ

ကိုဗစ်က အခွင့်အလမ်းကောင်းလား စိန်ခေါ်မှုလား

ကိုဗစ်သည် တောင်သူများ အတွက် စိန်ခေါ်မှုများ ရှိသကဲ့သို့ အခွင့်အလမ်းများလည်း ရှိလာကြောင်း စိုက်ပျိုးရေး ပညာရှင် များ၊ ကုန်သည် စီးပွားရေး လုပ်ငန်းရှင်များနှင့် လယ်သမားက ဆိုကြသည်။

ဆန်စပါး ကုန်သည် ဦးတင်မောင်က “ကျနော်တို့ရဲ့ ကုန်ကြမ်းရောင်းတဲ့ အခြေအနေကနေ ပြီးတော့ ကုန်ချော ရောင်းတဲ့ အနေအထားတွေ ဖြစ်အောင် COVID 19 က ဖိအားပေး လိုက်တယ်လို့ ကောင်းတဲ့ဘက်က တွက်ရင် မြင်တယ်။ အရင်ပုံစံ အတိုင်း သွားနေရင် မရတော့ဘူး။ ငါတို့ ပြောင်းပြီး လုပ်ရတော့မယ်။ တတ်နိုင်သမျှ ရှိတဲ့ လူအင်အား အရင်းအမြစ်၊ ငွေကြေး အင်အားနဲ့ ပြောင်းလို့ရနိုင်တဲ့ မော်ဒယ်တွေကို လုပ်ဖို့ တွန်းအား ပေးလိုက်တာ ဖြစ်တယ်” ဟု ပြောသည်။

အာရှ မီးဖိုချောင် ဖြစ်နိုင်သလား

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနှင့် စိုက်ပျိုးရေး ဈေးကွက်သစ်များ ရှာဖွေရန် စီးပွားရေး သံမှူး များကို တရုတ်(ပေကျင်း)၊ တရုတ်(နန်နင်း)၊ တရုတ်(ဟောင်ကောင်)၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယ၊ အမေရိကန် ပြည်ထောင်စုနှင့် ဘယ်လ်ဂျီယံနိုင်ငံ အစရှိသည့် နိုင်ငံများသို့ စေလွှတ်၍ ဈေးကွက်သစ်များ ရှာဖွေနေသည်။

စီးပွားရေး သံမှူးများ အနေဖြင့် COVID-19 ကာလနှင့် ယင်းအလွန် ကာလများတွင် အခြားနိုင်ငံများ၏ စီးပွားရေး ပြန်လည် နလန်ထူရေးအတွက် ဆောင်ရွက်ချက်များနှင့် ဈေးကွက် အခြေအနေများကို စဉ်ဆက်မပြတ် လေ့လာပြီး အစီရင်ခံစာများ တင်ပြသွားရန်အတွက် လုပ်ဆောင်နေခြင်း ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဦးခင်မောင်လွင်က “တရုတ် နန်နင်းဘက်မှာ ဈေးကွက် လိုအပ်နေတာတွေ ရှိတယ်။ သက်ဆိုင်ရာ နိုင်ငံတွေအလိုက် စီးပွားရေး သံမှူးတွေက ဆောင်ရွက်ဖို့ လုပ်နေ တယ်။ စင်ကာပူလိုဟာမျိုးကို အခု သရက်သီး ပို့နေတယ်။ ဖရဲသီးတို့လည်း ပို့မယ်ဒါမျိုး ဈေးကွက် ချဲ့ထွင်နိုင်အောင် လုပ်နေတယ်”ဟု ပြောသည်။

သို့သော် ခေတ်အဆက်ဆက် အစိုးရ အဆက်ဆက်က လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အားပေး လုပ်ဆောင်ကြသော်လည်း အရာမထင် ဖြစ်ခဲ့သည်ဟု လုပ်ငန်းရှင်များက ဝေဖန်ပြောဆိုကြသည်။

မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူး ဦးရဲမြင့်မောင်က “အခုကတော့ လုပ်ရင် အရာထင်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာ ဈေးကွက်က မီးဖိုချောင် စားသောက်ကုန်ပေ့ါ။ ကျနော် တို့က အာရှရဲ့ မီးဖိုချောင် ဖြစ်ချင်တာလေ။ ဒါကြောင့် ကုန်ချော၊ ကုန်ကြမ်းရောအပြင် ဖြစ်နိုင်ရင် တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ် တင်ပို့ပြီးလုပ်ရင် ဒါက ဝင်ငွေ အမြန်ဆုံး ရနိုင်မယ့် နည်းလမ်းဖြစ်တယ်” ဟု ရှင်းပြသည်။

ဥပမာအားဖြင့် ဈေးကွက်ရှိသည့် အာရှနိုင်ငံများဖြစ်သော ကိုရီးယား၊ ဂျပန် နိုင်ငံတို့၏ စားသောက်ကုန်က ၇၀ ရာခိုင်နှုန်း ကနေ ၈၀ က ပြည်ပနိုင်ငံများက မှာယူရသည့်အတွက် အခုလို ဈေးကွက်မျိုးကို မြန်မာနိုင်ငံအနေနှင့် အခြားနိုင်ငံများ ယခု အချိန်တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု ၎င်းက ပြောသည်။

“သူတို့ နိုင်ငံတွေက တရုတ်ပြည်ကနေ အများဆုံး ဝယ်စားကြတဲ့ နိုင်ငံတွေ ဖြစ်တဲ့အတွက် အခု ဒီအပိုင်းမှာ ကျနော်တု့ိက ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ်။ ဒါက အရှေ့ဘက်ဖြစ်တယ်။ အနောက်ဘက်မှာဆိုရင်လည်း ဥရောပတို့ အမေရိကတို့ ရှိတယ်” ဟု ဦးရဲမြင့်မောင်က ဈေးကွက် အခြေအနေကို သုံးသပ်သည်။

ယင်းသို့ ဈေးကွက်များရှိသော်လည်း တင်ပို့မည့် ကုန်ပစ္စည်း၏ အရည်အသွးအပြင် Certificate များ လိုအပ်ပြီး ထိုလိုအပ် ချက်များကို ထုတ်ပေးမည့် တတိယအဖွဲ့အစည်းကလည်း မြန်မာမှာလိုနေကြောင်း ထောက်ပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ဓာတ်ခွဲခန်းများအားလုံးကို ချိတ်ဆက်ထားသည့် အဖွဲ့အစည်းကို အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) က ဦးဆောင်လုပ်နေမှုလည်း ရှိနေပြီ ဖြစ်သော်လည်း ယခုထက်ပို၍ အရည်အသွေး သတ်မှတ် ချက် အာမခံချက်ပေးနိုင်သော ဓာတ်ခွဲခန်းများများလိုအပ်သည့် အပြင် အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းများ ကို ပို၍ ထောက်ပံ့ပေးနိုင်သည့် ကူညီပံ့ပိုးမှုများ လိုအပ်နေသည်။

ယခုအချိန်သည် ကိုဗစ်၏ အခက်အခဲ ကာလ ဖြစ်သော်လည်း ကိုဗစ်၏ ရွေးချယ်မှု အနေနှင့် စားသောက်ကုန်နှင့် လယ်ယာ ထွက်ကုန်များကို ဈေးကွက်ထိုးဖောက်ရမည်လည်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

စီးပွားရေးလုပ်ငန်းရှင် တဦးက“တခုတော့ရှိတယ်။ မြန်မြန်ဆန်ဆန် လုပ်ဖို့လိုတယ်။ Plan ကြီး ချပြီးတော့ ၅ နှစ်၊ ၁၀ နှစ် လုပ်လို့ မဖြစ်ဘူး။ အရှိန်က အရေးကြီးတယ်။ အမြန်နှုန်းတင်နိုင်ဖို့ လိုတယ်။ ဒါဆိုရင်တော့ ကျနော်တို့ နိုင်ငံခြား ဈေးကွက် ဝေစုရမယ်။ ဝေစုရလေ များများ ထုတ်လုပ်နိုင်လေပဲ” ဟု သုံးသပ်ပြောဆိုသည်။

ပြည်တွင်း ဈေးကွက်အနေဖြင့် သွားလျှင် လူဦးရေပေါင်း ၅၅ သန်း ဝေစုသာရှိသဖြင့် ဝင်ငွေ များများရလိုလျှင် နိုင်ငံခြား ဈေးကွက် ဝေစုများများ ရမှ ဝင်ငွေကောင်းမည်ဟု ၎င်းကဆက်ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းကလည်း COVID 19 အလွန်နှင့် ယခုကာလတွင် နိုင်ငံ့စီးပွားရေး အခွင့်အလမ်းအနေဖြင့် ခေတ်မီ စိုက်ပျိုးရေး စနစ်ဖြင့် တိုးတက်စေရန် လုပ်ဆောင်သင့်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံနှင့် ဆွေးနွေးရာ၌ တင်ပြထားသည်။

ပို့ကုန်ကဏ္ဍတွင် ကိုဗစ်ကာလအတွင်း တိုးတက်မှုရှိသည်ဟု ဆိုနိုင်ပြီး တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာ၌ ယခင်က ကုမ္ပဏီ ၁၁ ခုကသာ တင်ပို့နိုင်သော်လည်း ယခုအချိန်တွင် ကုမ္ပဏီ ၄၃ ခု နှင့် ဆန်စက်ပေါင်း ၇၆ ခုက တင်ပို့ခွင့်ရကာ သစ်သီး ဝလံ အနေနှင့်လည်း ၈ မျိုးကို တရားဝင် တင်ပို့ခွင့်ရသည့်အပြင် ငှက်ပျော်သီးနှင့် ကျွဲ၊ နွားအရှင်နှင့် ရေထွက်ပ စ္စည်းများ တရားဝင် တင်ပို့ရန် ညိုနှိုင်းမှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူက နယ်စပ်ကုန်သွယ်ရေးပိုင်းတွင် တရုတ်နိုင်ငံ၏ အကန့်အသတ်များကြောင့် အားနည်းချက် ရှိသော်လည်း ပင်လယ်ရေ ကြောင်းနှင့် စုစုပေါင်း ကုန်သွယ်မှုကို ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက လျှော့နည်းသွားခြင်း မရှိကြောင်း ဆိုသည်။

“ကုန်သွယ်မှု ကျဆင်းမသွားတာက လယ်ယာကဏ္ဍကျင်းဆင်းသွားတာ မရှိလို့ ပဲ ဖြစ်တယ်။ အထွက်နှုန်းလည်း ကောင်း တယ်။ တင်ပို့မှုကလည်း ကောင်းတယ်။ နိုင်ငံတော် အတိုင်ပင်ခံ အပါဝင် လူကြီးတွေက ကိုဗစ် အလွန်မှာ မြန်မာနိုင်ငံကို စားသောက်ကုန်ထုတ်လုပ်တဲ့ နိုင်ငံကြီးတခု အဖြစ် ဖြစ်စေချင်တယ်။ ဖြစ်အောင်လည်း လုပ်နိုင်မယ်လို့ မျှော်လင့်တယ်”ဟု ၎င်းက ရှေ့ဆက်သွားမည့် မြန်မာ့စီးပွားရေး အခြေအနေကို ပြောပြသည်။

အဆိုပါ စားသောက်ကုန်လုပ်ငန်းများ ထုတ်လုပ်တင်ပို့နိုင်သည့် နိုင်ငံတခု ဖြစ်စေရန် စက်မှုကဏ္ဍနှင့် ချိတ်ဆက်၍ တန်ဖိုး မြှင့် ထုတ်ကုန်များ ထုတ်လုပ် တင်ပို့ခြင်း၊ တန်ဖိုးမြှင့် ထုတ်လုပ်မည့် သီးနှံများ၏ အရည်အသွေး အစ ရှိသည်တို့ကို တိုးမြှင့် ဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံသည် ကိုဗစ်အလွန်တွင် စားသောက်ကုန် ထုတ်လုပ် တင်ပို့နိုင်သည့် နိုင်ငံတခု ဖြစ်လာမည် တွေ့ရကြောင်း ဦးမျိုးသူက သုံးသပ်သည်။

ထိုသို့ ကိုဗစ်ကာလအလွန်၌ အာရှ၏ မီးဖိုချောင်ဖြစ်စေရန် အစိုးရ၊ ပုဂ္ဂလိကနှင့် တောင်သူများက ပူးပေါင်း ဆောင်ရွက်ပါက နိုင်ငံတကာ ဈေးကွက်ကို အမိအရ ဆုပ်ကိုင်နိုင်မည် ဖြစ်လေသည်။ ။

ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်

You may also like these stories:

ပုဂံ ယွန်းထည်လုပ်ငန်း အသက်ငင်နေပြီ

ဆိုလာလျှပ်စစ်စီမံကိန်းတင်ဒါ တရုတ်ကုမ္ပဏီ အများဆုံး ဝင်ပြိုင်

ဂျပန်သို့ မြန်မာလုပ်သားစေလွှတ်မှု ပြန်လည်စတင်ရန် မျှော်လင့်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading