ကိုရိုနာဗိုင်းရပ်စ် အရေး စိုးရိမ်ရမှုတွေကြောင့် အခုလအတွင်းမှာ ကျင်းပမယ့် Paris Fashion Week ကို ပရိသတ် မပါဘဲ ကျင်းပသွားမယ်လို့ ပြင်သစ်ဖက်ရှင်ပွဲ ကျင်းပရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြောဆိုခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားမှုကြောင့် ဇိမ်ခံပစ္စည်း ကုမ္ပဏီတွေအနေနဲ့ အခုရာသီမှာ ပြုလုပ်မယ့်ပွဲတွေမှာ ပရိသတ်တွေကို ဖိတ်ကြားခွင့်ရရှိမှာ မဟုတ်ကြောင်း Federation de la Haute Couture et de la Mode အဖွဲ့က ပြောဆိုခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အေပီသတင်းဌာနကို ပေးပို့တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖက်ဒရေးရှင်းအဖွဲ့က Paris Fashion Week မှာ အများပြည်သူ စုရုံးမှုကို ခွင့်ပြုမှာ မဟုတ်ကြောင်း၊ မော်ဒယ်များနဲ့ လျှောက်လှမ်းပြသမယ့် ရှိုးပွဲများကို တိုက်ရိုက် Live သာ ထုတ်လွှင့်ခွင့်ရရှိမှာ ဖြစ်ပြီး တံခါးပိတ်သာ ပွဲကျင်းပခွင့်ရရှိမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပဲရစ်မြို့တော်မှာ Lockdown ကန့်သတ်မှု ပြုလုပ်ထားခြင်း မရှိပေမယ့် ည ၈ နာရီနောက်ပိုင်း ကာဖျူးအမိန့်ထုတ်ထားခြင်း အပါအဝင် နိုင်ငံတဝန်း လှုပ်ရှားသွားလာမှုတွေအပေါ် တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ချမှတ်ထားပါတယ်။ အဲ့ဒီစည်းမျဉ်းတွေကို ထပ်ခါတလဲလဲ ကျူးလွန်သူတွေကတော့ ထောင်ဒဏ် ၆ လအထိ ကျခံရမှာလည်း ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် Lockdown ကန့်သတ်ချက်ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ အဆုံးသတ်ခဲ့ပေမယ့် စားသောက်ဆိုင်၊ ဘား၊ ရုပ်ရှင်ရုံနဲ့ ပြတိုက်တွေကိုတော့ ပိတ်ထားရဆဲ ဖြစ်ပါတယ်။
အီတလီ ဖက်ရှင်ကောင်စီအနေနဲ့ Live ရှိုးတွေကို ပြုလုပ်ခွင့် ပြုထားပေမယ့် Milan Fashion Week မှာတော့ ထိပ်တန်း Brand တွေဟာ သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပြသတဲ့နေရာမှာ ဧည့်သည်၊ သတင်းမီဒီယာနဲ့ ဓာတ်ပုံသမားတွေ တက်ရောက်ခွင့် မပြုထားပါဘူး။ မီလန်မြို့တည်ရှိရာ Lombardy အရပ်မှာတော့ နောက်တထပ် တစိတ်တပိုင်း Lockdown ကန့်သတ်မှု ချမှတ်ခံရဖို့ ရှိနေပါတယ်။
Fendi, Dolce&Gabbana နဲ့ Etro တို့လိုဖက်ရှင် ကုမ္ပဏီတွေကတော့ သူတို့ရဲ့ ရှိုးပွဲတွေမှာ ဧည့်သည်တော်တွေ ပါဝင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ အရည်အသွေးမြင့် ပွဲတက်အဝတ်အစားကုမ္ပဏီ K-way ရဲ့ ကိုယ်စားလှယ်တွေကတော့ ရှိုးပွဲလုပ်ဖို့ စီစဉ်ထားပေမယ့် သတင်းမီဒီယာရဲ့ အမေးကို တုံ့ပြန်ဖြေဆိုတာမျိုး မရှိသေးပါဘူး။
Milan Fashion Week ကို ပုံမှန်ထက် အနည်းငယ် နောက်ကျပြီး ဇန်နဝါရီလ ၁၅ ရက်ကနေ ဇန်နဝါရီလ ၁၉ ရက်အထိ ပြုလုပ်ဖို့ စီစဉ်ထားပြီး Band ပေါင်း ၄၀ အထိ ပါဝင်ပြသဖို့ ရှိနေပါတယ်။
Ref: AP
You may also like these stories:
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာတဲ့ သူဌေးကြီး Elon Musk
တိုကျိုနဲ့ အနီးဝန်းကျင် ၃ နေရာကို အရေးပေါ်အခြေအနေ ကြေညာ
အမေရိကန် Capitol အဆောက်အဦ စီးနင်းမှုအကြောင်း ပြောခဲ့ကြတဲ့ အနုပညာရှင်များ