သတင်း

တပ်မတော်၏ပြောဆိုချက်များသည် မီဒီယာများ လုပ်စားရန် မဟုတ်ဟု ဗိုလ်ချုပ် ထွန်းထွန်းညီ ပြော

Want create site? Find Free WordPress Themes and plugins.

တပ်မတော်က သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ ရှင်းလင်းပြောဆိုမှုများ လုပ်ဆောင်နေခြင်းမှာ မီဒီယာများ လုပ်စားရန် မဟုတ်ဘဲ ပြည်သူလူထု အနေဖြင့် ဆုံးဖြတ်ပေးနိုင်အောင် ရည်ရွယ်ခြင်း ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူတဦးက ယမန်နေ့ နေပြည် တော်၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

“မီဒီယာနဲ့ ကျနော်တို့ တွေ့ဆုံပြီးတော့ ပြောဆိုတာ မီဒီယာအတွက်ကို ကျနော်တို့က မီဒီယာအတွက် အရပ်စကားနဲ့ ပြောရရင် ကျ နော်တို့ ပြောတဲ့ ပြောကြားချက်တွေကို မီဒီယာ လုပ်စားဖို့ မဟုတ်ပါဘူး။ ပြည်သူလူထုသိဖို့ မီဒီယာ ပြောကြသလိုပဲ ပြည်သူလူထု က ဆုံးဖြတ်ပေးနိုင်အောင်လို့ ကျနော်တို့က ပြောတာ ဖြစ်ပါတယ်”ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။

ထို့ပြင် တပ်မတော်၏ သတင်းစာ ရှင်းလင်းပွဲများတွင် မီဒီယာများကို သိစေချင်၍ ရှင်းလင်း တင်ပြ ခြင်း ဖြစ်သော်လည်း တချို့ မီဒီ ယာများသည် ၎င်းတို့၏ ပြောဆိုချက်များကို စုံစုံလင်လင် ဖော်ပြပေး ခြင်း မရှိကြောင်း၊ ပြည်သူလူထုက မှန်မှန် ကန်ကန်နှင့် တပ် မတော် အပေါ်မှာ ရှု့ မြင်နိုင်သည့် အချက် များကို လိုအပ်သလို ပြင်ဆင်ပြီး ထုတ်နုတ်ဖော်ပြ ရေးသားနေခြင်းများကို စိတ်မကောင်း စရာ တွေ့ရ သည်ဟု အဆိုပါ ဗိုလ်ချုပ်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ပြုလုပ်ခဲ့သည့် တပ်မတော်၏ သတင်းစာ ရှင်းလင်းပွဲတွင် တပ်မတော်က ဆောင်ရွက်ခဲ့ သည့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ၊ အသက်ခန္ဓာ စွန့်လွှတ်ခဲ့ရသည့် စစ်သားများ အတွက် ဆောင်ရွက်ပေးခဲ့ရသည့် လုပ်ငန်းများ၊ သဘာဝ ဘေး အန္တရာယ် ဖြစ်ပွားရာ ဒေသများတွင် တပ်မတော်သား မိသားစုများမှ ကူညီထောက်ပံ ပေးနိုင်ခဲ့မှုများ အကြောင်း ပြောကြားချက်များ ကို မီဒီယာများက မဖော်ပြခဲ့ဟု ဆိုသည်။

တပ်မတော် (ရေ)၊ တပ်မတော် (လေ)တို့မှ အာဆီယံ အိမ်နီးချင်း နိုင်ငံများနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်များ၊ သယ်ယူပို့ဆောင် ရွေ့ပြောင်းပေး နိုင်မှုများ၊ လူ့စွမ်းအား အရင်းအမြစ်များ မြင့်တင်နိုင်ရေး ဆောင်ရွက်ပေးမှုများ၊ ဘိန်းခင်း ဖျက်ဆီးနိုင်မှု နှင့် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု များကိုလည်း မီဒီယာများတွင် ဖော်ပြ ပေးခဲ့ခြင်း မရှိကြောင်း မနေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပရိုဂျက်တာဖြင့် ပြသခဲ့သည်။

“ဒီအပေါ်မှာ အားလုံးက မှန်မှန်ကန်ကန်နဲ့ မျှမျှတတနဲ့ အားလုံးရဲ့ အကျိုးစီးပွားကို ကြည့်ပါ။ ကျနော်တို့က နိုင်ငံတော်နဲ့ ပြည်သူလူ ထု အကျိုးစီးပွားကို ကြည့်တာ အဲ့ဒီအထဲမှာ အကုန်ပါတယ်။ ကျနော်တို့လည်း ပါတယ်။ ခင်ဗျားတို့လည်းပါတယ်။ ကျနော်စကား ပြောတဲ့ အချိန်မှာ ရှင်းပြတဲ့ အချိန်မှာ မီဒီယာတွေ အပေါ်မှာလည်း သံသယစိတ် မရှိပါဘူး”ဟု ဗိုလ်ချုပ် ထွန်းထွန်းညီက ပြော သည်။

သတင်းစာ ရှင်းလင်းပွဲများ၌ သတင်းဖြစ်သည့် အင်္ဂါရပ်နှင့် ညီသော သတင်းကိုသာ သတင်းထောက် များက ရယူကြပြီး၊ အချက်အ လက်များထဲတွင် ထူးခြားမှု ရှိခြင်း၊ Impact (သက်ရောက်မှု) ကြီးမား ခြင်း စသည် အချက်မျိုးမှာ သတင်းရေးသားသူများ၊ အယ်ဒီ တာများ ဆုံးဖြတ်ချက် ဖြစ်ကြောင်း၊ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းရှု့ထောင့် ရယူခြင်းမှာ သတင်းထောက်၏ ရွေးချယ်ခွင့်ပင် ဖြစ် ကြောင်း ရန်ကုန်မြို့ မှ သတင်းစာဆရာ ဦးစိန်ဝင်းက ပြောသည်။

“တပ်မတော်ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာတွေက အများကြီးပဲ။ နာရီနဲ့ကို ချီပြီး ကြာ တယ်။ အဲဒီတော့ စကားဆိုတာ စကား၊ စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသလို Communication မှာ အဲဒါတွေက အပျက် သဘောဆောင်တယ်။ အဲဒီ တော့ စကတည်းက ဘယ် Message ကို ပေးမှာလဲဆိုတာ စဉ်းစားသင့်တယ်။ ဒီမီဒီယာ တွေကို ဝါဒဖြန့်တဲ့ နေရာမှာ သုံးဖို့ အတွက် ဆိုရင် လွဲမှားတဲ့ ချည်းကပ်မှု ဖြစ်ပြီးတော့ အဲဒါမျိုးက မအောင်မြင်နိုင် ဘူး”ဟု ဦးစိန်ဝင်းက ပြောသည်။

တပ်မတော်မှ ထုတ်ပြန်သည့် မီဒီယာမှ မဖော်ပြသည့် အချက်အလက်များ /ထက်နိုင်ဇော်/ ဧရာဝတီ

၎င်းက ဆက်၍ “သတင်းစာ ရှင်းလင်းပွဲ ဆိုတာက ကိုယ်ဘာတွေ လုပ်ခဲ့တယ်။ ဘာတွေ ဖြစ်တယ်။ အခု ဒီမှာတော့ ဒီလို စိန်ခေါ်မှု တွေ ရှိတယ်။ အဲဒါကို ဘယ်လိုကျော်လွှားမယ်။ ဒါမျိုးတွေပဲ ပြောရ တာ။ သူ့မှာ Message ရှိရတယ်။ အဲဒီ Message ၊ အဲဒီ Themes ကိုပဲ ပြောရတယ်။ အဲဒါကြောင့် ပင်တာဂွန်မှာ လုပ်နေတဲ့ သတင်းစာ ရှင်းလင်းပွဲတွေက သိပ်မှ မကြာတာ။ အခုက အရပ်စကားနဲ့ ပြောရရင် ဖောင်းထု သလို ဖြစ်နေတယ်”ဟု ပြောသည်။

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်းကလည်း တပ်မတော်က သတင်းမီဒီယာ များကို လုပ်စားနေသည် ဆို သော ပြောဆိုချက်ကို လက်မခံနိုင်ကြောင်း၊ သတင်းထောက်များသည် သတင်းတန်ဖိုးအရ ပြည်သူလူထုအတွက် အကျိုးရှိနိုင် သည့် အချက်များကို ရေးသားရမည် ဖြစ် ကြောင်း ပြောသည်။

“သတင်းမီဒီယာတွေကို လုပ်စားတယ်လို့ ပြောတာကတော့ ပုတ်ခတ်ပြီးတော့မှ အကြောင်းအကျိုးမဲ့ ပြောဆိုတာပဲ ဖြစ်တယ်။ ဘာမှ အချက်အလက် ခိုင်ခိုင်မာမာ မရှိဘဲနဲ့ ပြောဆိုတဲ့အဆင့်ပဲ ရှိတယ်လို့ ပြောချင်တယ်”ဟု ၎င်းက ပြောသည်။

ယမန်နေ့က နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်း ပြတိုက်တွင် ပြုလုပ်ခဲ့သည့် တပ်မတော်၏ ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ် ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့က ၎င်းတို့ ရှင်းလင်းချင်သည့် အချက်များကို အချိန် ၁ နာရီခွဲခန့်ယူပြီး ပြောဆိုခဲ့သော်လည်း သတင်းထောက်များ ၏ မေးခွန်းတိုင်းကိုမူ ပြန်လည် ဖြေကြားရန် ငြင်းဆိုခဲ့မှုများ ရှိသည်။

တပ်မတော် သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့သူ The Voice သတင်းစာမှ အကြီးတန်း သတင်းထောက် ဦးအောင်ထက်က “မနေ့က သတင်းစာ ရှင်းလင်းပွဲကို လာတက်တဲ့ သတင်းထောက် တွေထဲမှာ တပ်မတော်ကို မုန်းတဲ့ သတင်းထောက် တယောက်မှ မပါဘူးလို့ ကျနော် အဲဒီလောက်ပဲ ပြောချင်တယ်”ဟု ပြောသည်။

တပ်မတော် တာဝန်ရှိသူများကမူ တပ်မတော် အပေါ်တွင် ပုတ်ခတ်ပြီး ပြောဆိုနေသူများကို ၎င်းတို့က ဥပဒေနှင့် ဆောင်ရွက်သည့် အပေါ်တွင်လည်း ပုံကြီးချဲ့ ပြီး ပြောဆိုခြင်း၊ ပြဿနာ ပိုပြီး မဖြစ်ဖြစ် အောင် ဆောင်ရွက်နေကြတဲ့ အနေအထားမျိုးများ တွေ့နေရကြောင်း၊ ယခုလို တပ်မတော် အပေါ် ပုံချနေသည့် အခြေအနေမျိုးကို မီဒီယာများ အနေဖြင့် မှန်မှန်ကန်ကန် စဉ်းစား ချင့်ချိန်ပြီးမှ ဆောင် ရွက်ရန် တိုက်တွန်းခဲ့ကြသည်။

“တပ်မတော်မရှိရင် ဘာဖြစ်သွားမလဲဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ တပ်မတော် မရှိအောင် ဘေးကနေ တပ်မတော်ရဲ့ အင်အားတွေ ချိနဲ့သွားအောင် ယိုင်နဲ့သွားအောင် လုပ်နေတဲ့ လုပ်ရပ်တွေ အများကြီး ရှိတယ်။ ဒီတော့ ဒီပေါ်မှာ သို့လော သို့လော ထင်ယောင်ထင်မှားနဲ့ တပ်မတော်ကို တကယ့် ဟိုလူကြမ်း ဖြစ်အောင် မလုပ်ကြဖို့ လူကြမ်း ဖြစ်အောင် မလုပ်ကြဖို့ လိုပါတယ်။ ကျနော်တို့က လူကြမ်းမဟုတ်ပါဘူး”ဟု ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။

တပ်မတော်သည် ၂၀၁၈ ခုနှစ်မှစတင်၍ မီဒီယာနှင့် ထိတွေ့မှု ပိုမို ပြုလုပ်လာပြီး ယခင်က ၎င်းတို့နှင့် ဆက်သွယ်ရန် အလွန် ခက်ခဲသည့် အခြေအနေမျိုးမှ ယခုအခါ လစဉ် ပုံမှန် သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ပေးခြင်း၊ တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းထောက်များ ၏ မေးမြန်းချက်များကို တယ်လီဖုန်းမှ တဆင့် ပြန်လည် ဖြေကြားပေးမှုများ ပြုလုပ်လာခဲ့သည်။

သို့သော် တပ်မတော်နှင့် သတင်းမီဒီယာကြား ယုံကြည်မှု ပိုမိုတည်ဆောင်နိုင်ရန် လိုအပ်နေသေး ကြောင်း တပ်မတော်က သတင်းမီဒီယာများကို တရားစွဲဆိုမှုများ ရှိနေသည့် ကိစ္စများ ဆက်ရှိနေခြင်း က မီးမောင်းထိုး ပြသလျက်ရှိသည်။

၂၀၁၉ ခုနှစ် ဧပြီလက ရခိုင်ပြည်နယ် မြောက်ဦးဒေသ အကြောင်း ရေးသားဖော်ပြချက်များနှင့် ပတ်သက်၍ ဧရာဝတီ သတင်းဌာန၊ လွတ်လပ်သော အာရှအသံ (RFA) တို့ကို တပ်မတော်က အရေးယူနိုင်ရန် ဆောင်ရွက်ခဲ့မှုများ ရှိထားပြီး RFA သတင်းဌာနကိစ္စမှာမူ သတင်းမီဒီယာ ကောင်စီ၏ ဝင်ရောက်ညှိနှိုင်းမှုဖြင့် ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းကပင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် တောင်သူလယ်သမား များ ၏ ထွန်းတုံးတိုက်ပွဲသတင်း ရယူခဲ့သည့် သတင်းသမား ၃ ဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၂ အရ တပ်မတော်က ဒီမောဆို ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားသေးသည်။

လက်ရှိတွင် တပ်မတော်က မီဒီယာတချို့ကို အရေးယူထားရုံမက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒါ ရိုက်တာ မင်းထင်ကိုကိုကြီး တို့ကို တရားစွဲဆို အရေးယူထားပြီး ၎င်းတို့မှာ အာမခံမရသဖြင့် အချုပ်ခံထားရပြီး သြင်္ကန် ကာလ အတွင်း သံချပ်ဖြင့် ဖျော်ဖြေခဲ့သည့် ဒေါင်းတို့၏ မျိုးဆက်အဖွဲ့၊ နေပြည်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ထောက်ခံပွဲ၌ ပါဝင် ကပြ ခဲ့သည့် ဇွဲအငြိမ့် လူရွှင်တော် အဖွဲ့ တို့ကိုလည်း တရားရုံးသို့ ဦးတိုက်လျှောက်ထားပြီး အရေးယူရန် ပြင်ဆင်လျက်ရှိသည်။

၎င်းတို့သည် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ (ခ) တို့ဖြင့် အရေးယူ ခံနေရခြင်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန်

တပ်မတော်က ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဝါးခယ်မတရားရုံးတွင် ထပ်မံတရားစွဲ

ကယားပြည်နယ်တွင် သတင်းထောက် ၃ ဦးကို တပ်မတော်က အမှုဖွင့် 

တာချီလိတ်တွင် ဘီလီယံနှင့်ချီ တန်ဖိုးရှိ မူးယစ်ဆေး နှင့် လက်နက်များ တပ်မတော် ဝင်ဖမ်း 

တပ်မတော်နှင့် ကြံ့ခိုင်ရေး ပူးပေါင်း၍ နယ်လှည့် ဆေးကုသပေးမှု ဝေဖန်ခံနေရ 

Did you find apk for android? You can find new Free Android Games and apps.
Loading