တပ်မတော်နှင့် AA တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း တိုက်ပွဲနှင့် လုံးဝ ပတ်သက်မှု မရှိဘဲ ဖြစ်ပွားခဲ့သော အရပ်သား သေဆုံးမှု အပါအဝင်၊ ထိခိုက် ဒဏ်ရာ ရရှိမှု အခြေ အနေနှင့် ပတ်သက်ပြီး စုံစမ်းရေး အဖွဲ့ ဖွဲ့စည်းရန် စက်တင်ဘာလ ၂၃ ရက်နေ့က ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေး၌ အတည်ပြုခဲ့သည်။
၎င်းအဆိုကို မြောက်ဦးမဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းသော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲကာလ အတွင်း ပစ်ခတ်မှုများကြောင့် လက်နက်ကြီး အမြောက်ဆန်၊ လက်နက်ငယ် ကျည်ထိမှန်၍ တိုက်ပွဲနှင့် လုံးဝ မသက်ဆိုင်သည့် အရပ်သား ပြည်သူ ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ သေဆုံးမှုများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်ကာ လွှတ်တော် ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ ပါဝင်သည့် လေ့လာစုံ စမ်းရေး အဖွဲ့ ဖွဲ့စည်း၍ လေ့လာ စုံစမ်း မှုများ ပြုလုပ်ရန် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အား တိုက်တွန်းကြောင်း အဆို ဖြစ်သည်။
ယမန်နေ့က ကျင်းပသော ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ယင်းအဆိုနှင့် ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁ ဦးက ကန့်ကွက်ကြောင်း ဆွေးနွေးခဲ့ပြီး ရခိုင်အမျိုးသား ပါတီမှ ကိုယ်စားလှယ် ၃ ဦးနှင့် ရခိုင် ဦးဆောင် ပါတီမှ ကိုယ်စားလှယ် ၁ ဦးတို့မှ အဆိုအပေါ် ထောက်ခံကြောင်း တင်ပြ ဆွေးနွေးခဲ့သည်။
ဘူးသီးတောင် မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “လတ်တလော ဖြစ်ပွား နေတဲ့ တိုက်ပွဲကာလမှာ အရပ်သား သေဆုံးမှုဟာ တနေ့ထက် တနေ့ များပြား လာနေတယ်။ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုရင် အုပ်ချုပ်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ ဒါကို ဖော်ထုတ်သင့်တယ်လို့ ကျနော် အနေနဲ့ ပြောချင်ပါတယ်။ မှန်မှန်ကန်ကန် ဖော်ထုတ်ပြီးမှ အဖြစ်မှန်ကို ရမှာ ဖြစ်ပါတယ်။ ဒီမှန်ကန်မှု အတွက်ကို ရခိုင်ပြည်နယ် အစိုးရဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စား စီမံအုပ်ချုပ်နိုင်တဲ့ အစိုးရ ဖြစ်တဲ့ အတွက် အစိုးရမှာ လုံးဝ တာဝန်ရှိပါတယ် ” ဟု လွှတ်တော်တွင် ထောက်ခံ ဆွေးနွေးခဲ့သည်။
ယင်းအပြင် ဘူးသီးတောင်မြို့နယ် ၊ စည်တောင်ကျေးရွာအတွင်း ဗုံးခိုကျင်းထဲတွင် အပြစ်မဲ့ အရပ်သား များ အစုံလိုက် အပြုံ လိုက် သေဆုံးမှု၊ ရသေ့တောင်မြို့နယ်၊ သမီးလှရွာက အသက် ၇ နှစ် အရွယ် မောင်နိုင်စိုး သေဆုံးမှုနှင့် မင်းဖူးကျေးရွာမှ မရီရီစိုး သေဆုံးမှု ၊ မင်းပြားမြို့နယ် စပါးရွာတွင် လက်နက်ကြီး ကျည်ကျ၍ ရွာသားများ သေဆုံးမှု၊ ပန်းမြောက်ရွာ လက်နက်ကြီး ကျ၍ ရွာသားများ သေဆုံးမှု၊ မြောက်ဦး အောက်သားကန်ရွာ ပစ်ခတ်ခံရ၍ ရွာသားများ သေဆုံးမှု၊ မြောက်ဦးမြို့ပေါ် ပစ်ခတ်မှု စသည့် ဖြစ်စဉ်များကို ဥပမာ ထား၍ အဖြစ်မှန်ကို စုံစမ်းလေ့လာရန် လိုအပ်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက တင်ပြ ဆွေးနွေးခဲ့သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီးမင်းသူကမူ AA အဖွဲ့ အနေဖြင့် အစိုးရအဖွဲ့ ယန္တရား မလည်ပတ် နိုင်အောင် ခြိမ်းခြောက်၊ တိုက်ခိုက်ခြင်း၊ အကြောက်တရား နည်းလမ်းဖြင့် ရွာသားများကို ထိန်းချုပ်ခြင်း၊ ပြည်သူလူထုနှင့် ရောနှော နေထိုင်ပြီး တိုက်ပွဲများ ဖန်တီးခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများတွင် မိုင်းထောင် တိုက်ခိုက်ခြင်း စသည့် ကိစ္စရပ်များက သက်သေခံ လျက် ရှိကာ ရွာသားများ အနေဖြင့်လည်း အမှန်တရားကို ပြောဆိုလာနိုင်ရန် ခက်ခဲသည့် အနေ အထားကို ရောက်ရှိ နေသည့်အတွက် စုံစမ်းရေး အဖွဲ့ ဖွဲ့စည်း စုံစမ်းမည် ဆိုပါကလည်း အဖြစ်မှန် ထွက်ပေါ် မလာ နိုင်ကြောင်း လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
ဒုဗိုလ်မှူးကြီး မင်းသူက “ အဆိုရှင်ရဲ့ အဆိုမှာ တပ်မတော်ရဲ့ တာဝန်ထမ်းဆောင်မှုများကို ပြည်သူလူထု မှ ထင်ယောင် ထင်မှား ဖြစ်စေပါတယ်၊ စစ်ဆင်ရေးတွင် တာဝန်ထမ်းဆောင်တဲ့ စစ်သည်များရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လက်တွေ့ တာဝန် ထမ်းဆောင်မှုများတွင်လည်း အနှောင့်အယှက် ဖြစ်စေပါတယ်။ စုံစမ်းမှု ရလဒ်များအား တပ်မတော် အဖွဲ့အစည်းများမှ တာဝန်ခံ၊ တာဝန်ယူမှုမှာ အာမခံမှု ရှိသော် ည်း AA အဖွဲ့တွင် တာဝန်ယူ တာဝန်ခံမှုမှာ မည်သူက တာဝန်ယူမည်ကို အတည်မပြုနိုင်တဲ့ အတွက် လက်ရှိတိုက်ပွဲဖြစ်ပွားရာ ကျေးရွာများရဲ့ပြည်သူလူထု အခြေအနေမှာလည်း AA အဖွဲ့ရဲ့ အကြောက် တရားဖြင့် လွမ်းမိုးချုပ်ကိုင်ထားပါတယ်။ အဲဒီအတွက်ကြောင့် အမှန်တရား ရရှိရန် အခက်အခဲ ရှိတဲ့အတွက် အဆိုအား ကျနော်အနေနဲ့ ကန့်ကွက်ကြောင်း တင်ပြအပ်ပါတယ် ” ဟု လွှတ်တော်တွင် ပြောသည်။
တပ်မတော်သားကိုယ်စားလှယ်များက ကန့်ကွက်ကြသော်လည်း လွှတ်တော်ကိုယ်စားလှယ်များကမူ ပြည်သူများ၏ တည်ငြိမ် အေးချမ်းစွာ နေထိုင်ရေးမှာ အစိုးရအဖွဲ့၏ တာဝန် ဖြစ်သည့်အတွက် ရခိုင်တိုက်ပွဲ ကာလအတွင်း နေအိမ် အတွင်း လက်နက်ကြီး၊ လက်နက်ငယ် ကျရောက် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၈၀ ဦး နှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၂၀ ကျော် ရှိလာနေသည့် ဖြစ်စဉ် အပေါ် အစိုးရအဖွဲ့အနေဖြင့် အမှန်တရားပေါ်ပေါက် စုံစမ်းလေ့လာရန် တာဝန်အပြည့် အဝ ရှိကြောင်း သုံးသပ် ဆွေးနွေးခဲ့ကြသည်။
“အဆိုရှင် ဦးထွန်းသာစိန်ရဲ့ တင်ပြချက်အရ တိုက်ပွဲနဲ့ လုံးဝ မသက်ဆိုင်ဘဲ သေဆုံးသူ ၈၀ ကျော် ၊ ထိခိုက် ဒဏ်ရာ သူ ၁၂၀ ကျော် ရှိနေတယ်။ ဒီလောက် တနေ့ထက် တနေ့ အရေအတွက် များပြား လာနေခြင်းဟာ တပ်မတော် သတင်းမှန်ပြန်ကြားရေးက နှစ်ဘက်တိုက်ပွဲ ကြားတွင် သေဆုံးသည့် တပ်မတော်သားများ၏ အရေအတွက်ကို ချပြထား သည်ထက် များပြားနေသည်ကို တွေ့နေရပါတယ်။ ဒီလောက်ထူးခြားသည့် သေဆုံးနေမှု ကိစ္စရပ်များနှင့် ပတ်သက်လို့ သူ့ဘက်ကိုယ့်ဘက် ထိုးချနေမှုများ၊ သံသယဖြစ်နေမှုများကို ပြေပျောက်စေရေး အတွက် ရခိုင်ပြည်နယ် အစိုးရအနေနဲ့ မဖြစ်မနေ လေ့လာစုံစမ်းရေး ကော်မတီ ဖွဲ့စည်း၍ လေ့လာစုံစမ်းသင့်ကြောင်း အဆိုအား ထောက်ခံ အပ်ပါတယ်” မင်းပြားမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က သုံးသပ် ဆွေးနွေးခဲ့သည်။
အဆိုနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားကို မေးမြန်းရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက လက်ရှိအခြအနေတွင် AA အဖွဲ့က ရွာသားများကို အကြောက်တရားဖြင့် ထိန်းချုပ်ထားသဖြင့် အဖြစ်မှန် ထွက်ပေါ် မလာနိုင်သည့်အတွက် အဆိုအား မှတ်တမ်း အဖြစ်သာ ထားရှိသင့်ကြောင်း လွှတ်တော်တွင် တင်ပြခဲ့သည်။
အဆိုနှင့် ပတ်သက်ပြီး ထောက်ခံသူများနှင့် ကန့်ကွက်သူများ ရှိသည့်အတွက် အဆိုရှင် ဦးထွန်းသာစိန်၏ သဘောထားကို လွှတ်တော်က မေးမြန်းပြီး လွှတ်တော်တွင် မတ်တပ်ရပ် စနစ်ဖြင့် မဲခွဲ ဆုံးဖြတ်ခဲ့ရာ တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်များနှင့် အစိုးရအဖွဲ့က ဝန်ကြီး ၁ ဦးတို့က ကန့်ကွက်ခဲ့သော်လည်း ရခိုင်အမျိုးသားပါတီမှ လွတ်တော် ကိုယ်စားလှယ် များ၊ ပြည်ခိုင်ဖြိုး ပါတီက လွှတ်တော်ကိုယ်စားလှယ်များ ၊ အမျိုးသားဒီမိုကရေ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် များ ၊ ရခိုင်ဦးဆောင်ပါတီက လွတ်တော်ကိုယ်စားလှယ်တို့က အဆို အပေါ် ထောက်ခံသည့်အတွက် ယင်းအဆိုအပေါ် လွှတ်တော်က အတည်ပြုခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားပြီးသည့် နောက်ပိုင်း နှစ်ဘက်တိုက်ပွဲ များအကြား အရပ်သား များ သေဆုံးခဲ့ရသလို၊ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများကြောင့်လည်း အုပ်ချုပ်ရေးပိုင်းမှ ဝန်ထမ်းများ၊ အရပ်သားများ သေဆုံးလျှက် ရှိနေသည်။
ဆက်စပ်ဖတ်ရှုရန်
ကျောက်တော်၌ အမျိုးသမီး ၁ ဦး မိုင်းထိ၍ ခြေထောက်ပြတ်
ရခိုင် စစ်ပွဲကာလ အရပ်သား သေဆုံးမှု စုံစမ်းရေး အဖွဲ့ ဖွဲ့စည်းရန် လွှတ်တော်တွင် အဆိုတင်
ကျောက်တော်တွင် တိုက်ပွဲဖြစ်၍ အရပ်သား ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရ