တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် စွဲဆိုထားသည့် အမှု ၄ မှု အတွက် စွဲချက်တင်လိုက်ကြောင်း သိရသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရသည့် ဒေါက်တာလဲ့လဲ့မော်၏ အမှုနှင့် ပတ်သက်၍ စွဲချက် တင်သင့်၊ မတင်သင့်ကို ယနေ့ ဇန်နဝါရီ ၂၁ ရက်တွင် ပြုလုပ်သည့် ရုံးချိန်း၌ ဆုံးဖြတ်ရာ တိုင်းဒေသကြီး တရားလွှတ်တော်က ထိုကဲ့သို့ အမိန့်ချလိုက်ခြင်း ဖြစ်သည်။
“အမှုအားလုံးအတွက် စွဲချက် တင်လိုက်ပါတယ်။ ကျနော်တို့က အပြစ်မရှိတာကို ဥပဒေဘောင်ထဲကနေ ဆက်ပြီးရင် ဆိုင်သွားမှာပါ” ဟု ဒေါက်တာလဲ့လဲ့မော်၏ ရှေ့နေ ဦးနိုင်လင်းထွန်းက ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ မတ်လအတွင်းက ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှု ၄ မှုခွဲကာ တရားစွဲဆိုထားပြီး ယင်းအမှု ၄ မှုအနက် ၂ မှုတွင် GGS ကုမ္ဗဏီမှ တာဝန်ရှိသူ ၃ ဦးကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/၆၃ တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
စွဲချက်တင် အမိန့်နှင့် ပတ်သက်၍ အထက်တရားရုံး ဆက်တက်၊ မတက်ခြင်းမှာ ဒေါက်တာလဲ့လဲ့မော် မိသားစု၏ ဆန္ဒ သာဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ပြောပြစရာရှိသည်များကို ပြောထားပြီးဖြစ်ပြီး ၎င်းတို့က တက်မည်ဆိုပါက အထက် တရားရုံးသို့ ဆက်တက်မည်ဖြစ်ကြောင်း ဦးနိုင်လင်းထွန်းက ရှင်းပြသည်။
“ကျနော်တို့ဘက်ကတော့ ဥပဒေဘောင်ထဲက လုပ်စရာရှိတာ အကုန်လုံး ဒေါက်တာလဲ့လဲ့မော်ရဲ့ အခွင့်အရေး အားလုံး လုပ်ဆောင်သွားမယ်။ ဆုံးဖြတ်တာတော့ ရုံးတော်ကနေပဲ ဆုံးဖြတ်မှာပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ရုံးချိန်းကို ၂ ပတ်လျှင် ၁ ကြိမ် ပုံမှန်ချိန်းဆိုပြီး ပျက်ကွက်လေ့ မရှိကြောင်း၊ ဒေါက်တာလဲ့လဲ့မော်၏ အမှု အတွက် သက်သေ ၂၆ ယောက် စစ်ဆေးခဲ့ပြီး ရုံးချိန်းပေါင်း ၄၀ ကျော်ပြီဖြစ်ကြောင်း သိရသည်။
ဦးနိုင်လင်းထွန်းက “စွဲချက် တင်ပြီးပြီဆိုတော့ စစ်ပြီးသား သက်သေတွေကို ပြန်ခေါ် သက်သေစစ်ဖို့ ကျနော်တို့ ခေါ်ထားတယ်။ သက်သေ အကုန်လုံးတော့ မဟုတ်ဘူး။ အမှုတွေမှာ ကိုယ်ခေါ်ချင်တဲ့လူကို ပြန်ခေါ်ထားပြီး စစ်ဖို့ကျန်တဲ့ ဟာလေးတွေ ဒီစွဲချက်နဲ့ပတ်သက်ပြီး မေးမြန်းသင့်တဲ့ဟာပေါ့။ အဲဒါတွေ ပြန်ခေါ်ထားတယ်” ဟု အမှုလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှင်းပြသည်။
GGS ကုမ္ဗဏီ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အားလည်း ယနေ့ ရုံးချိန်း တွင်ပင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/၆၃ တို့ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချခဲ့ကြောင်း သိရ သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ နိုင်ငံရေး ရာထူး လက်ရှိ ဖြစ်သူ (သို့) နိုင်ငံရေး ရာထူး လက်ရှိ ဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၆၃ အရ မည်သူမဆို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါ ပြစ်မှုတရပ်ရပ်ကို ကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း (သို့) စီမံခန့်ခွဲခြင်းပြုလျှင် ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင် ဖြစ်စေ ယင်းပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ကို ချမှတ်ခြင်း ခံရမည် ဖြစ်သည်။
You may also like these stories:
တနင်္သာရီ ဝန်ကြီးချုပ်ဟောင်း အာမခံလျှောက်ထားမှု ပယ်ချခံရ
ဒေါ်လဲ့လဲ့မော်ကို တရားရုံးဆုံးဖြတ်ချက် မူတည်၍ ပါတီတွင်း အရေးယူမှု လုပ်မည်ဟု NLD ပြော
ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က လွှတ်တော်သို့တင်ခဲ့သော တိုင်းအစိုးရ၏ မူမမှန်သော အသုံးစားရိတ်များ
အလုပ်သမား သံအရာရှိဟောင်း အဂတိလိုက်စားမှုမှ ဘဏ်စာရင်းသက်သေအား တရားရုံးလက်ခံ