အာဏာသိမ်း စစ်ကောင်စီသည် ကိုဗစ်နိုင်တင်း ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ပြီး ညမထွက်ရအမိန့်များကိုလည်း လျှော့ပေးကာ လူ ၄၀၀ ထိ စုဝေးခွင့်ပြုခဲ့ခြင်းသည် သင်္ကြန်ပွဲတော်ကို ကျင်းပရန် ဖြစ်သည့်အပြင် မြန်မာနှစ်ဆန်းတရက် ဧပြီလ ၁၇ ရက်တွင် ရုပ်ရှင်ရုံများ ပြန်ဖွင့်ရန်အတွက်လည်း ဖြစ်သည်။
ရုံတင်ပြသမည့် ရုပ်ရှင်ဇာတ်ကားများစာရင်းလည်း ယနေ့ မတ်လ ၂၅ ရက်နေ့ စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးဌာန အရာရှိများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်များ၊ ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ထုတ်လုပ်သူများ အစည်းအဝေးမှ ထွက်ပေါ်လာသည်။
ကိုဗစ်နိုင်တီးကပ်ရောဂါကာလ ရုပ်ရှင်ဖျော်ဖြေရေးသမားများ စားဝတ်နေရေး ကျပ်တည်းနေမှုအပေါ် စိုးရိမ်သောကြောင့် ရုပ်ရှင်ဈေးကွက်ပြန်ရှင်သန်နိုင်ရေး မျှော်လင့်ချက်ထားသော်လည်း ရုပ်ရှင်လောကသား အများစုက သတိထား ဖွင့်လှစ်စေချင်ကြကြောင်း သိရသည်။ သို့သော် စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးဌာန အကြံပေး ယခင် ရုပ်ရှင်ပြသရေး ညွှန်မှူးဟောင်း ဦးသိန်းနိုင်ကတဆင့် ဖိအားပေးပြီး ဖွင့်လှစ်စေခဲ့သည်။
“အကယ်လို့ မပြဘူးဆိုရင် ဒီဇာတ်ကားတွေကို နောက်ထပ် ၃ နှစ် ပြခွင့်မရှိဘူး ဆိုတဲ့ အနေအထားနဲ့ ဖိအားပေးတာပေါ့။ ထုတ်လုပ်သူ အများစုကတော့ မချစ်သော်လည်း အောင့်ကာ နမ်းရတဲ့ အခြေအနေ ဖြစ်ကုန်တာပေါ့။ ရုပ်ရှင်ဖွင့်တာ မအောင်မြင်ပါစေနဲ့လို့ပဲ ဆုတောင်းရမလို ဖြစ်နေတယ်” ဟု ရုပ်ရှင် ထုတ်လုပ်ရေး ပိုင်ရှင် တဦးက ဧရာဝတီသို့ ဖွင့်ဟ ပြောသည်။
ဧပြီလ ၁၇ ရက်မှ စတင်ကာ ဧပြီ ၂၇ ရက်နေ့အထိ ပြသမည့် ရုပ်ရှင် ဇာတ်ကားများ စာရင်းသည် “ဝေးမနေချင်ဘူး”၊ “လိပ်ပြာထောင်ချောက်”၊ “အမှောင်တိုက်”၊ “ရွာဂေါ်” ၊ “အချိုဆုံးအချစ် အပြင်းဆုံးမေတ္တာ” နှင့် “ကမောက်ကမ သမီးယောက်မ” စသည့် ရုပ်ရှင်ကားများ ဖြစ်သည်။
အဆိုပါ ဇာတ်ကားများကို မြန်မာနိုင်ငံတဝှမ်းရှိ ရုပ်ရှင်ရုံပေါင်း ၆၀ ခန့်တွင် ပြသသွားမည်ဖြစ်ပြီး၊ “Triple Six” ၊ “သက်တန့်အိမ်”၊ “Dream Filming” ၊ “ကာလာ” ၊ “ပါဝါကင်း” ၊ “နယူးပွိုင့်” စသည့် ရုပ်ရှင်ထုတ်လုပ်ရေးများ၏ ဇာတ်ကားများကို ပြသသွားမည်ဟု သိရသည်။
ပြသမည့် ရုပ်ရှင်ဇာတ်ကားများ စာရင်းတွင် သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်၊ ခိုင်သင်းကြည်၊ အိချောပို၊ သင်ဇာဝင့်ကျော်၊ ရွှေမှုန်ရတီ၊ အောင်ရဲလင်း၊ နေမင်း၊ မနောနှင့် ဖြူဖြူထွေး အစရှိသူတို့ ပါဝင်သည့် ဇာတ်ကားများ ဖြစ်ကြောင်း သိရသည်။
ပါဝင်သည့် သရုပ်ဆောင် အများစုသည် ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာကြသော သရုပ်ဆောင် လူမင်း၊ ပိုင်တံခွန်၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့၏ ဇာတ်ကားများ ဖြစ်နေခြင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ အစီအစဉ်ဟု ရုပ်ရှင်သမားများက ယုံကြည်ကြသည်။
အာဏာသိမ်းစစ်ကောင်စီသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဒါရိုက်တာဦးကြည်စိုးထွန်းမှတဆင့် ပြန်လည်လွှတ်ပေးလိုက်သော ရုပ်ရှင်သရုပ်ဆောင်နှင့် မော်ဒယ်များကို စစ်ကောင်စီ ဝါဒဖြန့်ချိရေး MRTV တွင် ယခုလို ရုပ်ရှင်ရုံများ ပြန်ဖွင့်လှစ်သည့်အပေါ် သဘောထား အင်တာဗျူး ဖြေကြားပေးရန် စည်းရုံးခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
သို့သော် ယခုသတင်းရေးပြီးသည်အထိ ပြန်လည် လွတ်မြောက်လာသူ တဦးတယောက်မျှ ပြန်ဖြေကြားခြင်း မရှိပေ။
ဇာတ်ကားများ စာရင်းတွင် ဒါရိုက်တာ ဝိုင်း ရိုက်ကူးပြီး၊ သရုပ်ဆောင် ပြေတီဦးနှင့် ဖွေးဖွေး ပါဝင်သည့် “လိပ်ပြာထောင်ချောက်” အမည်ရ ရုပ်ရှင်ကားလည်း ပါဝင်သည်။ ယင်းဇာတ်ကားကို ဧပြီလ ၂၉ ရက်နေ့တွင် ပြသမည်ဟု ကြေညာထားသည်။
“သူတို့ (စစ်ကောင်စီ) က မဲဆွယ်တဲ့ သဘောပေါ့။ ဒါကို လာကြည့်အောင်၊ စည်ကားအောင် လုပ်တဲ့ သဘောပဲ။ အဲဒီမှာ နည်းနည်း ထူးခြားတာက ဖွေးဖွေးကား ပါမယ်” ဟု ထုတ်လုပ်သူတဦးက ဧရာဝတီကို ပြောသည်။
သရုပ်ဆောင် ဖွေးဖွေးသည် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သည်ဟု ဆိုကာ ပြီးခဲ့သည့်နှစ်အတွင်းက ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီး၊ လက်ရှိအချိန်ထိ တိမ်းရှောင်နေရဆဲ ဖြစ်သည်။
You may also like these stories:
ကိုဗစ်-၁၉ နဲ့ နပန်းလုံးနေရတဲ့ ရုပ်ရှင်နဲ့ ဂီတလောက
အနုပညာဖန်တီးမှုတွေ ဆိတ်သုဉ်းသွားတော့မလား
ထုံးသုတ် ဖျက်ဆီးခြင်းခံလိုက်ရတဲ့ Street Art
ဘာလင်ရုပ်ရှင်ပွဲတော် မှတ်တမ်းရုပ်ရှင်ဆု “Myanmar Diaries”ရရှိ
စစ်အာဏာသိမ်းမှု တနှစ်ပြည့် အနုပညာရှင်များ၏ လှုပ်ရှား စကားသံများ
အနုပညာရှင်အချို့ ပြန်လွတ်မြောက်သော်လည်း စောဖိုးခွား၊ ပိုပိုနှင့် ရဲတိုက်တို့ မပါသေး