အတင်းအကျပ် စစ်သားစုဆောင်းမှု မရပ်ဆိုင်းပါက ပြင်းထန်သော အကျိုးဆက်များ ခံရမည်ဖြစ်ကြောင်း မြန်မာတနိုင်ငံလုံးမှ တော်လှန်ရေး အင်အားစုများက စစ်ကောင်စီတာဝန်ရှိသူများကို သတိပေးလိုက်သည်။
မကြာသေးမီက အကောင်အထည်ဖော်သည့် စစ်မှုမထမ်းမနေရ ဥပဒေအရ အရပ်သားများကို စစ်သားစုဆောင်းသည့် စစ်ကောင်စီနှင့် ပတ်သက်သော တာဝန်ရှိသူ အများအပြားကို တော်လှန်ရေး အင်အားစုများက ပစ်သတ်သည်ကို တွေ့ရပြီး ဖြစ်သည်။
စစ်ကောင်စီသည် ထိုဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်ကျင့်သုံးပြီးနောက် အလျင်အမြန် လှုပ်ရှားလာပြီး လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် စစ်မျက်နှာ အများအပြားမှ စစ်ပွဲတွင် အကြီးအကျယ် ဆက်လက် အင်အားဆုံးရှုံးပြီး အင်အား ဆိုးဆိုးရွားရွား မလုံလောက်ကြောင်း ပြသနေသည်။
စစ်ကောင်စီခန့် ကျေးရွာနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများသည် အိမ်ထောင်စုစာရင်းများ ကောက်ခံနေပြီး စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသမီးများကို ရွေးချယ်နေသည်။
အုပ်ချုပ်ရေးမှူးများသည် စစ်ကောင်စီအုပ်ချုပ်ရေး မြို့တော် နေပြည်တော်၊ စီးပွားရေး မြို့တော် ရန်ကုန်နှင့် ဒုတိယမြို့တော် မန္တလေး အပါအဝင် မြို့ကြီးများတွင် စစ်သားသစ်များကို စတင် အတင်းအကျပ် ခေါ်ယူနေသည်။
အတင်းအကျပ် စစ်မှုထမ်းရန် အကျုံးဝင်သည့် ပြည်သူ ၁၄ သန်းအကြား စိုးရိမ်ပူပန်မှု ဖော်ပြချက်များ ပိုမိုကျယ်လောင်လာနေပြီး အများအပြားသည် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကြောင့် စက်ဆုတ်ခံရသည့် စစ်တပ်တွင် စစ်မှုမထမ်းဘဲ နိုင်ငံမှ ထွက်ပြေးရန် ကြိုးစားကြသည်။
မတ်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ (YUG) နှင့် အခြားဒေသဆိုင်ရာ တော်လှန်ရေး အင်အားစုများက ရန်ကုန်တွင် အတင်းအကျပ် စစ်သားစုဆောင်းခြင်းတွင် ပါဝင်ပတ်သက်သူ မည်သူမဆို ပြင်းထန်စွာ အပြစ်ပေးမည်ဖြစ်ကြောင်း ကြေညာသည်။
ရန်ကုန်တိုင်းမှ စစ်တပ်အများအပြား အခြေစိုက်သည့် မှော်ဘီမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကလည်း အတင်းအကျပ် စစ်သားစုဆောင်ရေး ပြုလုပ်နေသည့် အုပ်ချုပ်ရေးမှူးများ အမည်စာရင်းကို သတင်းပို့ရန် ဒေသခံများကို တိုက်တွန်းသည်။
မြို့နယ် ခုနစ်မြို့နယ်မှ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးနှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများသည် အတင်းအကျပ် စစ်သားစုဆောင်းခံရမည့်သူများထံမှ ငွေညှစ်နေသည့်သတင်းများ ရရှိထားကြောင်း မန္တလေးမှ မြို့ပြတော်လှန်ရေးအဖွဲ့ ၁၂ ဖွဲ့က ကြေညာသည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေသည် ငွေညှစ်သည့် မသမာသော နည်းလမ်းဖြစ်သည်ဟု ထိုအဖွဲ့များက မတ်လ ၁၇ ရက်နေ့တွင်ပြောပြီး အတင်းအကျပ် စစ်သားစုဆောင်းသည့် အရာရှိများကို အပြစ်ပေးမည်ဟု ခြိမ်းခြောက်သည်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သီးကုန်းကျေးရွာမှ ဒေသခံများကို အတင်းအကျပ် စစ်သားစုဆောင်းရန် တာဝန်ပေးခံရသည့် ဦးမောင်ပုကို ပစ်သတ်လိုက်ကြောင်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ (WTRF) က မတ်လ ၁၉ ရက်နေ့တွင် ကြေညာသည်။
ထိုသူထံမှ လက်လုပ် ပစ္စတိုတလက်ကိုလည်း သိမ်းဆည်းမိကြောင်း ထိုအဖွဲ့ပြောသည်။
နတ္တလင်းမြို့နယ်၊ ပျဉ်ပုံကျေးရွာတွင် အတင်းအကျပ် စစ်သားစုဆောင်းသောကြောင့် စစ်ကောင်စီ လိုလားသည့် ပျူစောထီးခေါင်းဆောင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးလေးကို နတ်စစ်သည်တပ်ဖွဲ့က ပစ်သတ်လိုက်ကြောင်း ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် PDF တပ်ရင်းက ကြေညာသည်။ သူနှင့်အတူ အတင်းအကျပ် စစ်သားစုဆောင်းသည် ဦးရဲအောင်သည် မတ်လ ၁၈ ရက်နေ့က ထိုတိုက်ခိုက်မှုအတွင်း လွတ်မြောက်သွားကြောင်း ထိုတော်လှန်ရေးတပ်ဖွဲ့က ပြောသည်။
စလင်းမြို့နယ်ရှိ ပုခက်တိုင်ကျေးရွာတွင် စစ်သားစုဆောင်ရန် အသံချဲ့စက်ဖြင့် ကြေညာနေသည့် အုပ်ချုပ်ရေးမှူး ဦးမြင့်ထူးကို ပစ်သတ်လိုက်ကြောင်း မကွေးတိုင်းမှ စလင်း PDF က ကြေညာသည်။
ထိုသူထံမှ လက်လုပ် ပစ္စတိုသေနတ်နှင့် ရေဒီယိုဖုန်းကို သိမ်းဆည်းရမိကြောင်း အထက်ပါအဖွဲ့က ပြောသည်။
အရပ်သားများကို အတင်းအကျပ် စစ်သားစုဆောင်းသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို ဖမ်းမိပါက ပြင်းထန်စွာ အပြစ်ပေးမည်ဖြစ်ကြောင်း ရှမ်းပြည်မြောက်ပိုင်းတွင် မြို့ ခုနစ်မြို့ သိမ်းပိုက်ထားသော ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း မတ်လ ၁၉ ရက်နေ့တွင် သတိပေးသည်။
ရှမ်းပြည်နယ်မှ မိုးမိတ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် မန္တလေးတိုင်း အထက်ပိုင်း မိုးကုတ်မှ စစ်ကောင်စီအရာရှိများက ဒေသခံများကို အတင်းအကျပ် စစ်သားစုဆောင်းသည့် သတင်းများရကြောင်း TNLA ပြောသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မှ ခြေမြန်တပ်ရင်းဌာနချုပ် သုံးခုကို ကာကွယ်ရန် အတင်းအကျပ် စစ်သားစုဆောင်းထားသည့် ရိုဟင်ဂျာများကို စစ်ကောင်စီ အသုံးပြုခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၀ ရက်နေ့တွင် ကြေညာသည်။
ထိုတပ်ရင်း သုံးခုကို သိမ်းပိုက်စဉ် သေဆုံးသော အတင်းအကျပ် စစ်သားစုဆောင်ခံရသည့် ရိုဟင်ဂျာများနှင့် စစ်ကောင်စီစစ်သားများ ဓာတ်ပုံများကို AA က ထုတ်ပြန်ခဲ့သည်။
ရိုဟင်ဂျာများ အပါအဝင် အရပ်သားများကို ဖမ်းဆီး အတင်းအကျပ် စစ်သားစုဆောင်းသည့် သတင်းများအတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်က မတ်လ ၁၈ ရက်နေ့တွင် ပြောကြားပြီး အတင်အကျပ် စစ်သားစုဆောင်းမှုကြောင့် မြန်မာ့လူ့အခွင့်အရေးနှင့် လူမှုစနစ်အပေါ် ဖြစ်နိုင်ခြေရှိသည့် ရိုက်ခတ်ချက်များကိုလည်း သတိပေးသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Resistance Backs Conscription Warning With Wave of Assassinations ကို ဘာသာပြန်သည်။)
You may also like these stories:
ပြည်သူကို ပူပင်သောက ပေးနေသည့် စစ်မှုထမ်းဥပဒေ
အဂတိဈေးကွက်ဖြစ်လာနေတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေ (ရုပ်/သံ)
အုပ်ချုပ်ရေးမှူးများ လုပ်ပိုင်ခွင့် အလွဲသုံး၍ စစ်မှုထမ်းစာရင်းကောက်
ရန်ကုန်နှင့်မြို့ ကြီးများ၌ စစ်မှုထမ်းရန် စာရင်းကောက် မဲနှိုက်မှု စတင်