Environment

နေ့တိုင်း သစ်ပင်စိုက်ပြီး နှစ်ပေါင်း ၄၀ အကြာမှာ တောအုပ်အဖြစ် ဖန်တီးနိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား

အိန္ဒိယနိုင်ငံက “Forest Man” လို့ တင်စားခေါ်ဝေါ်ခြင်း ခံနေရတဲ့ Jadav Payeng ဆိုတဲ့ အမျိုးသားဟာ နေ့စဉ်နေ့တိုင်း သစ်ပင်တပင် စိုက်ပြီး နှစ်ပေါင်း ၄၀ ခန့် အကြာမှာတော့ သစ်ပင်တွေ၊ ကျေးငှက်တိရစ္ဆာန်တွေနဲ့ တောတွင်းသတ္တဝါတွေ နေထိုင်နိုင်တဲ့ တောအုပ်တခုကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်လောက်ကတည်းက Payeng ဟာ Brahmaputra မြစ်အနီးက Barren Sandbar ကျွန်းပေါ်မှာ နေ့တိုင်း သစ်ပင် တပင်စီ စိုက်ခဲ့တာဖြစ်ပြီး မြေဧက ၁၃၆၀ ဧကကို တောအုပ်တခုအဖြစ် ဖန်တီးချင်တာကတော့ သူ့ရဲ့ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ခန့်က အဲဒီနေရာဟာ သစ်တောပြုန်းတီးမှုကြောင့် တောတွင်း တိရစ္ဆာန်တွေ မနေထိုင်နိုင်အောင် ဖြစ်ခဲ့ရပြီး ရာသီဥတုဒဏ်လည်း ဆိုးဆိုးရွားရွား ခံခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကြောင့် Payeng ဟာ နေ့စဉ်နေ့တိုင်း သစ်ပင်တပင် မဖြစ်မနေ စိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး စစချင်းအနေနဲ့ ဝါးပင် အပင် ၂၀ ခန့်ကို စတင် စိုက်ပျိုးခဲ့ပါတယ်။

တောအုပ်ဖြစ်လာဖို့ ကိုယ်တိုင် ပရောဂျက် ဆွဲကာ ပြုလုပ်ခဲ့တဲ့ သူ့အစီအစဉ်အတွက် အဲဒီနေရာမှာပဲ ၅ နှစ်လောက် အခြေချနေထိုင်ကာ သစ်ပင်တွေကို နေ့စဉ်နေ့တိုင်း စတင် စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာဆိုရင် Payeng ရဲ့ကိုယ်ပိုင် တောအုပ်ငယ်လေးဟာ သမင်၊ ကျား၊ ဆင်၊ ကြံ့နဲ့ တခြားသော နို့တိုက်သတ္တဝါ တိရစ္ဆာန်တွေ နေထိုင် ကျက်စားရာ တောအုပ်တခု ဖြစ်လာခဲ့ပါပြီ။ သူ့အနေနဲ့ ဒီတိရစ္ဆာန်တွေကို လာရောက် ပစ်ခတ်ဖမ်းဆီးမှုတွေ မပြုလုပ်နိုင်အောင် အာဏာပိုင်တွေဆီ ဘေးမဲ့တောဖြစ်စေဖို့ တောင်းဆိုမှုတွေ တရားဝင် ပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ဘေးမဲ့ တောအုပ်တခု ဖြစ်လာခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ Payeng ဟာ အိန္ဒိယအစိုးရချီးမြှင့်တဲ့ “Padma Shri” ဆုကို ရရှိခဲ့ပြီး ဒီဆုဟာဆိုရင် အိန္ဒိယနိုင်ငံမှာ အမြင့်ဆုံး ဆုတံဆိပ်တခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူ့အကြောင်းကို ရိုက်ကူးထားတဲ့ “Forest Man” ဆိုတဲ့ Documentary ဟာလည်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေက ချီးမြှင့်တဲ့ ဆုတွေကို ရရှိခဲ့ပါတယ်။

Ref. www.greenmatters.com

You may also like these stories:

အုန်းလက်နဲ့ လုပ်တဲ့ပိုက်ကို အသုံးပြုလာတဲ့ ဖိလစ်ပိုင်နိုင်ငံက ကော်ဖီဆိုင်

မိုးခေါင်ရေရှား ပြဿနာကို ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံက ကျေးရွာများ

ပလတ်စတစ် အမှိုက်တွေ ကောက်လာပေးရုံနဲ့ ကျောင်းလခ ပေးစရာ မလိုတဲ့ စာသင်ကျောင်း

ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ကာကွယ်ဖို့ သစ်ပင် သန်း ၁ ထောင်ခန့် စိုက်ပျိုးမယ့် နယူးဇီလန်နိုင်ငံ

Loading