မြန်မာတွင် ထောက်လှမ်းရေးဆိုင်ရာပြုပြင်ပြောင်းလဲခြင်း ဧကန်အမှန်ရှိခဲ့သလား ဟူသော မေးခွန်းဖြင့် နိဒါန်းပလ္လင်ခံလိုသည်။ အဖြေကား မရှိခဲ့ပါဟုဆိုလျှင် တော်တော်များများအတွက် အံအားတုန်လှုပ်စရာ ကောင်းမည် အဖြေဖြစ်ပေလိမ့်မည်။ ၁၉၆၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၄ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိတိ မြန်မာ့ထောက်လှမ်းရေးပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့သည် ဟု ဆိုသူက ဆိုကြလိမ့်မည်။ အမှန်တော့ ထိုသုံးကြိမ်စလုံးသည် ထောက်လှမ်းရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုထက် ထောက်လှမ်းရေး ပျက်ကပ်ဆိုက်ခြင်း ဟူ၍ သတ်မှတ်လျှင် ပိုမိုသင့်လျော်မည်ထင်သည်။ ထိုသို့ ထောက်လှမ်းရေး ပျက်ကပ် ဆိုက်အောင် စီရင်ခဲ့သည်ကလည်း စစ်အာဏာရှင်ပုဂ္ဂိုလ်များပင် ဖြစ်နေပြန်သည်။
အရပ်သားအစိုးရသစ်လက်ထက်တွင် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများ အစီအရီပေါ်သည်။ ယခင် အစိုးရ လက်ထက်တွင် အပတ်စဉ် သောကြာနေ့မနက်တိုင်း ပြုလုပ်လေ့ရှိသည့် ကာလုံအစည်းအဝေးကိုလည်း ယခု အစိုးရလက်ထက်တွင် ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာသည့်တိုင် တကြိမ် တခါမျှ မကျင်းပဖြစ်ခဲ့။ ကာလုံ အစား နိုင်ငံတော် အရေးပေါ် အစည်း အဝေးပုံစံဖြင့် အစားထိုး ဖြေရှင်းဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ပုဂ္ဂိုလ် ပေါ်ထွက်လာသည့်တိုင် ထိုတာဝန်ကို ထမ်းဆောင်သည့် ပုဂ္ဂိုလ်သည် အမျိုးသားလုံခြုံရေး အကြံပေး ရာထူးတာဝန်အပြင် အခြားသော ပြည်ထောင်စုဝန်ကြီးတာဝန်ကိုပါ ပူးတွဲထမ်းဆောင်နေရသည်ကို တွေ့ရသည်။ ဤတွင် မေးခွန်းထုတ်စရာရှိသည်က အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ၏ အခန်းကဏ္ဍ၊ လုပ်ငန်းတာဝန်၊ ထိရောက်မှုက အဘယ်နည်းဟူ၍ဖြစ်သည်။
၂၀၁၅ ခုနှစ်ကုန်ပိုင်းတွင် တပ်မတော်က ကာကွယ်ရေးစက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့သည်။ ယေဘုယျ အားဖြင့် မြန်မာနိုင်ငံ၏ ကာကွယ်ရေးစက္ကူဖြူစာတမ်း ဟု ဆိုနိုင်ကောင်းသော်လည်း တပ်မတော်၏ ကာကွယ်ရေး စက္ကူဖြူစာတမ်းသာ ဖြစ်သည်။ အစိုးရ၏ မူဝါဒဟု ပြောရန် ခက်သည်။ အစိုးရသက်တမ်း လေးနှစ်နီးပါးခန့်ကြာမြင့်သည့်တိုင်အောင် အစိုးရ၏ အမျိုးသားလုံခြုံရေးမူဝါဒ၊ မဟာဗျူဟာ၊ ကာကွယ်ရေးစက္ကူဖြူ စာတမ်း တို့သည် ယောင်လို့မျှပင် အသံမထွက်သေး။
တဘက်ကလည်း အရပ်သားအစိုးရ၏ အမျိုးသားရေးမူဝါဒကို အကောင်အထည်ဖော်ရန် လုံခြုံရေးဆိုင်ရာနှင့် ထောက်လှမ်းရေးဆိုင်ရာ အေဂျင်စီများကလည်း အဆင်သင့်မရှိပြန်။ တပ်မတော်တွင် ထောက်လှမ်းရေး အေဂျင်စီရှိသည့်တိုင်၊ ထိုအေဂျင်စီများ သည် စစ်ရေးဆိုင်ရာ ထောက်လှမ်းရေး အင်စတီကျူရှင်းသာဖြစ်သည်။ နိုင်ငံတော်အဆင့် မူဝါဒ ချမှတ်လိုသည့်အခါ၊ ဆုံးဖြတ်လိုသည့်အခါ စစ်ထောက်လှမ်းရေးအေဂျင်စီနှင့် မလုံလောက်။ ထိရောက်စွာ အလုပ်ဖြစ်ရန်လည်း အကန့်အသတ် များစွာရှိသည်။ နိုင်ငံတကာထောက်လှမ်းရေး (Foreign Intelligence) နှင့်ပတ်သက်လျှင်လည်း စစ်သံမှူးကြီးများ၏ အတွေ့အကြုံ၊ ဖြတ်သန်းမှု၊ သုံးသပ်မှုတို့ဖြင့် အခါခပ်သိမ်း အားကိုး၍ မရနိုင်။ အငြိမ်းစား သို့မဟုတ် ပြင်ပပညာရှင်များ၏ အခါအားလျော်စွာ သုံးသပ်အကြံပေးမှုဖြင့်လည်း ခရီးဆက်ရန်လည်းမှာလည်း အဆင်မပြေနိုင်ပေ။ သီးသန့်ဖွဲ့စည်းထားသော အဖွဲ့အစည်း၊ လုပ်ထုံးလုပ်နည်း၊ စနစ်ဖြင့်သာ ခရီးဆက်ခြင်းသည်သာ အသင့်တော်ဆုံးဖြစ်ပါလိမ့်မည်။
နိုင်ငံတော်အဆင့်မူဝါဒကိုထောက်ကူရန် စနစ်တကျဖွဲ့စည်းထားသော ထောက်လှမ်းရေး အေဂျင်စီ (National Intelligence Agency) လိုအပ်သည်။ မဟာဗျူဟာမြောက် ထောက်လှမ်းရေး၊ အချက်အလက်ဖြင့် ပံ့ပိုးကူညီနိုင်သော အေဂျင်စီမျိုးဖြစ်သည်။ တနည်းအားဖြင့် From Secret to Policy ကို ခရီးရောက်အောင်သွားနိုင်သည့် အခြေအနေမျိုးကို ဆိုလိုပါသည်။ ယခုအခြေအနေအရ မူဝါဒမရှိ၊ မဟာဗျူဟာ မရှိ၊ အကောင်အထည်ဖော်၊ ပံ့ပိုးပေးနိုင်မည့် အေဂျင်စီလည်း မရှိ ဟူသော မရှိသုံးပါး အခြေအနေဖြစ်နေသည်။
အရပ်ဘက်ထောက်လှမ်းရေးအေဂျင်စီကို ဖွဲ့စည်းရန် လိုအပ်နေပြီဖြစ်သည်။ ထိုအေဂျင်စီသည် မဟာဗျူဟာမြောက် ထောက်လှမ်းရေးတာဝန်၊ တန်ပြန်ထောက်လှမ်းရေးတာဝန်၊ နိုင်ငံရပ်ခြား ထောက်လှမ်းရေး တာဝန်ကို ထမ်းဆောင်ရမည့် အေဂျင်စီမျိုးဖြစ်သည်။
တည့်တိုးပြောရလျှင် အစိုးရတွင် လိုအပ်နေသည်မှာ National Intelligence ( Intelligence needed for shaping and executing national policy ) နိုင်ငံတော်အဆင့်မူဝါဒကို ထောက်ကူပေးနိုင်မည့် ထောက်လှမ်းရေး၊ Strategic Intelligence Superiority ( မဟာဗျူဟာထောက်လှမ်းရေး အကဲသာမှု ) တို့ကို တင်ပြမည့် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ National Intelligence Organization ဖြစ်ပါသည်။ ဤနေရာတွင်ရှင်းရန် လိုသည်မှာ National Intelligence Organization ဟူသည် ၁၉၆၄ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ တည်တံ့ခဲ့သည့် အမျိုးသားထောက်လှမ်းရေးအဖွဲ့ပုံစံကို ဆိုလိုခြင်း မဟုတ်ပါ။ အမျိုးသားထောက်လှမ်းရေးအဖွဲ့သည် ဝန်ကြီးဌာန လက်အောက်အသီးသီးရှိ လုံခြုံရေးနှင့် ထောက်လှမ်းရေးဌာနအချင်းချင်း ပူးပေါင်းဖွဲ့စည်းထားသည့် ရုံးအဖွဲ့ ( Coordination Body) ဖြစ်သည်။ အေဂျင်စီမဟုတ်ပေ။
သို့သော် ယခုအစိုးရတွင် လိုအပ်နေသည်မှာ စုပေါင်းရုံးအဖွဲ့အပြင်၊ အေဂျင်စီအသစ်ကိုလည်း လိုအပ်နေခြင်းဖြစ်သည်။ မီးကျိုးမောင်းပျက် ထောက်လှမ်းရေး မဟုတ်ပေ။
(ကိုဇန်သည် ပြည်ထောင်စုအင်စတီကျုမှ သုတေသီတဦးဖြစ်သည်။)
You may also like these stories:
အမျိုးသား ထောက်လှမ်းရေးအဖွဲ့ကို ပြန်ဖွဲ့သင့်သလား
နေမြင့်လာသော တပ်မတော်ထောက်ခံပွဲများ၏ လာရာနှင့် လားရာ