၈၈ မျိုးဆက်များ အနေဖြင့် လာမည့်၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်တွင်း ဝင်ရောက်ကြရန် ၈၈ ကျောင်းသား ခေါင်းဆောင်တချို့ ဦးဆောင် ဖွဲ့စည်းထားသည့် ပြည်သူ့ပါတီက ဇွန်လ ၁၆ ရက်တွင် တိုက်တွန်းလိုက် သည်။
လက်ရှိ နိုင်ငံတော်၏ နိုင်ငံရေးလမ်းကြောင်း၌၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရန် ရှိသော်လည်း လွှတ်တော်နိုင်ငံရေးမှာ ပင်မ နိုင်ငံရေး ဖြစ်နေသည်ကို တွေ့မြင်နေရသောကြောင့် သမိုင်းအစဉ်အလာ၊ နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံများ ရှိသည့် ၆၂-၇၄၊ ၈၈၊ ၉၆၊ ၂၀၀၇ စသည့် နိုင်ငံရေး မျိုးဆက်အသီးသီးအား ရွေးကောက်ပွဲဝင်ရန် တိုက်တွန်းထားသည်ကို တွေ့ရ သည်။
အဆိုပါ မျိုးဆက်များသည် နိုင်ငံရေး ဖြတ်သန်းမှု အတွေ့အကြုံများ ရင့်ကျက်နေပြီ ဖြစ်သကဲ့သို့ တော်လှန်ရေး ဖြတ်သန်းမှု တွင် တွေ့ကြုံပြီး အတူလက်တွဲ လုပ်ဆောင်ခဲ့ရသော တိုင်းရင်းသားတို့၏ အခြေအနေ၊ ခံစားမှု၊ ရပိုင်ခွင့်များအပေါ် နား လည်မှု အရှိဆုံး မျိုးဆက်များ ဖြစ်သည်ဟုလည်း ဆိုသည်။
ပြည်သူ့ပါတီ ဒု ဥက္ကဋ္ဌ ဦးမင်းဇေယျက “တကယ်တမ်း လွှတ်တော်နိုင်ငံရေး၊ ပါတီနိုင်ငံရေးမှာ ခုအချိန်ထိ ကျနော်တို့ ၈၈ မျိုး ဆက်တွေရဲ့ ပါဝင်မှုက အားနည်းနေသေးတယ်လို့ မြင်လို့ အားကောင်းမောင်းသန်နဲ့ ပါဝင်ပြီး တတ်စွမ်းတဲ့ဘက်ကနေ မည် သည့်နေရာ၊ မည်သည့်ပါတီကမဆို လွှတ်တော် နိုင်ငံရေးကို ပါဝင်ဖို့ နှိုးဆော်ချင်တဲ့ သဘောပါ” ဟု ဧရာဝတီကို ပြော သည်။
ရှစ်လေးလုံး အရေးတော်ပုံသည် ဒီမိုကရေစီလမ်းကြောင်းကို ဖွင့်ပေးခဲ့သည့် အရေးတော်ပုံဖြစ်ရာ အဆိုပါ လမ်းကြောင်းကို ဖြောင့်ဖြူး ခိုင်မာစေချင်ကြောင်း၊ လွှတ်တော်နိုင်ငံရေးနှင့် ပါတီနိုင်ငံရေးတို့တွင် အခြေအနေမျိုးမျိုးကြောင့် မပါဘဲ ဘေး ထွက်နေသူများ ရှိရာ လိုအပ်လာလျှင် ထိုသူများကို ပါဝင်စေချင်ကြောင်း ၎င်းက ရှင်းပြသည်။
ဦးမင်းဇေယျက “၂၀၀၈ ဖွဲ့စည်းပုံအောက်က ဝင်လာရတယ်။ မျှော်လင့်သလို ဖြစ်မလာတွေ။ ဒါတွေ ကျနော်တို့ ကိုယ်တိုင် လည်း ခံစားရတယ်။ သို့သော် ကျနော်တို့ရဲ့ ခရီးလမ်းက ရေရှည်သွားရမယ်။ အားကောင်းဖို့ လိုတယ်။ အဲဒီလိုဖြစ်ဖို့ အတွက်လည်း ၈၈ မျိုးဆက်တွေက အုတ်မြစ်နေရာမှာ အားဖြည့်ပေးဖို့ လိုတယ်လို့ ထင်တယ်” ဟု ဆိုသည်။
မည်သည့်ပါတီကမဆို၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည့် ၈၈ မျိုးဆက်များအား ပြည်သူ့ပါတီအနေဖြင့် တတ် နိုင်သမျှ အကြံဉာဏ်အား၊ လူအား စသည်ဖြင့် ပံ့ပိုးကူညီပေးသွားမည်ဟုလည်း သိရသည်။
တဖက်တွင်လည်း လွှတ်တော်တွင်း ဝင်ရောက်သွားသည့်အခါ ထင်သလို အလုပ်မဖြစ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ် တ ဦးအနေဖြင့် လုပ်နိုင်သည့် အပြောင်းအလဲမျိုး သိပ်မရှိခြင်းတို့ကြောင့် ဟုဆိုကာ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်မယှဉ် ပြိုင်ရန် ဆုံးဖြတ်ထားသည့် အမတ်တချို့လည်း ရှိနေသည်။
ထိုအထဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင် လှိုင်ဝင်းလည်း အပါအဝင်ဖြစ်ပြီး ၎င်းအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD မှလည်းကောင်း၊ တခြားပါတီမှလည်း ကောင်း၊ တသီး ပုဂ္ဂလအဖြစ်လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း တရားဝင် ပြောဆိုထားသည်။
“လွှတ်တော်ထဲကျ အကန့်အသတ်တွေ များတယ်။ ပါတီအောက်က ပြိုင်ရတာ ဖြစ်လို့ ပါတီရဲ့မူအတိုင်းပဲ သွားနေရတာပေါ့။ ကိုယ့်တယောက်တည်းက သိပ်ပြီး ထူးထူးခြားခြား ဘာမှလုပ်လို့မရဘူး။ ပိုပြီးလုပ်နိုင်တဲ့နေရာကို လုပ်ချင်တယ်။ ဒါ ကျနော့် ခံယူချက်ပါ” ဟု ၎င်းက ဧရာဝတီကို ပြောသည်။
လွှတ်တော်ထဲတွင် မည်သူပဲ တက်လာတက်လာ ပါတီ၏ မူဝါဒအတိုင်းသာ မဲပေးရမည် ဖြစ်ကြောင်း၊ လွှတ်တော်အတွင်း အပြောင်းအလဲ ဆိုသည်မှာ ပါတီကြီးများကသာ ဦးဆောင်ပြီး ထိုပါတီ၏ မူအတိုင်း လိုက်လုပ်ရခြင်းဖြစ်ရာ ကိုယ်ပိုင်အစွမ်း အစနှင့် ထိမိသည့်လုပ်ငန်းများ လုပ်ကိုင်ချင်သော၊ ပွင့်ပွင့်လင်းလင်း ပြောဆိုချင်သော လူငယ်များအတွက် လက်ရှိ အခင်း အကျင်းက အဆင်မပြေကြောင်း ဦးအောင်လှိုင်ဝင်း ရှင်းပြသည်။
၎င်းက “ကျနော်တို့ကလည်း လူငယ်ဖြစ်တော့ လူငယ်မျိုးဆက် ခံစားချက်ကို သိတယ်။ အတွေ့အကြုံ ရချင်ရင်တော့ ဝင်ပြီး လုပ် သင့်ပါတယ်။ ဒါပေမယ့် အပြောင်းအလဲ လုပ်ချင်တယ်ဆိုရင်တော့ အခု လောလောဆယ်မှာ လူငယ်တွေကနေ ဦးဆောင် တဲ့ အပြောင်းအလဲဆိုတာတော့ လွှတ်တော်ထဲမှာ သိပ်မလွယ်သေးဘူး” ဟု ဆိုသည်။
ဒီမိုကရေစီတွင် ရွေးကောက်ပွဲကို ဖြတ်သန်းပြီး လွှတ်တော်နိုင်ငံရေး လုပ်ရမည်ကို လက်ခံသော်လည်း ပြီးခဲ့သည့် ၇၅ ရာ ခိုင်နှုန်း NLD အစိုးရ ဦးဆောင်သည့် လွှတ်တော်သက်တမ်း ကာလအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး မည်မျှထိ ခရီးရောက်ခဲ့ သည်၊ တိုင်းပြည်၏ ဒီမိုကရေစီ အပြောင်းအလဲအတွက် မည်သည့်အရာများ လုပ်ပေးနိုင်ခဲ့သည် ဆိုခြင်းတို့ကို ပြန်လည် သုံးသပ်ရမည်ဟု ဖက်ဒရယ်ဒီမိုကရက်တစ် အင်အားစု နိုင်ငံရေး ဦးဆောင် ကော်မတီဝင် ဦးမြအေးကလည်း ထောက်ပြ သည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးလည်းဖြစ်သည့် ဦးမြအေး က “မျိုးဆက်သစ်တွေအနေနဲ့ လွှတ်တော် နိုင်ငံရေးပဲ လုပ်လုပ်၊ လွှတ်တော်ပြင်ပင် နိုင်ငံရေးပဲ လုပ်လုပ် ကောင်းတယ်။ ဒါပေ မယ့် လွှတ်တော်နိုင်ငံရေး တခုတည်းပဲ ရှိတော့တယ်။ တပေါက်တည်းပဲ ရှိတော့တယ် ဆိုတာကတော့ ကျနော် သိပ်လက် မခံဘူး” ဟု ဆိုသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲများ အတိုင်း နိုဝင်ဘာလအတွင်း ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)က ဇွန်လ ၈ ရက်တွင် တရားဝင် ပြောဆိုထားသည်။
၂၀၂၀ ရွေးကောက်ပွဲကို ပါတီသက်တမ်း ၁ နှစ်ကျော်သာ ရှိသေးသည့် ပြည်သူ့ ပါတီကလည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင် ဆင်နေပြီး ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အရေအတွက်နှင့် မဲဆန္ဒနယ်များကိုတော့ ဇူလိုင်လလောက်မှ တရား ဝင် ကြေညာနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
မန္တလေးတိုင်း NLD ပါတီဝင် ဝန်ကြီးအားလုံး ရွေးကောက်ပွဲ ဝင်ပြိုင်မည်
ချင်းပြည်နယ်နှင့် ဒေသကြီး ၄ ခု ၌ ဝင်ပြိုင်မည် ဟု CNLD ပါတီ ပြော
၂၀၂၀ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလတွင် ကျင်းပမည်
၂၀၂၀ ရွေးကောက်ပွဲ ပါတီကြီးအချို့ ကြိုတင် ပြင်ဆင်