လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ အမျိုးသမီးကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မှုမှာ ယခင် အထွေထွေရွေးကောက်ပွဲထက် ပိုမို များပြားလာကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှုမှာ ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ၁၃ ရာခိုင်နှုန်းရှိရာမှ ယခုနှစ် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ၂၀ ရာခိုင်နှုန်းအထိ ဝင်ရောက်ယှဉ်ပြိုင်သူ တိုးလာကြောင်း ဖန်တီးအိမ်အဖွဲ့မှ ဒါရိုက်တာ ဒေါ်ခင်လေးငယ်က ပြောသည်။
ရွေးကောက်ပွဲတွင် အမျိုးသမီးပါဝင်မှု လေ့လာစောင့်ကြည့်ရေး လုပ်နေသည့် ဒေါ်ခင်လေးငယ်က “NLD မှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ တိုးလာတာကတော့ ကြိုဆိုရမှာပါ။ NLD ပါတီတင် မကဘူး။ တခြား တိုင်းရင်းသားပါတီတွေ မှာပါ တိုးမယ်လို့ မျှော်လင့်ပါတယ်။”ဟု ဆိုသည်။
အချို့ပါတီများတွင် အမျိုးသမီးပါဝင်မှုကို ဦးစားပေးလုပ်ဆောင်မှုများ၊ မူဝါဒတွင် ထည့်သွင်း ရေးဆွဲခြင်းများ တွေ့ရကြောင်း၊ အမျိုးသမီးများအနေဖြင့် အစိုးရအဖွဲ့တွင်း ရောက်ရှိပါက စွမ်းဆောင်ရည်များထုတ်ဖော် ပြသရန် မျှော်လင့်ကြောင်းလည်း ၎င်းက ပြောသည်။
ဒေါ်ခင်လေးငယ်က“အမျိုးသားတွေက အမျိုးသမီးတွေကို နေရာပေးလာတာ ပါသလို အမျိုးသမီးတွေ ကိုယ်တိုင်က နိုင်ငံရေးမှာ ငါတို့လည်း ပါဝင်ပြီး ဆောင်ရွက်ဖို့လိုတယ်။ သူတို့မှာလည်း အရည်အချင်းရှိတယ်။ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုတွေ ပိုများလာတယ် ဆိုတာမျိုးတွေ ကျမတို့ တွေ့ရတယ်။ အဓိကက အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လာပြီး အမည်စာရင်း တင်သွင်းတာမျိုးတွေအထိ ဖြစ်လာတာ”ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာဇော်မြင့်မောင်ကလည်း ၂၀၂၀ အထွေထွေ ရွေးကောက် ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရှိပြီး ၂၀၁၅ မှ အနိုင်ရသည့် ကိုယ်စား လှယ်ဟောင်းများပါဝင်သလို အသစ်လျှောက်ထားမှုများလည်းရှိကြောင်း ထုတ်ဖော် ပြောကြားထားသည်။
NLD မှ ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် လျှောက်ထားသူများသည် သတ်မှတ်ထားသည့် လွှတ်တော် ကိုယ်စား လှယ်လောင်းများ အရည်အချင်း တူညီစွာရှိနေပါက (၁) တိုင်းရင်းသား ၊ (၂) လူငယ်၊ (၃) အမျိုးသမီး ကို ဦးစားပေး ရွေးချယ်သည်ဟု သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ရွေးချယ်ခံမည့် တိုင်းဒေသကြီး NLD လုပ်ငန်းကော်မတီ ဒု- ဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ က “ခေါင်းဆောင်တွေက တာဝန်ပေးရင် အလုပ်လုပ်မယ်။ အခု ခေါင်းဆောင်တွေ အနေနဲ့ ရွေးချယ်လိုက်တယ်။ ဝမ်းသာတယ်။အလုပ်ကတော့ ပါတီဆိုက် ကလည်း အလုပ်လုပ်နေရတာပဲ။ လွှတ်တော်ကိုယ်စားလှယ် ဆိုက်ရောက် တော့လည်း အလုပ်လုပ်ရမှာပဲ။ အလုပ်က တော့ အမြဲတမ်း ဒီ NLD က ပါတီရော၊ လွှတ်တော်ရော၊ အစိုးရရော အကုန် အလုပ်တွေနဲ့ပဲ။ ဒီအလုပ်တွေပဲ လုပ်ရမှာပဲ။ ကိုယ်ကိုယ်တိုင်လည်း လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားပြီဆိုရင် လွှတ်တော်ပိုင်းဆိုင်ရာ အလုပ်ပါ တိုးပြီး လုပ်ရမှာ ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီတွင် အဖွဲ့ဝင် ၁ ဦးလည်း ဖြစ်သည့် ဒေါ်အေးမြမြမျိုးက ၎င်းတာဝန်ထမ်းဆောင်နေသည့် လွှတ်တော်သက်တမ်းအတွင်းတွင် လုပ်ဆောင် ခဲ့သည့် လုပ်ငန်းများအပေါ် ကျေနပ်အားရမှု ရှိသလို အကန့်အသတ်များ အကြား လုပ်ဆောင်ရခြင်းလည်း ရှိခဲ့သည်ဟု အတွေ့အကြုံကို ပြောပြသည်။
ဒေါ်အေးမြမြမျိုးက “အရင်တုန်းက အမျိုးသမီးပါဝင် တာကိုက နည်းတာပါ။ အခက်အခဲတွေ အများကြီးရှိတယ်။ အမျိုးသမီး တွေက လွှတ်တော်ထဲမှာ ဝင်လုပ်ချင်ပေမယ့် နောက်ဆံတင်းစရာတွေ များတဲ့အတွက် ဝင်မလုပ်ဖြစ်တာများတယ်”ဟု ပြောသည်။
လာမည့် ရွေးကောက်ပွဲတွင် NLD ပါတီမှ အမျိုးသမီးကိုယ်စားလှယ်လောင်းအနေဖြင့် ရန်ကုန်မှ ၄၃ ဦး၊ မန္တလေးမှ ၇ ဦး၊ ကချင်မှ ၁၃ ဦး၊ ကရင်မှ ၅ ဦး၊ ချင်းမှ ၃ ဦး၊ ကယားမှ ၈ ဦး စသည်ဖြင့် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၃၁၉ နေရာ၊ အမျိုးသားလွှတ်တော် ၁၆၂ နေရာ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော် ၆၂၂ နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ၂၉ နေရာ စုစုပေါင်း ၁၁၃၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု NLD က ထုတ်ပြန်ထားသည်။
ဆက်စပ်လင့်
သမ္မတနှင့် အတိုင်ပင်ခံတို့ ရွေးကောက်ပွဲ ရန်ကုန်တွင် သွားရောက်ယှဉ်ပြိုင်မည်
ဦးဖြိုးမင်းသိန်း၏ နိုင်ငံရေး အချိုးအကွေ့ အတက်အကျများ
အခြေခံ မဲဆန္ဒရှင်စာရင်း ဇူလိုင် ၂၅ ရက်နေ့ စတင်ကြေညာမည်
၂၀၂၀ ရွေးကောက်ပွဲအလွန် ညွန့်ပေါင်းအစိုးရဖြစ်လာနိုင်သလား