ကယားပြည်နယ်၊ ဒီးမော့ဆိုမြိုနယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ၁၀ ဦးအား ဘော်လခဲမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဩဂုတ် ၁၈ ရက်နေ့ ညနေပိုင်းက လက်နက်များနှင့်အတူ ဖမ်းမိခဲ့ကြောင်း အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့ညသတင်းတွင် ဖော်ပြခဲ့သည်။
ဖမ်းဆီးခံရသူများမှာ ကိုမန်းဒီဇင်(ခ)ငမန်း၊ ကိုနိုင်ထွန်းလင်း(ခ)ဆိတ်ကုလား၊ ကိုမျိုးဇော်ဟိန်း(ခ)မျိုးကြီး၊ ကိုဟန်ပြည့်ညီ(ခ) ငါးကလေး၊ ကိုကျော်မင်းထက် (ခ) ဗျတ္တ၊ ကိုကျော်ဇင်ဦး (ခ) အာနိုး၊ ကိုဖြိုးဘိုဘို (ခ) ဖြူဖွေး၊ ကိုပေါလု (ခ) ဘင်ဘင်း၊ ကိုကောင်းထက်အောင် (ခ) ကောင်းထက်နှင့် ကိုစိန်သန်းဌေး (ခ) သံချောင်းဆိုသူတို့ဖြစ်ပြီး ဖားဆောင်းမြို့မှ ဒီမော့ဆိုမြို့သို့ လက်နက်များ သယ်ဆောင်လာစဉ် ဖမ်းမိခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
၎င်းတို့အား ဖမ်းဆီးရာတွင် M-16 သေနတ် 4 လက်၊ MK-12 သေနတ် ၃ လက်၊ ပစ္စတို ၃ လက်၊ ကျည်မျိုးစုံ ၉၀၆ တောင့်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိခဲ့ကြောင်းလည်း စစ်ကောင်စီက ဆိုထားသည်။
ယင်းအပြင် ကယားပြည်နယ်အခြေစိုက် လွိုင်ကော် PDF ၊ ဒီမော့ဆို PDF နှင့် KNDF (ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်ဖွဲ့) တို့ အား ငွေကြေးထောက်ပံ့နေသည်ဟုဆိုကာ ဒေါ်မျိုးပပ ဆိုသူကိုလည်း သန်လျင်မြို့နယ်၊ Star City အိမ်ယာတွင် ဩဂုတ် ၁၂ ရက်နေ့ ညပိုင်းက ဖမ်းဆီးခဲ့ပြီး ၎င်းအနေဖြင့် စင်္ကာပူနိုင်ငံနေ ကိုငြိမ်းချမ်းဆိုသူနှင့် Together Myanmar အဖွဲ့တို့က ပေးပို့သည့် ငွေများအား ပေးပို့ထောင်ပံ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
၎င်းနှင့်ဆက်စပ်ပြီး မလင်းလင်းခိုင် (ခ) ထွေးခိုင်နှင့် ကိုရဲနိုင်ထွေး (ခ) ကိုရဲ တို့နှစ်ဦးကိုလည်း လွိုင်ကော်မြို့၊ ရှမ်းပိုင်းရပ်ကွက်တွင် ဩ ဂုတ် ၁၅ ရက်နေ့က ဖမ်းမိခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအား ထောက်ပံ့ပေးနေသူများနှင့် ကယား ပြည်နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင်များနှင့် ငွေကြေးထောက်ပံ့နေသူများအား ယခုဩဂုတ်လအတွင်း ဖမ်းမိခဲ့ကြောင်း အာဏာ သိမ်းစစ်ကောင်စီက ယမန် နေ့ညသတင်းတွင် ဖော်ပြခဲ့သည်။
ယင်းအပြင် ဩဂုတ် ၁၂ ရက်နေ့ကလည်း ရန်ကုန်ရှိ PDF များအား ထောက်ပံ့ပေးနေသည်ဟုဆိုကာ NLD ပါတီပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မြတ်သူ၊ ဦးထိန်ဝင်း၊ ကိုအေးမင်းစိုး၊ မအေးသူဇာ၊ ကိုဇော်လင်းတို့ ၅ ဦးအား တိုက်ကြီးမြို့နယ်တွင် ဖမ်းဆီးခဲ့ပြီး ၎င်းတို့နှင့် ဆက်စပ်သူများဟုဆိုကာ မစံပယ်အား မင်္ဂလာဒုံမြို့နယ်တွင် လည်းကောင်း၊ ကိုထွန်းထွန်းအား ထောက်ကြံ့မြို့တွင် လည်းကောင်း၊ မဥမ္မာခင်အား မြောက်ဒဂုံတွင်လည်းကောင်း၊ မအေးငြိမ်းမိုးနှင့် ကိုအောင်သူထက်တို့အား တောင်ဒဂုံမြို့နယ်တွင် လည်းကောင်း အသီးသီးထပ်မံဖမ်းမိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
တိုက်ကြီးမြို့နယ်တွင် ဖမ်းဆီးခံရသူ ၅ ဦးနှင့် ပတ်သက်ပြီး ဖမ်းဆီးစဉ်က မှတ်တမ်းဓာတ်ပုံအား စစ်ကောင်စီက ဖော်ပြရာတွင် ကျန်လေးဦးအား ဖော်ပြခဲ့သော်လည်း မင်္ဂလာဒုံမြို့နယ်၊ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းတဦးဖြစ်သူ ကိုအေးမင်းစိုးအား ထည့်သွင်းဖော်ပြထားခြင်းမရှိသည့်အတွက် အသက်အန္တရာယ်အခြေအနေအား စိုးရိမ်နေသူများလည်း ရှိနေကြသည်။
တိုက်ကြီးဖမ်းဆီခံရသူများထဲမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြန်ကြားရေးအဖွဲ့ဝင်ဟောင်း ကိုထိန်ဝင်း ဆိုသူမှာလည်း မင်္ဂလာဒုံ မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတိယခေါင်းဆောင်တဦးဖြစ်ကြောင်းလည်း စစ်ကောင်စီက စွပ်စွဲထားသည်။
ယင်းအပြင် ၎င်းတို့နှင့် ဆက်စပ်သည်ဟုဆိုကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည့် ရန်ကုန်တိုင်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ၏ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းကိုလည်း ဩဂုတ် ၂၅ ရက်နေ့က ထောင်ဝင်စာသွားရောက်ပို့ဆောင်စဉ် အင်းစိန်အကျဉ်းထောင်အ နီး၌ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး PDF များအား ထောက်ပံ့ပေးနေကြောင်း စွပ်စွဲထားသည်။
You may also like these stories:
ဒီးမော့ဆို၌ စစ်တပ်က အရပ်သားများကို ဖမ်း၍ ရှေ့တန်းသို့ ချုပ်နှောင် ခေါ်သွား
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကယားတွင် အရပ်သား နှစ်ဦး ဒဏ်ရာရ
ပန်ဆိုင်းနှင့်မုံးကိုး တိုက်ပွဲများကြောင့် အရပ်သားရာချီ ထွက်ပြေးနေရ
စစ်ရေးတင်းမာနိုင်သဖြင့် ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါးများ စုဆောင်းရန် KNDF ပြော