၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ အင်အားစု ခေါင်းဆောင်တဦးလည်းဖြစ်သူ ဝါရင့်ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကိုမြအေးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းစဉ် နံနက်အစောပိုင်းကတည်းကပင် ဖမ်းဆီးခံခဲ့ရသည့် ပထမဆုံး ပြည်သူများထဲတွင် တဦးအပါအဝင် ဖြစ်သည်။
စစ်ကောင်စီ၏ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခြင်းကိုခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအစောပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ကိုမြအေးသည် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုမှ စတင်ကာ စစ်အာဏာရှင်များ၏ ဖမ်းဆီးထောင်ချခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသူလည်း ဖြစ်သည်။
လတ်တလောတွင် အာဏာသိမ်းကာလ နှစ်နှစ်ကျော်ကြာလာသည့် အချိန်တွင် စစ်ကောင်စီက အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်ကာ သံခင်းတမန်ခင်း လုပ်ဆောင်ရန် ကြိုးပမ်းနေသည့် အခြေအနေနှင့် နိုင်ငံ၏ လက်ရှိ အခြေအနေများအပေါ် ၎င်း၏ အမြင်များကို ဧရာဝတီက မကြာသေးမီက မေးမြန်းထားသည်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ထုတ်သုံးလာတာ ဘာသဘောလဲ။ စစ်ကောင်စီရဲ့ ထွက်ပေါက် သက်သက်လား။
ဖြေ ။ ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့သွားတာကို ပထမဆုံး အတည်ပြုနိုင်တဲ့ သတင်းအရင်းအမြစ်ကို ကျနော်တို့ ရှာတာပေါ့ဗျာ။ ခုတော့ အတည်ပြုလို့ ရသွားပြီပေါ့ဗျာ။ အဲ့ဒီမှာ ကျနော်တို့ အမြင်ကျတော့ ဒေါ်အောင်ဆန်းစုကြည် ပြောစကားပေါ်မှာ အခုဆို တော်တော်များများ အငြင်းပွားမှုတွေရှိတယ်။ ဒါပေမယ့် ဒီပြောစကားက ဟုတ်သလား၊ မှန်သလားဆိုတာလည်း ဆန်းစစ်ဖို့တော့ ခက်ခဲသေးတယ်လို့ ကျနော်ထင်တယ်။
ကျနော် အဓိက ပြောချင်တာတော့ဗျာ၊ နိုင်ငံရေးဆိုတာက မူသဘောထားနဲ့ ကိုယ်ခံယူထားတဲ့ ရပ်တည်ချက်တွေ အပေါ်မှာပဲ မူတည်တယ်လို့ ကျနော် မြင်ပါတယ်ဗျ။ ဒီနိုင်ငံရေးက ပုဂ္ဂိုလ်ရေးတယောက်အပေါ်မှာ အမှီသဟဲပြုပြီး သွားလို့ မရဘူးလို့ ကျနော်မြင်ပါတယ်။ ကိုယ်ရပ်တည်ထားတဲ့ ရပ်တည်ချက်တွေနဲ့ အရာရာကို တိုင်းထွာ စဉ်းစားခြင်းကသာ ကျနော်တို့ လမ်းမှန်တခုကို ရောက်နိုင်မယ်။ ကိုယ်ယုံကြည်တဲ့လမ်းတခုကို လျှောက်တဲ့အခါမှာ ဖြောင့်ဖြောင့်တန်းတန်း လျှောက်နိုင်မယ်လို့ ကျနော်မြင်ပါတယ်။
နိုင်ငံရေးမှာတော့ သဘောထားတူခြင်း၊ မတူခြင်း၊ သဘောထား ကွဲလွဲခြင်း၊ မကွဲလွဲခြင်း အများကြီး ရှိနိုင်ပါတယ်။ ရှိနိုင်တဲ့ဟာတွေက ကျနော်တို့က ပစ်ပယ်ရမှာ မဟုတ်ပါဘူး။ စဉ်းစားရတော့မှာ ဖြစ်ပါတယ်။ သို့သော်လည်း ကိုယ့်ရဲ့ စဉ်းစားမှုအခံသည် ကိုယ် ဘာကိုမျှော်လင့်လဲ၊ ကိုယ် ဘယ်လမ်းကြောင်းကို လျှောက်နေသလဲ ဆိုတဲ့ အခံပေါ်ကပဲ စဉ်းစားရတယ်လို့ ကျနော် အဲ့ဒီလို နားလည်ထားပါတယ်။
နောက်တခုက ဒီအခြေအနေ ဖြစ်လာခြင်း ဆိုတာကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အခုချိန်မှာ နိုင်ငံရေးက ရှေ့မတိုးသာ နောက်မဆုတ်သာတဲ့ အခြေအနေတွေလို့ ကျနော်တို့ မြင်ပါတယ်။ ဒါ တပ်ဘက်က ကြည့်မယ်ဆိုရင်လည်း အားလုံးသိတဲ့အတိုင်းပဲ၊ တကယ်တမ်းက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျတော်တို့ နှစ်နှစ်တာ ကာလ ပြီးသွားလို့ရှိရင် ရွေးကောက်ပွဲ ကျင်းပရမယ့်အချိန်ကို သွားရမှာလေ။
အဲ့ဒါကိုလည်း လက်ရှိတိုင်းပြည်ရဲ့ ပကတိ အခြေအနေ၊ မြင်တွေ့တဲ့ အခြေအနေအရဆိုရင်လည်း ဘယ်လိုမှ ကျင်းပနိုင်တဲ့ အခြေအနေမျိုး မရှိဘူး။ တိုင်းပြည်မှာက အားလုံးမြင်တဲ့အတိုင်းပဲ။ မကွေး၊ စစ်ကိုင်း၊ ကရင်နီ၊ ကရင် အစရှိတဲ့ နေရာဒေသ တော်တော်များများ မှာ တည်ငြိမ်မှု မရှိတဲ့အခါကျတော့ ရွေးကောက်ပွဲ ကျင်းပဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ အဲ့လိုပဲ ကျနော်တို့ ဒီဘက်က အင်အားစုတွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်း မူလရည်မှန်းချက်ကို လျှောက်လှမ်းတဲ့အခါမှာ ရောက်ဖို့က အတော်အတန် ခက်ခဲနေသေးတဲ့အခြေအနေလို့ ကျနော်မြင်ပါတယ်။ ဆိုလိုတာက ဒီအခြေအနေက deadlock ဖြစ်နေတဲ့ အခြေအနေလို့ မြင်ပါတယ်။
နိုင်ငံရေးဆိုတာက မူသဘောထားနဲ့ ကိုယ်ခံယူထားတဲ့ ရပ်တည်ချက်တွေ အပေါ်မှာပဲ မူတည်တယ်လို့ ကျနော် မြင်ပါတယ်ဗျ။ ဒီနိုင်ငံရေးက ပုဂ္ဂိုလ်ရေးတယောက်အပေါ်မှာ အမှီသဟဲပြုပြီး သွားလို့ မရဘူးလို့ ကျနော်မြင်ပါတယ်။
ဒီအခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးမျက်နှာစာကို ပြန်တက်လာတယ်ဆိုတဲ့ ဟာကလည်း အထူး အရေးကြီးတဲ့ အခန်းကဏ္ဍတခုကို ဖွင့်လှစ်လာတယ်လို့ ကျနော်မြင်ပါတယ်။ အဲ့ဒါကြောင့် နိုင်ငံရေး ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ တချို့ကနေ ထွက်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်ရှိတဲ့ တချို့တွေလည်း ကြီးထွားလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ လေ့လာသုံးသပ်ဖို့ ဆိုတာကတော့ တကယ်ရော တိုင်းပြည် အခြေအနေကောင်းသွားဖို့ အခြေအနေတွေ ရှိလာမလားဆိုတာကတော့ နိုင်ငံရေး ကြိုးပမ်းဆောင်ရွက်မှု အသွယ်သွယ်တွေ ရှိနိုင်တယ်။ တည့်တည့်ပြောရမယ်ဆိုရင် အခု လူငယ်တွေလုပ်နေတဲ့ နည်းလမ်းတွေလည်း ရှိသလို တခြားသောနည်းလမ်းတွေလည်း ရှိနိုင်တယ်။ ဘယ်နည်းလမ်းက ပြည်သူလူထုရဲ့ ဆန္ဒကိုဖြည့်စွမ်းပေးနိုင်မလဲဆိုတဲ့ ရလဒ်ပေါ်မှာပဲ မူတည်မယ်လို့ ကျနော်မြင်ပါတယ်။
မေး ။ ။ ဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ကို နည်းလမ်းတခုအနေနဲ့ ထုတ်သုံးလာတယ်ဆိုတာမှာ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်စုရဲ့ Role က Relevant ဖြစ်သေးလား၊ ဘယ်လိုထင်ပါသလဲ။ ဒေါ်စုက မြန်မာနိုင်ငံရေးမှာ centrality မဟုတ်တော့ဘူးလို့ သုံးသပ်ကြတာ တချို့ရှိနေတော့ ဘယ်လိုမြင်လဲ။
ဖြေ ။ ။ အဲ့ဒါကတော့ သဘောထားနည်းနည်း ကျနော်နဲ့ မသက်ဆိုင်ဘူးလို့ ကျနော်ထင်ပါတယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ အမြဲတမ်းပြောပါတယ်။ ကိုယ်နဲ့ သဘောထား ကွဲလွဲမှုတွေကတော့ ရှိနိုင်တယ်။ ဒေါ်စုမှ မဟုတ်ဘူး။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ဒီ သဘောထားကွဲလွဲတယ်ဆိုတဲ့ အတိုင်းအတာပေါ် မူတည်ပြီး စဉ်းစားပြီးတော့မှ ဒါက Center မှာ မရှိတော့ဘူးလို့ ပြောဆိုခြင်း သုံးသပ်ခြင်းကတော့ နည်းနည်း အစွဲမကင်းတဲ့ သုံးသပ်ချက်မျိုး ဖြစ်သွားနိုင်ပါတယ်ဗျ။
သေချာတာတခုကတော့ နံပါတ် ၁ ကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ပြည်သူအများစုကြီးက လက်ခံထားဆဲဖြစ်တဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ်ဆိုတာကတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး။
ဒါပေမယ့် သေချာတာတခုကတော့ နံပါတ် ၁ ကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ပြည်သူအများစုကြီးက လက်ခံထားဆဲဖြစ်တဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ်ဆိုတာကတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဒေါ်စုနဲ့သဘောထား မတိုက်ဆိုင်တာတွေ ရှိနိုင်တယ်၊ ရှိလည်းရှိတယ်၊ ရှိလည်းရှိခဲ့တယ်။ ဒါက မတိုက်ဆိုင်တာပဲ ဖြစ်တယ်။ ဒါပေမယ့် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်အပေါ် တိမ်းညွတ်နေမှု အပေါ်မှာတော့ ကျနော်တို့ မတိမ်းညွတ်နဲ့လို့ သွားပြောလို့ မရဘူးဗျ။
ကျနော်တို့က လက်ရှိအရှိတရားကို ပြန်ကြည့်မယ်ဆိုလည်း ပြည်သူလူထုကြီးက အမေစုဆိုပြီးမှ လက်ခံထားတာလေ။ ဘယ်နဲ့လုပ်သွားပြီးတော့မှ ကျနော်တို့က ဒါကြီးကို လက်မခံနဲ့လို့ သွားလုပ်လို့ရမလဲ။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ အစွဲဆိုတာက ငါနဲ့ မတူဘူးကွာ၊ ငါနဲ့ မကြိုက်ဘူးကွာ၊ မတူတဲ့ဟာကို ဘယ်လို ထုံးသုတ်ရမလဲဆိုတဲ့ စဉ်းစားမှုမျိုးတော့ မဖြစ်စေချင်ဘူး။ ကျနော်မြင်တာက။ အဲ့ဒါကို ကျနော်ဆိုလိုခြင်း ဖြစ်ပါတယ်။ ငါနဲ့မတူဘူး၊ ငါတွေးတာ ပိုမှန်တယ်ဆိုလို့ရှိရင် ကျတော်တို့က ကိုယ့်ဘာကိုယ် Narrow down angle ထဲကို ပြန်ရောက်သွားလိမ့်မယ်။
နောက်တချက်က ဘာလဲဆိုတော့ ဒေါ်စုတယောက်တည်းနဲ့ ဖြေရှင်းနိုင်မလားဆိုတဲ့ အခြေအနေပေါ့။ ဒီကနေ့ ဖြစ်နေတဲ့ပြဿနာက ဖက်ဒရယ်ဒီမိုကရေစီရေး ပြဿနာ ဖြစ်သွားပြီဗျ။ ပြောမယ်ဆိုရင်တော့ ကျနော်တို့ အရင်ဖြစ်ခဲ့တဲ့ ပုံသဏ္ဍာန်တွေထက် တဆင့်မြင့်တဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေ ရှိလာတယ်။ ဆိုလိုချင်တာက ဟို တိုင်းရင်းသားအင်အားစုတွေ မပါဘဲနဲ့ ကျနော်တို့ ဒီပြဿနာကို ဖြေရှင်းလို့မရဘူး။ မရတဲ့အကြောင်းကိုလည်း ဒါ ပြီးခဲ့တဲ့ ၂၀၁၀ မှာ တက်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်တွေကို ပြန်ကြည့်ရင်လည်း တွေ့နိုင်ပါတယ်။ ၂၀၁၅ ခုနှစ် ဒုတိယ ပင်လုံအစည်းအဝေးတွေကို ခေါ်ခြင်းအားဖြင့် တိုင်းပြည်မှာ ပြည်တွင်းစစ် ချုပ်ငြိမ်းအောင် ကြိုးပမ်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရရဲ့ကြိုးပမ်းမှု ကြည့်မြင်နိုင်ပါတယ်။
အခုချိန်မှာ ရွေးကောက်ပွဲ ပြန်ပီးတော့ လုပ်လိုက်။ အရင်ပုံစံမျိုး ပြန်လုပ်ကြည့်လိုက်။ သေချာတယ်။ NLD ပဲနိုင်မှာပဲ၊ လက်ရှိအနေအထားက။ ဒါပြည်သူက ရွေးချယ်ထားတာ။
ပြောချင်တာတော့ တိုင်းရင်းသားတွေရဲ့ နဂိုမူလရပိုင်ခွင့်ကိုလည်း ဖော်ဆောင်ချင်တယ်၊ တိုင်းပြည်မှာ ဒီမိုကရေစီလည်း ရှင်သန်စေချင်တယ်ဆိုတဲ့ လူငယ်တွေရဲ့မျှော်လင့်ချက်က မြင့်မားပါတယ်။ ဒီမြင့်မားမှုကို သွားတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းနဲ့တော့ ဖြေရှင်းဖို့ မလွယ်ဘူး၊ မရနိုင်ဘူးလို့ ကျနော်မြင်ပါတယ်။ မရတဲ့အကြောင်းကိုလည်း အထူးပြောတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၅ ကနေ ၂၀၂၀ အတွင်း ဒါတိုင်းရင်းသားတွေနဲ့ သဘောထားချင်း အဟတွေ ရှိခဲ့တယ်။ အဲဒီအဟတွေကို ကြည့်ခြင်းအားဖြင့် ထင်ရှားပါတယ်။
မေး ။ ။ ခုနပြောသလို ဒေါ်စုတယောက်တည်း ဖြေရှင်းလို့မရဘူး၊ တိုင်းရင်းသားတွေလည်း ပါရမယ်။ ကိုမြအေးလည်း ပြောလေ့ရှိတယ်၊ မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုနဲ့ NLD က ဖယ်လို့မရဘူး ပြောဖူးတော့ အခုရော အဲ့ဒီလိုမျိုး မြင်သေးလား။
ဖြေ ။ ။ ကျနော် ပြောပြီးပြီလေ။ ဒေါ်စုနဲ့ NLD ရဲ့ အခန်းကဏ္ဍက မြန်မာပြည်မှာ လက်ရှိ ကျနော် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်ဗျာ၊ အခုချိန်မှာ ရွေးကောက်ပွဲ ပြန်ပီးတော့ လုပ်လိုက်။ အရင်ပုံစံမျိုး ပြန်လုပ်ကြည့်လိုက်။ သေချာတယ်။ NLD ပဲနိုင်မှာပဲ၊ လက်ရှိအနေအထားက။ ဒါပြည်သူက ရွေးချယ်ထားတာ။ ကျနော်တို့က ဒီအရှိတရားကြီးကိုတော့ ပစ်ပယ် စဉ်းစားလို့ မရဘူး။
သို့သော် ဒီအရှိတရားကို ပစ်ပယ် စဉ်းစားလို့ မရသလို ဒီအရှိတရား တခုတည်းကနေပြီးမှ တိုင်းပြည်ပြဿနာ အလုံးစုံကို ပြေလည်သွားအောင် ဖြေရှင်းနိုင်လိမ့်မယ်လို့လည်း ယူဆလို့ မရပြန်ဘူး။ ဖြစ်နေတဲ့ပြဿနာက ပြည်မ ဒီမိုကရေစီရေးဆိုတဲ့ ကိစ္စတခု မဟုတ်ဘူးဗျ ဒါက။ အခုဖြစ်တာက။ လူထုလှုပ်ရှားမှုရဲ့ ဖြစ်ပေါ်တိုးတက်မှု အဆင့်ဆင့်ကို ပြန်စဉ်းစားမယ်ဆိုရင် အတောင်အလက်စုံတဲ့ အခြေအနေကို ရောက်သွားတယ်။
တိုင်းရင်းသားတွေကို ချန်လှပ်ထားလို့ မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အခန်းကဏ္ဍ အရေးကြီးသလို တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကလည်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတယ်လို့ မြင်ပါတယ်။
အတောင်အလက်စုံတယ်ဆိုတာက ပထမ ကျနော်တို့ ၁၉၈၈ ကနေပြောမယ်ဆိုရင် ဒီမိုကရေစီရေးဗျ။ ဖက်ဒရယ်ရေးဆိုတာ မပါဘူး။ မပါဘူးဆိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒီအချိန်တုန်းက ကျနော်တို့ ကျောင်းသားတပိုင်း လှုပ်ရှားမှုတွေရှိခဲ့တဲ့အခါမှာကိုက ဖက်ဒရယ်ကို ကောင်းကောင်း နားမလည်တာပါသလို ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့မှလည်း ကျနော်တို့ တလျှောက်လုံး မှိုင်းတိုက်ခံရတာက ဖက်ဒရယ်သည် ပြည်ထောင်စုကြီးကို ပြိုကွဲစေတယ်။ ဒါကြောင့် ၁၉၆၂ မှာ အာဏာသိမ်းတယ်ဆိုတဲ့ သမိုင်းအို သမိုင်းဟောင်းကိုပဲ လုပ်သမိုင်းကိုပဲ သင်ခဲ့ရတော့ အဲ့ဒါတွေက ရိုက်ခတ်မှုတွေရှိခဲ့တယ်။
တဖြည်းဖြည်းနဲ့ ဖြတ်သန်းမှုနဲ့ ရင့်ကျက်လာတာနဲ့အမျှ တိုင်းပြည်မှာ ပြည်တွင်းစစ်ချုပ်ငြိမ်းအောင် တိုင်းပြည်က တိုင်းရင်းသားတွေ နဂိုမူလ ရပိုင်ခွင့်ဖြစ်တဲ့ ဖက်ဒရယ်ကို တို့ လုပ်မှရမယ်ဆိုတာ မြင်လာတယ်။ အခု လူငယ်တွေကျတော့ ပိုမြင်သွားပြီ။ ကျနော်တို့မြင်တာထက် သူတို့ပိုမြင်သွားပြီ။ ပိုမြင်သွားပြီဆိုတော့ ဒီကနေ့လိုအပ်နေတာ ဖက်ဒရယ် ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ နိုင်ငံရေးအခင်းအကျင်း ဖြစ်တယ်ဗျ။
ဒီနိုင်ငံရေးအခင်းအကျင်းကို ဒီ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပေါ့ဗျာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်သလို မူတည်တဲ့အခါမှာလည်း တိုင်းရင်းသားကိစ္စကို ဖယ်ပြီးတော့ စဉ်းစားလို့မရဘူးလို့ ကျနော်က မြင်တယ်။ ပြောရရင်တော့ သိပ်အသစ်တော့ မဟုတ်ဘူးဗျ။ ဒါက ၁၉၉၀ လိုနှစ်တွေက ပြောခဲ့တဲ့ သုံးပွင့်ဆိုင်ပေါ့ဗျာ။ အဲ့ဒီပုံစံမျိုးကို ပြန်ရောက်တဲ့ပုံစံ အလားသဏ္ဍာန်ပေါ့ဗျာ။ တထပ်တည်း မဟုတ်ပေမယ့် ပြန်ရောက်တယ်လို့ မြင်ပါတယ်။
အခုဟာကတော့ တိုင်းပြည်ကတော့ တော်တော့်ကို စုတ်ပြတ်သတ်နေပြီလေ၊ ကျနော်မြင်တာကတော့။ ကျနော့်တယောက်တည်း အယူအဆဆို Failed state (ကျဆုံးနိုင်ငံ) ပဲ။
အဲ့ဒါကြောင့်မို့လို့ အခုချိန်မှာတော့ သေချာတယ်၊ နံပါတ် ၁ သည် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလူထုကနေပြီး ထောက်ခံထားတယ်ဆိုတာ အရှိတရားဖြစ်တဲ့အတွက် ကျနော်တို့ ငြင်းပယ်လို့မရပါဘူး။ အဲ့ဒီလိုပဲ အရှိတရားဖြစ်တဲ့အတွက် တိုင်းရင်းသားတွေရဲ့ နဂိုမူလအခွင့်အရေးကို ဖော်ဆောင်ရမယ်။ ပြည်တွင်းငြိမ်းချမ်းမှုရအောင် လုပ်မယ်ဆိုလို့ရှိရင် ဒီပြဿနာကို ဖြေရှင်းဖို့ဆိုတာလည်း ကျနော်တို့ရဲ့ အဆက်ဆက် ပေးလိုက်ခဲ့တဲ့ သမိုင်းအကြွေးတခု တင်နေတာပဲ။ ဒါတွေကို ဖြေရှင်းမယ်ဆိုရင်တော့ တိုင်းရင်းသားတွေကို ချန်လှပ်ထားလို့ မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အခန်းကဏ္ဍ အရေးကြီးသလို တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကလည်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတယ်လို့ မြင်ပါတယ်။
မေး ။ ။ ပြည်သူနဲ့လည်း ပိုဝေးသွားတဲ့ပုံစံ ဖြစ်မှာပေါ့။
ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားပေါ်မှာ ရိုက်ခတ်မှုက ကြီးတယ်။ ကြီးလောက်အောင်လည်း သူ့စကားရဲ့သက်ရောက်မှုက ကြီးလို့ ရိုက်ခတ်မှုက ကြီးတာပေါ့ဗျာ။ ကျနော့်သဘောဆိုလို့ရှိရင် ကိုယ့် နိုင်ငံရေးရပ်တည်ချက်တွေ ခိုင်ခိုင်မာမာ ရှိနေတယ်ဆိုရင် မည်သူ့စကား သက်ရောက်မှု ကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ၊ ကိုယ့်နိုင်ငံရေး ရပ်တည်ချက်နဲ့တူရင် ကျနော်တို့ တွဲသွားမှာပဲ။ မတူဘူးဆိုလို့ရှိရင် ခွဲပြီးလုပ်ရမှာပဲ၊ ဒါပဲ။ ကျနော်က ရှင်းရှင်းလေးပဲမြင်တယ်။
အဲ့ဒီအပေါ်မှာ ကျနော်တို့က ရန်ဘက်ပုံစံမျိုး စဉ်းစားစရာမလိုဘူးလို့ ကျနော်မြင်တယ်။ ကျတော်တို့ရဲ့ နိုင်ငံရေးလုပ်ရပ်တခုကို မှန်၏၊ မှား၏ ဆိုတာက ကျနော်တို့ ဘယ်လောက် စွမ်းဆောင်နိုင်မလဲ၊ ပြည်သူလူထုက ဘယ်လောက် လက်ခံမလဲဆိုတာနဲ့ပဲ တိုင်းတာရမယ်လို့ ကျနော်မြင်တယ်။ အလားတူပဲ၊ ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ဘူး၊ ဘယ်နိုင်ငံရေးသမားပဲဖြစ်ဖြစ် ပြည်သူလူထု ထောက်ခံမှု မရှိဘူးဆိုလို့ရှိရင် ဘာမှ လုပ်လို့မရပါဘူး။
မေး ။ ။ တိုင်းပြည်အခြေအနေကို ပြောရမယ်ဆိုရင် အခုလက်ရှိ ပဋိက္ခအခြေအနေတွေရော တစုံလုံးကို ဘယ်လိုသုံးသပ်လို့ရလဲ။
ဖြေ ။ ။ အခုထက်ထိကတော့ဗျာ၊ ဘယ်လိုခေါ်မလဲဆိုရင် ဖြေရှင်းဖို့နည်းလမ်း အသွယ်သွယ်ကို အားလုံးကတော့ စဉ်းစားနေတာပေါ့။ အခုအခြေအနေကတော့ မကောင်းဘူး။ မကောင်းသေးဘူးပေါ့။ နိုင်ငံရေးရော၊ လူမှုရေးရောပဲ ကြည့်ကြည့် တခြားစီးပွားရေးပဲ ကြည့်ကြည့်၊ ပညာရေးပဲ ကြည့်ကြည့် တော်တော့်ကို ပရမ်းပတာဖြစ်စဉ်ကြီးထဲကို ရောက်နေတာပဲ။ တော်တော့်ကို ကျနေတာပဲ။ တိုင်းပြည်က ပြောမယ်ဆိုရင်တော့ သွေးထွက်သံယိုမှုတွေနဲ့ရော ဘာရောညာရော အကုန်လုံးပေါ့။ တရားမျှတမှုဆိုတာလည်း ဘယ်ရောက်သွားမှန်းကို မသိတော့ဘူး။
အကုန်လုံးကို အရင်ဆုံး စုစည်းပြီးမှ ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာကို စ စဉ်းစားရမှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်ကတော့ အသစ်ဘက်ကို ပိုအားသန်တယ်။
အခုဟာကတော့ တိုင်းပြည်ကတော့ တော်တော့်ကို စုတ်ပြတ်သတ်နေပြီလေ၊ ကျနော်မြင်တာကတော့။ ကျနော့်တယောက်တည်း အယူအဆဆို Failed state (ကျဆုံးနိုင်ငံ) ပဲ။ သေချာပေါက်ကို Failed state ပုံစံဖြစ်နေပြီ။ ဖြစ်နေတော့ ဒီအခြေအနေကြီးက ကောင်းတဲ့အလားသဏ္ဍာန် မဟုတ်ဘူး။
ဒီမကောင်းတဲ့ အလားသဏ္ဍာန်ကနေပြီးတော့ ဘယ်လိုကောင်းအောင် လုပ်မလဲဆိုတာကတော့ အဲ့ဒါ နည်းလမ်းမျိုးစုံ ရှိနိုင်တယ်။ စဉ်းစားချက်တွေလည်းအမျိုးစုံ ရှိနိုင်တယ်။ ဒီအပေါ်မှာတော့ ကျနော်တို့လည်း ကိုယ်ပိုင်စဉ်းစားချက်တွေ ရှိတယ်။ ကျနော်တို့ စဉ်းစားချက်သည် တခြားတယောက်ယောက်နဲ့ တူချင်မှတူလိမ့်မယ်။ အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ တခြားဘယ်သူပဲဖြစ်ဖြစ် တူချင်မှတူလိမ့်မယ်။ သို့သော် သေချာတာတခုကတော့ တိုင်းပြည်မှာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေနဲ့ နိုင်ငံရေးအာသီသပြင်းပြမှုကို မြင်နိုင်တဲ့လမ်းကို ဖော်ကျူးပေးနိုင်မယ်ဆိုရင်တော့ ပြည်သူက လက်ခံမှာပဲ။ အဲ့ဒါဆိုလို့ရှိရင် တိုင်းပြည်က ပြန်ကောင်းလာမှာပဲလို့ ကျတော်မြင်တယ်။
မေး ။ ။ မြန်မာနိုင်ငံရဲ့ပဋိပက္ခက ဆိုးဝါးပြီး တပတ်ပြန်လည်တဲ့ Cycle ပုံစံလည်းဖြစ်တာလည်းရှိတော့ ဒါတွေအားလုံးရဲ့ အဓိကပြဿနာ Root cause က ဘာလို့မြင်လဲ။
ဖြေ ။ ။ ကျနော့်တယောက်တည်းရဲ့ သဘောထားကဆိုရင်တော့ ဒါတွေအားလုံးရဲ့ Root cause ပြဿနာက ကျနော်တို့ စဉ်းစားမယ်ဆိုရင် ဒီမိုကရေစီရေး ဖက်ဒရယ်ရေးပဲ။ ဒါဖက်ဒရယ်ကတော့ သိတဲ့အတိုင်းပဲ၊ Nation building ကိစ္စဖြစ်သွားပြီ။ အဲ့ဒီတော့ ကျနော်တို့က နိုင်ငံကို ဘယ်လို တည်ဆောက်မလဲဆိုတာ စ စဉ်းစားရမှာ။ ပြီးတဲ့အခါမှာ ဒီနိုင်ငံကို ဘာစနစ်တွေ ကျင့်သုံးမလဲဆိုတာ နိုင်ငံကိုတည်ဆောက်ပြီးသွားရင် ရုပ်ပေါ့၊ ဝိညာဉ်ထည့်သွင်းပေးရမှာပေါ့။ ဒါက State building ဆိုတော့ ခုနပြောသလို ဒီမိုကရေစီဆိုတာ ပါလာမယ်။
ဖက်ဒရယ်ရေး၊ ဒီမိုကရေစီရေးကို ဖြေရှင်းဖို့စဉ်းစားတဲ့အခါမှာ လက်ရှိတိုင်းပြည်မှာ အုပ်ချုပ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အဲ့ဒါကို တွန်းအားပေးသလား၊ မပေးသလား ဆိုတာကို ကျနော်တို့ ဆန်းစစ်ဖို့တော့ လိုတယ်။ ကျနော် အကြိမ်ကြိမ် ပြောပါတယ်။ ကျနော့်တယောက်တည်း သဘောထားနဲ့ဆိုလို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဖက်ဒရယ်ရေး၊ ဒီမိုကရေစီရေးဘက်ကို တိမ်းညွှတ်မှု နည်းတယ်။ အလုပ်မဖြစ်နိုင်ဘူးလို့ မြင်တယ်။ အဲ့ဒီတော့ ကျနော်တို့က ဖက်ဒရယ် ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ်ကိုပေါ်ပေါက်အောင် စွမ်းဆောင်ချင်တယ်။ ပေါ်ပေါက်ဖို့ လိုအပ်တယ်လည်း မြင်တယ်။
ဒီနေရာမှာ လမ်း နှစ်သွယ်ရှိတယ်။ တချို့က ၂၀၀၈ အတွင်းကနေ တဖြည်းဖြည်း ချဲ့ယူသွားမယ်ဆိုတဲ့ လမ်းကြောင်းလည်း ရှိနိုင်တယ်။ ကျနော့်တယောက်တည်း သဘောအရတော့ အသစ်ရေးဆွဲတဲ့ဘက်ကို ကျနော်သွားတယ်။ ဘာလို့လဲဆိုတော့ Form of state က ကျနော်တို့ စ စဉ်းစားရမှာဖြစ်တယ်ဗျ။
တိုင်းရင်းသားတွေရဲ့ လိုလားတောင့်တချက်တွေက ဘာတွေရှိလဲ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အချင်းချင်းတွေကြားမှာ မတူညီသော တောင်းဆိုမှုတွေ၊ မတူညီသော လိုလားချက်တွေ ရှိတယ်။ ဒါတွေ အကုန်လုံးကို အရင်ဆုံး စုစည်းပြီးမှ ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာကို စ စဉ်းစားရမှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်ကတော့ အသစ်ဘက်ကို ပိုအားသန်တယ်။
သို့သော်လည်း မတူညီတဲ့ ၂၀၀၈ အတွင်းကနေပြီးတော့မှ တအုပ်လုံးကို ပြင်ရင်လည်း amendment ပေါ့၊ အဲ့လို အယူအဆတွေလည်း ရှိနိုင်ပါတယ်။ ဘယ်လိုဖြစ်ဖြစ်ဗျာ၊ ဖက်ဒရယ်ရေး ဒီမိုကရေစီရေးကို ဦးတည်တဲ့လမ်းကြောင်းပေါ့၊ ရိုးရိုးနဲ့ နားလည်လွယ်အောင် ပြောရမယ်ဆိုရင် မှုန်ပျပျ မှိုင်းမှိုင်းရီရီအောက်ကနေမှ အလင်းရောင်ကိုမြင်ရမယ်ဆိုရင် လျှောက်တဲ့လမ်းက ပီပြင်လာလိမ့်မယ်။
မေး ။ ။ ကိုမြအေးရဲ့ ရဲဘော်ရဲဘက်လည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ ကိုဂျင်မီကို ကြိုးပေးသတ်ဖြတ်တာ အခု ဇူလိုင် ၂၃ မှာ တနှစ်ပြည့်ပြီ။ သူတို့ အဲ့ဒီလိုကြိုးပေး သတ်ဖြတ်ခံခဲ့ရတာကိုကြည့်ပြီး မြန်မာ့နိုင်ငံရေးအခြေအနေကို ဘယ်လိုတိုင်းတာမလဲ။
ဖြေ ။ ။ ကျနော့်သူငယ်ချင်း ဇူလိုင် ၂၃ ရက်နေ့ဆို ကိုဂျင်မီနဲ့ ကျတော့် ညီငယ်ဖြစ်တဲ့ ကိုဇေယျာသော်တို့က တနှစ်ပြည့်ပြီဗျ။ ကြိုးပေးသတ်ခံရတာ။ ကျနော် ထောင်က လွတ်ကတည်းက ပြောပြီးသားပါ။ အင်မတန်မှ မှားယွင်းတဲ့ အမှားကြီးတခုကို ကျူးလွန်လိုက်တာနဲ့ အတူတူပဲ။ ကျနော်တို့ ကျောင်းသားသမိုင်းထဲမှာ ဆလိုင်းကိုတင်မောင်ဦး ပြီးတဲ့နောက်ပိုင်းမှာ ဒါပထမဆုံး ပြန်ဖြစ်တာ၊ ဒီဘက် ခေတ်သမိုင်းမှာ ဆိုရင် နှစ်ပေါင်း ၃၅ နှစ်အကျော်မှာ ဒါပြန်ဖြစ်တာ။ အရမ်းရုပ်ဆိုးတယ်။ နိုင်ငံရေး Impact လည်း အရမ်းကြီးတယ်။ အဓိပ္ပာယ်လည်း လုံးဝမရှိဘူး။ အခုထက်ထိလည်း ဘယ်လိုမှလက်ခံလို့ရတဲ့ အခြေအနေ မရှိဘူး။ ဒါက ရှင်းတယ်။
နိုင်ငံတကာက ဝင်ရောက်ဖြေရှင်းဖို့ လိုအပ်လာတယ်လို့ ကျနော်ကတော့မြင်တယ်။ မဟုတ်လို့ရှိရင် ကိုယ့်ဘာသာကို ဖြေရှင်းနိုင်တဲ့ အခြေအနေမျိုးတော့ ကျနော်တို့ သိပ်မတွေ့ဘူး။ မလွယ်ဘူးလို့ ထင်တယ်။ ရှင်းရှင်းပြောရရင်တော့ ဒိုင်လူကြီး လိုတယ်ပေါ့ဗျာ။
သေချာတာတခုကတော့ ဒါက မြင့်မြတ်တဲ့အာဇာနည်တွေ ဖြစ်တယ်။ ဒီထက်ပိုသေချာတာကတော့ သူတို့အသက်တွေကတော့ ပြန်မရတော့ဘူး။ ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။ တိုင်းပြည်အတွက်ရော၊ ကျနော်တို့ မျိုးဆက်အတွက်ရော၊ နောင်မျိုးဆက်အတွက်တွေရော ဒါကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်။ ဒါပါပဲဗျ။
မေး ။ ။ အခုလက်ရှိ မြန်မာနိုင်ငံက ဖြစ်ပျက်နေတာတွေမှာ ဘယ်လိုမျိုး ထွက်ပေါက်ရှိမလဲ၊ ဘာလုပ်လို့ ရနိုင်မလဲ။
ဖြေ ။ ။ အဲ့ဒါကတော့ နည်းနည်းလေး ပြောဖို့စောသေးတယ်လို့ ကျနော်မြင်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးက အခုချိန်မှာ deadlock လည်း ဖြစ်နေသလို စကားတလုံးတိုင်း တလုံးတိုင်းမှာလည်း very sensitive ဗျ၊ အခြေအနေပေါ်မူတည်ပြီး ကြည့်ပြီးတော့မှ သတိကြီးကြီးထားပြီး ပြောရဆိုရ လုပ်ရကိုင်ရမယ့် အခြေအနေတွေ ရှိတယ်။ ကျနော့်အနေနဲ့ ရှင်းရှင်းပဲ အကြိမ်ကြိမ်လည်း ကျနော်ပြောပါတယ်၊ အချက်သုံးချက်ပေါ် ကျနော် ရပ်တည်ထားပါတယ်။
ကျနော် ရပ်တည်ထားတာကတော့ ရှင်းတယ်၊ နံပါတ် ၁၊ ဖက်ဒရယ် ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးအခင်းအကျင်းတခု သို့မဟုတ် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ပေါ်ပေါက်ရေး ဖြစ်ပါတယ်။ နံပါတ် ၂၊ အဲ့ဒီလိုပေါ်ပေါက်အောင် လုပ်တဲ့အခါမှာ နိုင်ငံတကာရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို လိုချင်ပါတယ်။
နံပါတ် ၃၊ ကျနော်တို့ ဘယ်လောက်အချိန်တွင်းမှာ တိုင်းပြည်ကို တည်ဆောက်မလဲ ဆိုတဲ့ဟာပေါ့။ ကျနော်တယောက်ထဲဆိုရင်တော့ သုံးနှစ်ထက် မပိုစေချင်ပါဘူး။ ဒါပေမယ့် အများသဘောတူလို့ ကြိုက်တဲ့ဟာကို ဆုံးဖြတ်၊ ကျနော်ဘာမှ ပြောစရာမရှိဘူး။ ကျနော်ကတော့ ပြဿနာတွေက များပြီဗျာ၊ ပြည်သူလူထုရဲ့ အနေအထားရော နိုင်ငံရဲ့ အနေအထားရော ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို သွားတဲ့အခါမှာ သုံးနှစ်ပေါ့၊ သုံးနှစ်ထက် မများစေချင်ဘူး ။ စပြီးတော့ လုပ်မယ့်အချိန်နဲ့ပေါ့။ ဒါကျနော့်ရဲ့ သတ်မှတ်ချက်ပါ။
နိုင်ငံတကာရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံတကာက ဝင်ရောက်ဖြေရှင်းဖို့ လိုအပ်လာတယ်လို့ ကျနော်ကတော့မြင်တယ်။ မဟုတ်လို့ရှိရင် ကိုယ့်ဘာသာကို ဖြေရှင်းနိုင်တဲ့ အခြေအနေမျိုးတော့ ကျနော်တို့ သိပ်မတွေ့ဘူး။ မလွယ်ဘူးလို့ ထင်တယ်။ ရှင်းရှင်းပြောရရင်တော့ ဒိုင်လူကြီး လိုတယ်ပေါ့ဗျာ။ ပြဿနာရပ်တိုင်းကို ကျနော် အဲ့ဒီသုံးချက်နဲ့ပဲ ချဉ်းကပ်ပါတယ်။
မေး ။ ။ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုလို့ ပြောတဲ့အခါမှာ အခုလက်ရှိ မြန်မာနိုင်ငံမှာ နှစ်နှစ်ကျော်ပြီ။ ဒီအခြေအနေ အတောအတွင်းမှာ နိုင်ငံတကာရဲ့ပါဝင်မှုကို ဘယ်လိုသုံးသပ်လဲ။
ဖြေ ။ ။ အဲ့ဒါက တချို့တွေက နိုင်ငံတကာက ဝင်လာပြီးတော့ ငါတို့ကို ကူညီကယ်တင်ပေးမယ်ဆိုတဲ့ဟာမျိုး အယူအဆနဲ့ ချဉ်းကပ်တာလည်း ရှိတတ်ပါတယ်။ တကယ်တမ်းကျ ကိုယ့်နိုင်ငံရဲ့အရေးမှာ ကြက်ဥကို ကြက်မက ဝပ်မှ ကြက်သားလေး ပေါက်တာလေ။ ကျောက်ခဲကို ကြက်မကဥလို့ကတော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ ဆိုတော့ ပြည်တွင်းနိုင်ငံရေးက ပိုပြီးအရေးကြီးတယ်လို့ မြင်တယ်။ အဲ့တော့ နိုင်ငံတကာကတော့ သူပါဝင်နိုင်တဲ့အခြေအနေအထိ သူပံ့ပိုးမယ်၊ ကူညီမယ်၊ ပူးပေါင်းမယ်၊ ဆောင်ရွက်မယ်ဆိုတာ ရှိတယ်။
ဒါပေမယ့် ကျနော်တို့ မျှော်လင့်ထားသလိုတော့ ဖြစ်ချင်မှဖြစ်မှာပေါ့။ အဲ့ဒီတော့နိုင်ငံတကာက အခုပြောမယ်ဆိုရင်တော့ အဲ့ဒီ ASEAN five point consensus (အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်) နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ် အခု နှစ်နှစ်ကျော်ပြီ။ ဘာမှတော့ အကောင်အထည် မပေါ်ဘူး။ သို့သော် နိုင်ငံတကာက အခုပြီးခဲ့တဲ့ အာဆီယံ အစည်းအဝေးမှာလည်း ဒါပဲ ထပ်ပြောတာပဲ။ နောက် UN, US, China အစရှိတဲ့ နိုင်ငံတွေ ပြန်ကြည့်ရင် ဒီ five point ကိုပဲ back up ပြန်ပေးထားတာ ကျတော်တို့ သွားတွေ့ရတယ်။ ဒါနိုင်ငံတကာရဲ့ သွားနေတဲ့ နိုင်ငံအခင်းအကျင်းပဲ။ ကျနော်တို့ သတိပြုဖို့တော့ လိုမယ်လို့ထင်တယ်။
မေး ။ ။ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး အခုလက်ရှိမှာ တော်လှန်ရေးမှာပါတဲ့ အဖွဲ့တွေလည်းရှိသလို တချို့ စကစနဲ့ Engage ရှိကြတာတွေလည်း ရှိတယ်ပေါ့။ ဒီအနေအထားကို ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ ။ ။ တိုင်းရင်းသားလက်နက်ကိုင်ရဲ့ သဘောထားက တိုင်းရင်းသားက နဂိုက သူ့ရဲ့ ရပိုင်ခွင့် အခွင့်အရေး ဆိတ်သုဉ်းနေတဲ့အတွက်၊ အဲ့ဒီအတွက်ကြောင့်မို့လို့ နဂိုမူလအခွင့်အရေးတွေအတွက်ကို သူက တိုက်ပွဲဝင်တာ။ တဖွဲ့နဲ့တဖွဲ့ သမိုင်းကြောင်း၊ ဒေသရဲ့တည်ရှိတဲ့အနေအထား၊ ကိုယ့်ပြည်ရဲ့ အနေအထားပေါ့။ နိုင်ငံရေးမျှော်လင့်ချက်တွေ တခုနဲ့တခု၊ တဖွဲ့နဲ့တဖွဲ့က တူနိုင်မှာမဟုတ်ဘူး။ မတူတဲ့အတွက် ဘယ်သူက သူတို့ရဲ့ ရည်မှန်းချက်တွေကို ဘယ်လောက်ထိ ဖြည့်ဆည်းပေးနိုင်မလဲ ဆိုတဲ့အပေါ်မှာ စဉ်းစားမှာပဲ။ ဘာလို့လဲဆိုတော့ အကြိမ်ကြိမ်လည်း သမိုင်းနဲ့ယှဉ်ရင် ၄၇ ပင်လုံစာချုပ် ချုပ်ခဲ့ကြတယ်။ ဒါပေမယ့်လည်း ပင်လုံစာချုပ်ကလည်း အကောင်အထည် ပေါ်မလာဘူး။ အလားတူပဲ ကြားထဲမှာလည်း ဆွေးနွေးပွဲတွေရော ဘာတွေရော အများကြီး လုပ်ခဲ့ကြတယ်။
တိုင်းရင်သားတွေလိုချင်တဲ့ တောင့်တတဲ့ဟာတွေ ဘာမှ မဖြည့်ဆည်းလာတဲ့အခါကျတော့ တိုင်းရင်းသားနိုင်ငံရေးရဲ့ သဘောထားကိုယ်တိုင်က ပြည်မနိုင်ငံရေးသမား၊ ပြည်မအင်အားစုတွေအပေါ်မှာ သံသယ ကြီးကြီးမားမားကို ရှိတယ်။ ဒါကို ကျနော်တို့က သိထားဖို့လိုတယ်။ တဖွဲ့ချင်း interest တွေလည်း မတူဘူး။ မတူတဲ့အတွက်ကြောင့် ဒီဘက် လက်ရှိ စကစနဲ့ပတ်သက်ပြီးတော့မှ ဆက်ဆံတာလည်း ရှိတယ်။ ဒါကိုသွားပြီး ကျနော်တို့က အပြစ်တင်လို့မရဘူးလို့ ကျနော်ထင်တယ်။
ကျနော်တို့က အကုန်လုံးကို ဘယ်လိုစုစည်းနိုင်မလဲဆိုတာကိုပဲ စဉ်းစားရမှာလို့ ကျနော်ကတော့ မြင်တယ်ဗျ။ ငါတို့ဘက်ကို လာရင်လာ၊ မလာရင်တော့ သူတို့ဘက်ကိုသွားရင် မင်းကတော့ အလကားပဲ၊ အဲ့ဒီလိုမျိုး ကျနော်တို့ သွားလုပ်ခြင်းအားဖြင့် ကျနော်တို့အတွက် အကျိုးရလဒ်မရှိဘူးလို့ ကျနော်မြင်ပါတယ်။ တိုင်းပြည်တခုကို တည်ဆောက်တဲ့အခါမှာ ဘယ်လိုဖြစ်ဖြစ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် တိုင်းရင်းသားပါတီတွေ အကုန်လုံးကို ဖယ်ပြီးတော့ စဉ်းစားလို့ကို မရတာ။ ဒါကိုတော့ သတိပြုစေချင်ပါတယ်။ နားလည်နိုင်အောင် ကြိုးစားဖို့လိုမယ်လို့ ကျနော်မြင်ပါတယ်။
တိုင်းရင်သားတွေလိုချင်တဲ့ တောင့်တတဲ့ဟာတွေ ဘာမှ မဖြည့်ဆည်းလာတဲ့အခါကျတော့ တိုင်းရင်းသားနိုင်ငံရေးရဲ့ သဘောထားကိုယ်တိုင်က ပြည်မနိုင်ငံရေးသမား၊ ပြည်မအင်အားစုတွေအပေါ်မှာ သံသယ ကြီးကြီးမားမားကို ရှိတယ်။ ဒါကို ကျနော်တို့က သိထားဖို့လိုတယ်။
မေး ။ ။ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်တဲ့အခါ ရွေးကောက်ပွဲရလဒ်လို ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို လျှော့ပစ်ပြီး ဖက်ဒရယ်ကို ဦးစားပေး တည်ဆောက်လို့ ရနိုင်လား။
ဖြေ ။ ။ ရွေးကောက်ပွဲရလဒ်နဲ့ ဖက်ဒရယ်နဲ့က ဘာမှမှ မဆိုင်တာ။ ကျနော်တို့ Nation building ကိစ္စလေ၊ ဖက်ဒရယ်က။ ရွေးကောက်ပွဲပုံစံက ဒီမိုကရေစီနဲ့သွားမယ်။ အဲ့ဒါက အများပြည်သူ ရွေးချယ်တင်မြှောက်မှုနဲ့ သွားမယ်ဆိုတဲ့ဟာ။ ဆိုလိုချင်တာ၊ ဟုတ်ပြီ၊ တပါတီတည်းက အများကြီးပဲနိုင်မယ်၊ တိုင်းရင်းသားတွေ မနိုင်ဘူးဆိုတာ ပြောချင်တာမလား။ ဒါက ဖက်ဒရယ်ကို တည်ဆောက်တဲ့အခါမှာ power sharing, resource sharing ဒါတွေ အကုန်လုံးပါသွားပြီးတော့မှ ရွေးကောက်ပွဲကို ကျင်းပရမှာလေ။ စနစ်ကလည်း မျိုးစုံဖြစ်နိုင်တယ်။ ဒီအပေါ်မှာတော့ ရှင်းတယ်။ ဒီမိုကရေစီစံနှုန်းတွေကိုကတော့ ဖယ်ရှားလို့ မရဘူး။ ဒါကတော့ ရှင်းတယ်။
အလားတူပဲ ဒီ ဖက်ဒရယ်ကို သွားတဲ့အခါမှာ ဒီပြည်နယ်မှာတော့ ရွေးကောက်ပွဲ မလုပ်နဲ့၊ ဒီပြည်နယ်မှာတော့ လုပ်ဆိုတာ အဲ့လိုလည်း လုပ်လို့ မရဘူးလေဗျာ။ ဥပမာ ကျနော်တို့ ဖက်ဒရယ်နဲ့ပတ်သက်ပြီး စံပြုစရာနိုင်ငံ အမေရိကားပဲ။ ကျနော်တို့ ပြောကြပါစို့၊ အမေရိကားကို ပြန်ကြည့်လေ၊ ဖက်ဒရယ်ပဲလေ၊ သို့သော် ဒီမိုကရက်တစ်က နိုင်ရင် ဒီမိုကရက်တစ်က သမ္မတ၊ ဒီမိုကရက်တစ်က အစိုးရဖွဲ့တာပဲလေ။ Republican က နိုင်ရင် Republican ကအစိုးရဖွဲ့တာပဲ၊ အဲ့ဒီတော့ ဖက်ဒရယ်သည် ဖက်ဒရယ်ပဲ။ ရွေးကောက်ပွဲစနစ်တို့ ဘာတို့က ဒီမိုကရေစီနဲ့ အကျုံးဝင်သွားပြီ၊ အဲ့ဒါတွေ အကုန်လုံး။
You may also like these stories:
လွှတ်တော်နိုင်ငံရေးထဲ ဝင်ဖို့ အစီအစဉ်မရှိပါဘူး
NCA သက်သေထားပြီး ကိုမြအေး ကိုယ်တိုင် ထုချေထွက်ဆို
ဒီနိုင်ငံရေးအခြေအနေကြီးက ပဋိပက္ခတွေ အရမ်းများတယ်