ကုလသမဂ္ဂမှာ နိုင်ငံတခုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဉ် ၂ ခုရှိပါတယ်။ တခုကတော့ နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး ကောင်စီကနေ ထုတ်ပြန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် (UN Human Rights Council Resolution) ဖြစ်ပါတယ်။ လူ့အခွင့်အရေးကို ဦးစားပေးလေ့ရှိပါတယ်။ နောက်တခုကတော့ နယူးယောက်မြို့မှာ နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ အထွေထွေ ညီလာခံကနေ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် (UN General Assembly Resolution) ဖြစ်ပါတယ်။ အထွေထွေညီလာခံက ထုတ်ပြန်တဲ့ ဆုံးဖြတ်ချက်ကတော့ နိုင်ငံရဲ့ လူ့အခွင့်အရေးအကြောင်းအရာ တမျိုးထဲသာမကဘဲ နိုင်ငံမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး နဲ့ ပတ်သက်တဲ့ကိစ္စအလုံးစုံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်မျိုးပါ။ ကုလသမဂ္ဂက နိုင်ငံတခုအပေါ်ထုတ်ပြန်တဲ့ ဆုံးဖြတ်ချက်ဆိုတာ သက်ဆိုင်ရာနိုင်ငံတနိုင်ငံကို ဘာတွေလုပ်သင့်လဲဆိုတာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ သို့မဟုတ် လူ့အခွင့်အရေးကောင်စီမှာရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေကနေ တိုက်တွန်းတာမျိုးဖြစ်ပါတယ်။
ဇွန်လ ၂၂ ရက်က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အခုလို ဆုံးဖြတ်ချက်တွေ ထုတ်ပြန်တောင်းဆိုခဲ့တာဟာ အခုမှ မဟုတ်ပါဘူး။ ၁၉၉၂ ခုနှစ် ကတည်းက ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုဆုံးဖြတ်ချက်တွေ ထုတ်ပြန်လာခဲ့ရလဲဆိုရင် တကမ္ဘာလုံးက အာရုံစိုက်ခံခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါးရှိခဲ့လို့ဘဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါးရှိနေတယ်လို့ စွပ်စွဲခံရတဲ့ နာမည်ဆိုးနိုင်ငံစာရင်းမှာ ထည့်ထားခံရတာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးတွေကို ဆိုးဆိုးဝါးဝါး ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်တဲ့ နိုင်ငံတွေကိုဘဲ သီးသန့်စာရင်းပြုပြီး စောင့်ကြည့်တဲ့ လုပ်ငန်းစဉ်ကို အထူးလုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ် (Special Procedure) လို့ ခေါ်ပါတယ်။ ကျနော်တို့နိုင်ငံဟာ အဲ့ဒီအထူးလုပ်ထုံးလုပ်နည်းထဲမှာ ၂၀၀၉ ခုနှစ်ထဲကပါဝင်ခဲ့ပြီး အခုချိန်ထိ ဒီစာရင်းထဲက မထွက်သေးပါဘူး။ ဘာကြောင့် အခုထိမထွက်နိုင်သေးလဲဆိုရင် လူ့အခွင့်ရေးချိုးဖောက်မှုတွေဟာ နိုင်ငံတွင်းမှာ ပုံစံအမျိုးမျိုးနဲ့ ဆက်လက်ရှိနေတုန်းမို့လို့ပါဘဲ။ တချို့အကြောင်းအရာတွေဖြစ်တဲ့ နိုင်ငံရေးပါတီများ လှုပ်ရှားခွင့်လိုမျိုး၊ နိုင်ငံရေးအကျဉ်းသားလိုမျိုး ကိစ္စတွေမှာ တိုးတက်ပြောင်းလဲလာတာရှိပေမဲ့ တချို့အကြောင်းအရာတွေ ဥပမာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လက်နက်ကိုင်စစ်ပွဲတွေကြား လူနည်းစုတွေအပေါ် ချိုးဖောက်မှုတွေကတော့ ပိုမိုဆိုးဝါးလာလို့ပါဘဲ။
ဒီနှစ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး ကြိုဆိုမှု၊ စိုးရိမ်မှုနဲ့ တိုက်တွန်းအကြံပေးမှုတွေ စုစုပေါင်း အချက် ၄၀ လောက် ပါရှိတာတွေ့ရပါတယ်။ ကုလသမဂ္ဂရဲ့ထုံးစံအတိုင်း အစိုးရရဲ့လုပ်ဆောင်ချက်အချို့ကို ကြိုဆိုထောက်ခံထားပါတယ်။ ဥပမာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြောင်းဖို့ လွှတ်တော်မှာ ကြိုးစားမှုကို အသိအမှတ်ပြုတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်တချို့ကို လက်မှတ်ထိုးခဲ့တာကိုလည်း အသိအမှတ်ပြုထားပါတယ်။
တဖက်မှာလည်း လူ့အခွင့်အရေးအချက်အလက်တွေကို စောင့်ကြည့်စုံစမ်းတဲ့နေရာမှာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အချက်ကို အားမလိုအားမရ ဖြစ်တဲ့အကြောင်းပြောထားပါတယ်။ အခုချိန်ထိ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက အပြစ်မဲ့ပြည်သူတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုကို ရင်ဆိုင်နေရသလို ကျူးလွန်တဲ့သူတွေအပေါ် အပြစ်ပေးအရေးယူမှု အားနည်းနေတယ်လို့ ထောက်ပြထားပါတယ်။ အပြစ်ကျူးလွန်တဲ့သူတွေက အခုထိ အပြစ်မပေးခံရဘဲ ကင်းလွတ်နေတဲ့ အချက်ကို မီးမောင်းထိုးပြထားပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ သတင်းမီဒီယာအပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်မှုတွေရှိနေတဲ့အကြောင်း အထူးသဖြင့် တချို့ ဥပဒေတွေကို အသုံးပြုပြီးတော့ သတင်းမီဒီယာကို ခြိမ်းခြောက်မှုတွေ ရှိနေကြောင်းပြောထားပါတယ်။
တိုက်တွန်းအကြံပေးချက်တွေကတော့ ရှင်းရှင်းလေးပါ။ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီးတော့ ထိရောက်စွာအရေးယူဖို့၊ အပြစ်ရှိတဲ့သူတွေကို အပြစ်ရှိတဲ့အတိုင်း အရေးယူတာအပြင် ကျူးလွန်ခံရတဲ့သူတွေကို ပြန်လည်ကုစားပေးမှုတွေ လုပ်ဆောင်ပေးဖို့၊ စုံစမ်းစစ်ဆေးမှုလုပ်ဆောင်တဲ့ အခါမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဖို့တို့ကို တိုက်တွန်းထားပါတယ်။ ရိုဟင်ဂျာတွေကို မဲပေးခွင့်ပေးဖို့ဆိုတဲ့ အချက်ကိုထဲ ထည့်သွင်းထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်ကတော့ ဒီဆုံးဖြတ်ချက်ကို လက်မခံဘူးလို့ တင်းတင်းမာမာငြင်းဆိုကန့်ကွက်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာလဲ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတနိုင်ငံကို အထူးလုပ်ထုံးလုပ်နည်း (Special procedure) ထဲမှာထည့်ပြီး အရေးယူတာမျိုးကို လက်မခံတော့ကြောင်းနဲ့ ဒီလိုလုပ်ဆောင်မှုမျိုးတွေ မဖြစ်သင့်တော့ဘူးလို့ ဆိုထားပါတယ်။
နိုင်ငံတနိုင်ငံကို အထူးပစ်မှတ်ထားပြီး စုံစမ်းတဲ့လုပ်ထုံးလုပ်နည်း (Special Proceure) တွေက ငွေတွေ အများကြီးကုန်တယ်၊ ဒါကြောင့် မလုပ်သင့်တော့ဘူးဆိုပြီး ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းအပေါ် ဝေဖန် ပြောဆိုခဲ့ပါတယ်။ နောက်တခုက အခုလိုမျိုးနိုင်ငံတခုပေါ် ပစ်မှတ်ထားပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေတေဖန်ပြောခြင်းက အဲ့ဒီနိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုလည်းထိပါးစေတယ်၊ပြည်တွင်းရေးကိုလည်း ထိပါးစေတယ်၊ ဒါကြောင့် ကုလသမဂ္ဂကနေ နိုင်ငံတခုကို လူ့အခွင့်အရေးချိုးဖောက်ပါတယ်ဆိုပြီး ဦးတည်အမည်တပ်ပြီး လုပ်ဆောင်နေတဲ့ အထူးလုပ်ထုံးလုပ်နည်းတွေကို ကန့်ကွက်သင့်ပါတယ်ဆိုတဲ့ အကြောင်းအရာကို အဓိကထားပြောသွားပါတယ်။ ဒါပေမယ့် ဘယ်အခွင့်အရေးကတော့ မရှိပါဘူး ချိုးဖောက်မှုတွေ မလုပ်တော့ပါဘူးဆိုတဲ့ အချက်တွေကိုတော့ သေသေချာချာ ဖော်ပြထားတာမျိုး မရှိခဲ့ပါဘူး။
မြန်မာအစိုးရကိုယ်စားလှယ်ကပြောကြားသွားရာမှာ လူအခွင့်အရေးချိုးဖောက်မှုတွေကို ပြည်တွင်းတရားစီရင်ရေးယန္တယားနဲ့ ကုစားလုပ်ဆောင်နေပါတယ်လို့ ဆိုသွားပါတယ်။ ဒါပေမယ့် ပြသနာက နိုင်ငံတကာက မြန်မာပြည်တွင်းမှာရှိတဲ့ တရားစီရင်ရေးကို မယုံကြည်တဲ့ပြသနာပါဘဲ။ ပြည်တွင်းတရားစီရင်ရေးအပေါ် ယုံကြည်ချင်ရင်တောင်မှ မယုံကြည်နိုင်စရာ အဖြစ်အပျက်တွေကလဲ အများကြီးပါ။ ဥပမာတချို့ကို ပြောရရင် ရခိုင်ဒေသမှာ ရွာသားတွေကို သတ်ဖြတ်လို့ အရေးယူခံရတဲ့ တပ်မတော်သားတွေဟာ ထောင်ကျအပြီး ၉ လမှာ ပြန်လွတ်လာတာဟာ ထောက်ပြစရာဖြစ်နေပါတယ်။
နောက်ထပ်တချက်ကတော့ တာဝန်ခံမှုအပိုင်းပါ။ အခုချိန်ထိ ပိုင်ရှင်မဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးပါ။ ဘယ်သူကသတ်လို့ သတ်မှန်းမသိဘဲ သတ်ဖြတ်ခံရခဲ့ရတဲ့ အပြစ်မဲ့ တိုင်းရင်းသားပြည်သူတွေ၊ မုဒိန်းကျင့်ပြီး သတ်ဖြတ်ခံရတဲ့ အမျိုးသမီးငယ်တွေ ရှိခဲ့ဖူးပြီး အခုချိန်ထိ တရားခံရှာမရသေးတဲ့ ပိုင်ရှင်မဲ့ လက်နက်ကြီး ကျည်ဆံတွေနဲ့ ပျက်စီးမှုတွေ တပုံတပင်ပါ။ အများသိတဲ့ WHO ယာဉ်မောင်းပစ်ခတ်ခံရတဲ့အမှုက အထုထိ တရားခံမပေါ်သေးပါဘူး။ အပြစ်ရှိတဲ့သူဟာ အပြစ်ပေးခံရခြင်းကနေ ကင်းလွတ်နေတဲ့ ယဉ်ကျေးမှုဆိုးကြီးက လွှမ်းမိုးနေဆဲပါ။ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ စုံစမ်းတွေ့ရှိသည့်တိုင်အောင် ကျူးလွန်တဲ့သူက ဌာနဆိုင်ရာက ဖြစ်တယ်ဆိုရင် အမှန်တရားကို ဖော်ဆောင်ဖို့ ပိုခက်ခဲသွားတတ်တာကလည်း အစဉ်အလာလို ဖြစ်နေလျက်ပါ။
ဒီလိုတာဝန်ခံမှုမရှိတာ တရားဥပဒေရရှိရေးကို အကောင်ထည်မဖော်နိုင်တာတွေ ရှိနေသမျှ ကာလပတ်လုံး ပြည်တွင်းရဲ့ တရားစီရင်ရေးယန္တရားကို မြန်မာပြည်သူတွေကလည်း အားကိုးမှာမဟုတ်ပါဘူး။ နိုင်ငံတကာကလည်း ယုံကြည်မှာ မဟုတ်တာ သေချာပါတယ်။ ပြည်တွင်းရဲ့ တရားစီရင်ရေးယန္တယားနဲ့ တရားမျှတရေးကို ဖော်ဆောင်နိုင်မှာကို မယုံကြည်တဲ့အတွက်ကြောင့်မို့ နိုင်ငံတကာ တရားစီရင်ရေးနဲ့သာ လုပ်ဆောင်နိုင်မယ်လို့ ယူဆလာတာဖြစ်ပါတယ်။
အခုထုတ်တဲ့ ဆုံးဖြတ်ချက်ကတော့ လူ့အခွင့်အရေးကောင်စီကနေ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒီဆုံးဖြတ်မှာ ပါတဲ့အချက်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရကနေ ဘယ်လိုတုန့်ပြန်ဆောင်ရွက်ပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့အပေါ် မူတည်ပြီး နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလမှာ ကျင်းပတဲ့ အထွေထွေညီလာခံမှာ ထပ်မံရိုက်ခတ်မှု ရှိတတ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေးကောင်စီက ထုတ်ပြန်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာအစိုးရက လေးစားလိုက်နာမှုမရှိ၊ ဘာမှပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် နောက်တဆင့်ကတော့ အဖွဲ့ဝင်နိုင်ငံအားလုံးတက်ရောက်တဲ့ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်တခုကို ထုတ်ပြန်တာဘဲဖြစ်ပါတယ်။
ဒီလိုသာ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အဆင့်ကို ရောက်သွားရင် အဆင့်တော်တော်မြင့်သွားပါပြီ။ သက်ရောက်မှုလည်း ပိုကြီးလာနိုင်ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးပြင်ဆင်လုပ်ဆောင်နေတဲ့ လွတ်လပ်သောနိုင်ငံတကာ စုံစမ်းစစ်ဆေးရေးယန္တယားလမ်းကြောင်းကို ပိုမိုအရှိန်မြင့်သွားစေနိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရားရင်ဆိုင်နေရတဲ့ အပြည်ပြည်တရားတရားရုံး (International Court of Justice –ICJ) နဲ့ ရင်ဆိုင်ရလာနိုင်တဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (International Criminal Court-ICC) တို့ရဲ့ တရားစီရင်မှုအပေါ်တွေမှာ အနည်းနဲ့အများ သက်ရောက်မှု ရှိစေမှာသေချာပါတယ်။
တကယ်လို့များ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုလည်း ပူးပေါင်းမှုမရှိဘူး၊ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ကိုလည်း အလေးမထားဘူးဆိုရင် နိုင်ငံတကာ တရားစီရင်ရေးဟာ မြန်မာနိုင်ငံအတွက် မဖြစ်မနေလိုအပ်ပြီဆိုတဲ့ အတွေးအမြင်တွေက နိုင်ငံတွေကြားထဲမှာ ပြန့်သွားနိုင်ပါတယ်။ တဖြည်းဖြည်းချင်းနဲ့ ရစ်နေတဲ့ မြွေလိုဘဲ နောက်ဆုံးအသက်ရူလို့ မရတော့ဘဲ ပိုပြီးအရေးယူလုပ်ဆောင်မှုတွေ ထပ်မံရင်ဆိုင်ရမယ့် အခြေအနေအထိ ရောက်သွားမှာကို စိုးရိမ်ရပါတယ်။
ဒါကြောင့် အစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး မရှိပါဘူး ဆုံးဖြတ်ချက်ကို လက်မခံပါဘူးလို့ ငြင်းဆန်နေမယ့်အစား ရေတိုကာလအတွင်း လုပ်ဆောင်နိုင်တဲ့လုပ်ဆောင်ချက်တွေကို စေတနာရှိရှိနဲ့ လုပ်ဆောင်ပြီး ရေရှည်လုပ်ဆောင်ရမယ့် ပြုပြင်ပြောင်းလဲမှုတွေကို စိတ်ထားမှန်မှန်နဲ့ လုပ်ဆောင်နေကြောင်း သက်သေပြ မှတ်ကျာက်တင်ခံရဲဖို့ လိုအပ်ပါတယ်။ ပြောင်းနိုင်သော ဥပဒေတွေပြောင်းနိုင်ဖို့၊ ကာကွယ်နိုင်သော လုပ်ငန်းစဉ်တွေ အားကောင်းဖို့၊ စုံစမ်းစစ်ဆေးရေး ယန္တရားတွေ ခိုင်မာဖို့ လုပ်ဆောင်ပေးဖို့ လိုအပ်လှပါတယ်။
မကြာမီက ကုလသမဂ္ဂကနေ မြန်မာ့တပ်မတော်ကို ကလေး စစ်သားအသုံးပြုတဲ့ အမည်ပျက်စာရင်းကနေ ထုတ်ပစ်ခဲ့ပါတယ်။ ဒီလိုထုတ်ပယ်ပေးဖို့ အစိုးရဘက်ကနေ လုပ်ဆောင်ချက်တွေ အများကြီး လုပ်ဆောင်ခဲ့ပါတယ်။ ဥပမာ ကလေးသူငယ်အခွင့်အရေးစာချုပ်ရဲ့ လက်နက်ကိုင်ပဋိပက္ခတွင်းမှာရှိတဲ့ ကလေးများဆိုင်ရာ နောက်ဆက်တွဲစာချုပ်ကို လက်မှတ်ထိုးခဲ့ပါတယ်။ ကလေးစစ်သားအသုံးပြုမှုကို ကလေးအခွင့်အရေးချိုးဖောက်မှုလို့ သတ်မှတ်ပြီး ပြစ်မှု ပြစ်ဒဏ်တွေပြဌာန်းထားတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို အတည်ပြုရေးဆွဲပြဌာန်းခဲ့တယ်။ ဒီဥပဒေထဲမှာ ကလေးစစ်သားအသုံးပြုတာကို ဘယ်သူက ကျူးလွန် ကျူးလွန်၊ လက်နက်ကိုင် အဖွဲ့တွေ ဘယ်အဖွဲ့က ကျူးလွန်ကျူးလွန် ရာဇဝတ်မှုမြောက်ကြောင်း တိတိကျကျ ဖော်ပြထားပါတယ်။
ဒါတွေက မြင်သာထင်သာတဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေဖြစ်ပါတယ်။ မိုင်ထောင်ချီတဲ့ ခရီးရှည်ကို မသွားခင်မှာ တလှမ်းချင်း တတ်နိုင်သရွေ့သွားနေတယ်၊ လမ်းကြောင်းမှန်မှန်သွားနေတယ်ဆိုတာကို ပြသလာနိုင်တဲ့ အတွက်ကြောင့် ကလေးစစ်သား အသုံးပြုပါတယ်ဆိုတဲ့ မြန်မာ့တပ်မတော်ကို အမည်ဆိုးစာရင်းကနေ ထုတ်ပယ်ခဲ့တာပါ။ ဒါကို သင်ခန်းစာ ယူချင်ပါတယ်။
လုံးဝမရှိပါဘူးလို့ငြင်းနေမယ့်အစား လုပ်နိုင်တာကို လုပ်ပြပြီးတော့ တတ်နိုင်သရွေ့လုပ်နေတဲ့လမ်းကြောင်းကို သွားပါတယ်ဆိုတဲ့ ပူးပေါင်းဆောင်ရွက်မှု အသင့်ရှိပါတယ်ဆိုတာကို ပြသနိုင်ရင် ပိုမိုပြင်းထန်တဲ့ ဖိအားပေးမှုတွေကို လျော့ပါးသွားစေနိုင်ပါတယ်။ တချိန်တည်းမှာ လူ့အခွင့်အရေး တိုးတက်မြင့်မားရေးနဲ့ ကာကွယ်စောင့်ရှောက်မှုကို ပူးပေါင်းကြိုးပမ်းလုပ်ဆောင်နေတဲ့အစိုးရဖြစ်တယ်ဆိုတာကို လက်ခံလာနိုင်မှာ ဖြစ်ပါတယ်။ ဒီထက်ပိုဆိုးဝါးတဲ့ အရေးယူမှုလမ်းကြောင်းကို ဖယ်ရှောင်နိုင်မှာ ဖြစ်ပါတယ်။
အခုခေတ်မှာ အချုပ်အချာအာဏာဆိုတဲ့ စကားလုံးအောက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုကို လက်မခံနိုင်တော့ပါဘူး။ အရင်လို တံခါးပိတ်ဝါဒကို ကျင့်သုံးပြီး တိုင်းပြည်ကို ထင်သလို အုပ်ချုပ်မင်းလုပ်လို့လည်း မရတော့ပါဘူး။ လူသားတယောက်အပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်းဟာ လူသားမျိုးနွယ်တခုလုံးအပေါ်စော်ကားခြင်းဖြစ်တယ်လို့ ကမ္ဘာက လက်ခံနေကြပါပြီ။ ဖန်တရာတေနေတဲ့ ငြင်းဆန်မှုတွေအစား လက်တွေ့ကျတဲ့ ပူးပေါင်းလက်တွဲမှုနဲ့အတူ ပြည်သူတွေကို ကာကွယ်နိုင်ဖို့ နိုင်ငံတကာမှာ နံမည်ဂုဏ်သိက္ခာရှိဖို့ လုပ်ဆောင်ပေးသင့်ပါတယ်။
(အောင်မျိုးမင်းသည် လူ့အခွင့်အရေးဆိုင်ရာ ပညာရပ်များကို သင်ကြားဖြန့်ဝေပေးနေသော Equality Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။)
You may also like these stories:
အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခြင်းမျိုး လက်မခံဟု မြန်မာပြော
အပစ်ပယ်ခံများ၏ ဂုဏ်သရေရှိ လူကြီးမင်း အာဂျန်ခရိုင်ဆတ်
အိမ်ကူကလေးလုပ်သားတွေကို လျစ်လျူရှု မထားကြပါနဲ့