ဒေါ်အောင်ဆန်းစုကြည် မည်သည့်နေရာတွင် ရောက်နေသည်ကို ၄ လအတွင်း ပထမဆုံးအကြိမ်အဖြစ် အတည်ပြုနိုင်ခဲ့သည်။
ထိုအဖြစ်အပျက်မှာ မြို့တော်နေပြည်တော်ရှိ တရားရုံးတခုသို့ ဒေါ်အောင်ဆန်းစုကြည်ရောက်လာသည့် မတ်လ ၂၄ ရက်နေ့က ဖြစ်သည်။ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည့် ဓါတ်ပုံတပုံတွင် ဒေါ်အောင်ဆန်းစုကြည်သည် သူ နိုင်ငံတော်အတိုင်ပင်ခံအဖြစ် ဦးဆောင်ခဲ့သည့် အစိုးရမှ သမ္မတဦးဝင်းမြင့်နှင့်အတူ နှာခေါင်းစည်းများ ဝတ်ဆင်ပြီး ထိုင်ခုံတွင် ခပ်မတ်မတ်ထိုင်နေသည်။
စစ်တပ်က ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းသောအခါ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးလိုက်ပြီး နိုင်ငံတော်လျှို့ဝှက်ချက်များပေါက်ကြားခြင်းနှင့် ရေဒီယိုပစ္စည်းများ တရားမဝင်တင်သွင်းခြင်းအပါအဝင် ရာဇဝတ်မှု ၆ ခုဖြင့် စွပ်စွဲသည်။ သမားရိုးကျ တရားခွင်များကို အွန်လိုင်းမှ ကျင်းပနိုင်ပြီး ခုခံချေပမည့် ရှေ့နေနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံခြင်းကို ပိတ်ပင်ထားနိုင်သည်။ ရုံးမထုတ်မီ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သို့ သတင်းစကားပြောကြားပြီး ပါတီကို ပြည်သူက တည်ထောင်ထားခြင်းဖြစ်ပြီး ပြည်သူများရှိနေသမျှ ပါတီတည်ရှိနေမည်ဖြစ်ကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို တစေ့တစောင်းမြင်တွေ့ရခြင်းနှင့် သူမ၏ အသံကို ကြားရခြင်းမျှလျှင်ပင် နိုင်ငံမှ ဒီမိုကရက်များအတွက် အားတက်ဖွယ်ဖြစ်သည်။ ဤနေရာတွင် စစ်တပ်သည် သတိကောင်းကောင်းထားသည်။ သို့ဆိုလျှင် မည်သည့် အတွက် ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစကားပြောခွင့်ပေးသနည်း။ ထိုသို့လုပ်မည့် အရိပ်အမြွက်ကို ယခင်နေ့များကပင် ပေးထားပြီးဖြစ်သည်။
နိုင်ငံရှိ နိုင်ငံရေးပါတီ ၉၁ ခုအနက် ၅၉ ခုတက်ရောက်သော မေလ ၂၁ ရက်နေ့က အစည်းအဝေးတခုတွင် စစ်တပ်က ခန့်အပ်သည့် ရွေးကောက်ပွဲကော်မရှင်က NLD ကို ဖျက်သိမ်းနိုင်သည့် အလားအလာကို ပြောကြားခဲ့သည်။ နောက်တနေ့တွင် ဟောင်ကောင်မှ ရုပ်သံဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရပ်သားအစိုးရသို့ အာဏာလွှဲပြောင်းရေးမူဝါဒအကြောင်း ဆွေးနွေးသည်။ ထိုတွေ့ဆုံ မေးမြန်းခန်းသည် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ပမီဒီယာများကို ပထမဆုံး အကြိမ် လက်ခံတွေ့ဆုံခြင်းဖြစ်သည်။
မြန်မာန်ိုင်ငံသားများသည် ဆက်လက်ကန့်ကွက် ဆန္ဒပြနေသော်လည်း ဆန္ဒပြပွဲများ၏ အထွဋ်အထိပ်ကာလကို ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။ ထိုသို့မြင်သောကြောင့် စစ်ကောင်စီသည် ၂ နှစ်အတွင်း ရွေးကောက်ပွဲကျင်းပပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဦးဆောင်သည့် အစိုးရတခုသို့ အာဏာလွှဲပြောင်းရေး ထွက်ပေါက် သေနင်္ဂဗျူဟာကို စတင်လှုပ်ရှားသည်။
ဒီမိုကရေစီအင်အားစုများက ယခင် NLD အစိုးရကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံ၊ ဦးဝင်းမြင့်ကို သမ္မတအဖြစ် ဆက်လက်ထားရှိသော စင်ပြိုင် အမျိုးသား ညီညွတ်ရေးအစိုးရကို ဖွဲ့စည်းလိုက်ကြောင်း ဧပြီလလယ်တွင် ကြေညာသည်။ သို့သော် ဝန်ကြီးများသည် ပုန်းအောင်းနေရပြီး သတင်းအချက်အလက်များကို Facebook မှတဆင့် ထုတ်လွှင့်နေရသည်။
၎င်းတို့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်ထားကြောင်းလည်း ထုတ်ပြန်ကြေညာထားသော်လည်း အမိန့်ပေးကွင်းဆက်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ စစ်တပ်နှင့် အစိုးရအဆောက်အအုံများကို ဗုံးခွဲမှုများ ဆက်လက်ဖြစ်ပေါ်နေစဉ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂနာက ပြည်သူများသည် ၎င်းတို့ကိုယ် ၎င်းတို့လက်နက်တပ်ဆင်နေကြောင်း၊ ဆန္ဒပြသူများသည် လက်လုပ်လက်နက်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံမှ သင်တန်းများကို အသုံးပြုကာ ခံစစ်မှ ထိုးစစ်သို့ ပြောင်းသွားပြီဖြစ်ကြောင်း ပြောသည်။
လက်နက်ကိုင် ပဋိပက္ခသည် ဒေါ်အောင်ဆန်းစုကြည် အမြဲတမ်း ထောက်ခံပြောဆိုနေသည့် အကြမ်းမဖက်ရေးနှင့် ကိုက်ညီခြင်း မရှိပေ။ စစ်အုပ်ချုပ်ရေးမှူးများနှင့် USDP အဖွဲ့ဝင်များကို သတ်ဖြတ်မှုများ မကြာခဏ ဖြစ်လာသည်။ ကာကွယ်ရေးတပ်ဖွဲ့နှင့် ဆက်စပ်မှုကိုလည်း ရှင်းရှင်းလင်းလင်း မသိရသော်လည်း သိမ်းကြုံးတိုက်ခိုက်နေခြင်းသည် ဒီမိုကရေစီ လိုလားသောလှုပ်ရှားမှုအပေါ် နိုင်ငံတကာစာနာမှုကို အားလျှော့သွားစေနိုင်သည်။
ထိုသို့ ဦးဆောင်မှုမဲ့နေသော အခြေအနေကြောင့် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ မြန်မာနိုင်ငံ၏ မကြာသေးမီက သမိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို စဉ်းစားစရာဖြစ်လာသည်။
ဒေါ်အောင်ဆန်းစုကြည် ကျောင်းသားများဦးဆောင်သည့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် ရှေ့တန်းရောက်လာပြီး NLD ကို ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။ ဗြိတိန်ထံမှ မြန်မာ့လွတ်လပ်ရေးကို ဦးဆောင်ခဲ့သည့် နိုင်ငံတည်ထောင်သူ သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် ကနဦးကပင် ထောက်ခံမှု ရရှိခဲ့သည်။
၁၉၈၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ် ချုပ်နှောင်ထားလိုက်သည်။ နောက်တနှစ်ကြာသောအခါ အထွေထွေရွေးကောက်ပွဲတွင် NLD က စစ်အုပ်စုရုပ်သေးပါတီကို အပြတ်အသတ်နိုင်ပြီး နေရာများ၏ ၈၀ ရာခိုင်နှုန်းကို အနိုင်ရပြီးနောက် စစ်အုပ်စုက အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်သည်။ ထိုအချိန်မှ စတင်ပြီး ၁၉၉၁ ခုနှစ်ငြိမ်းချမ်းရေးနိုဗယ်ဆုကို ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ် အချုပ်ခံရကာ နိုင်ငံ၏ သက်တမ်းမရှည်လှသော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၏ သင်္ကေတဖြစ်လာသည်။
၂၀၁၀ ခုနှစ်တွင် NLD သည် နှစ်ပေါင်း ၂၀ အတွင်း နိုင်ငံ၏ ပထမဆုံး အထွေထွေရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ယခင်စစ်အုပ်စုကို ဆက်ခံသော USDP ကို လွှတ်တော်နေရာများ၏ ၈၀ ရာခိုင်နှုန်း ရစေခဲ့သည်။ ဦးသိန်းစ်ိန်အစိုးရက မမျှော်လင့်ဘဲ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို လုပ်လိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကာ ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်လာသည်။ NLD သည် ၂၀၁၅ ခုနှစ်တွင် လွှတ်တော်နေရာ ၈၀ ရာခိုင်နှုန်း အနိုင်ရပြန်ကာ အာဏာရလာပြီး ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင်လည်း အလားတူအတိုင်းအတာဖြင့်ပင် အနိုင်ရပြန်သည်။ ထိုအခါ စစ်အုပ်စုသည် ရွေးကောက်ပွဲ မသမာမှုရှိသည်ဆိုကာ စစ်အာဏာသိမ်းရန် အကြောင်းပြလိုက်သည်။
အထွေထွေ ရွေးကောက်ပွဲ ၄ ခုနှင့် ဆယ်စုနှစ် သုံးခုကို ပြန်လည်သုံးသပ်လိုက်သောအခါ မြန်မာဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၏ ပုံစံတခုပေါ်လာသည်။ ထို ပုံစံမှာ တုံ့ဆိုင်းမှု၊ အလျှင်အမြန် တိုးတက်မှုနှင့် နောက်ပြန်ဆုတ်မှုတို့ဖြစ်သည်။ ၈၀ ရာခိုင်နှုန်းသည် ထူးခြားသော ကိန်းဂဏန်းဖြစ်ပြီး NLD ဖြစ်စေ USDP ဖြစ်စေ ပါတီများသည် အပြတ်အသတ် နိုင်ခဲ့ကြသည်။
ထိုသို့ဖြစ်ရခြင်းမှာ မဲဆန္ဒနယ်တခုတွင် ကိုယ်စားလှယ်လောင်းတဦးသာ အနိုင်ရခြင်းကြောင့်ဖြစ်သည်။ ထိုစနစ်သည် နိုင်သူအကုန်ယူစနစ်ကို ကျင့်သုံးပြီး ရှုံးသော ကိုယ်စားလှယ်သည်လည်း မဲအများအပြား ရနိုင်သည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် မရှုမလှ ရှုံးနိမ့်သော်လည်း စစ်အုပ်စုသည် ၂၀၀၈ ဖွဲ့စည်းပုံတွင် ထိုစနစ်ကိုပင် ဆက်လက်ကျင့်သုံးသည်။ ၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲကို NLD က သပိတ်မှောက်သောအခါ USDP က ပြတ်ပြတ်သားသား အနိုင်ရသည်။ ၂၀၁၅ ခုနှစ်တွင် ထိုပါတီသည် မဲများ၏ ၂၈ ရာခိုင်နှုန်းကို ရသော်လည်း ကိုယ်စားလှယ်နေရာများ၏ ၈ ရာခိုင်နှုန်းသာ ရသည်။ ထို့ကြောင့် စစ်အုပ်စုသည် အချိုးကျကိုယ်စားပြုစနစ်သို့ ပြောင်းမည့်လေသံပစ်လာသည်။
အထက်ပါသဘောထားကို ရွေးကောက်ပွဲစနစ်တခုတည်းဖြင့် ရှင်းပြနိုင်မည် မဟုတ်ပေ။ တတိယ ရွေးချယ်စရာ ကင်းမဲ့ခြင်းသည်လည်း နောက်ထပ်အကြောင်းရင်းတခု ဖြစ်သည်။ “မြန်မာ့တိုးတက်မှုအတွက် စနစ်ကြောင့် ဖြစ်တဲ့ အတားအဆီးကတော့ လူ့အဖွဲ့အစည်းအတွင်းက စစ်အုပ်စုကိုဖြစ်စေ ဒီမိုကရေစီအင်အားစုကိုဖြစ်စေ ကိုယ်စားမပြုဘဲ အဲဒီနှစ်ခုကြားမှာရှိနေတဲ့ ရှေးရိုးစဉ်လာဝါဒီ ကွန်ဆာဗေးတစ်တွေက နိုင်ငံရေးအင်အားစု ဖြစ်မလာတာပဲ” ဟု ကျိုတိုတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ရိုရှီဟီရို နာကာနီရှီပြောသည်။
မဲဆန္ဒရှင်များအတွက် တတိယရွေးစရာပေးသော ပါတီများရှိသည်။ ၎င်းတို့တွင် ၂၀၁၀ တွင် NLD မှ ခွဲထွက်ပြီး ရွေးကောက်ပွဲဝင်သည့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးက ၂၀၁၈ ခုနှစ်တွင် တည်ထောင်သည့် ပြည်သူ့ပါတီ နှင့် NLD မှ ထွက်သွားသော စီးပွားရေး လုပ်ငန်းရှင် သက်သက်ခိုင်က ၂၀၁၉ ခုနှစ်တွင် တည်ထောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ တို့ပါဝင်သည်။
သို့သော် ထို ၃ ပါတီလုံးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ အနိုင်ရခြင်း မရှိပေ။ “မဲရုံထဲမှာ မဲဆန္ဒရှင် အများစုရဲ့ ကိုယ်ပိုင် ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်က ဘယ်ပါတီဟာ တန်ိုင်ငံလုံးမှာရှိလဲ၊ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးကတိတွေကို ဖြည့်ဆီးပေးဖို့ လုပ်နိုင်တဲ့ စွမ်းရည်ရှိလဲ ဆိုတဲ့ အချက်ပေါ်မူတည်နေတယ်” ဟု စင်္ကာပူရှိ ISEAS Yusof Ishak Institute မှ သုတေသီ ဒေါ်မိုးသူဇာပြောသည်။
ထိုသို့ဖြစ်ရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းတခုမှာ ဒေါ်အောင်ဆန်းစုကြည်၏ ဖြုတ်ထုတ်ရေးဝါဒ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်တွင်သာရှိနေပြီး ရွေးကောက်ပွဲမဝင်နိုင်သောကြောင့် NLD က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်သည်။ သို့သော် တခါက NLD ၏ အစိတ်အပိုင်းဖြစ်သော NDF က နိုင်ငံရေးပါတီများ ရွေးကောက်ပွဲတွင် ပါဝင်သင့်သည်ဟု ယူဆသည်။ ဒေါ်အောင်ဆန်းစုကြည်က NDF ကို မထောက်ခံဘဲ မဲမပေးရန် သူ့ကိုထောက်ခံသူများအား ပြောသည်။ ဦးကိုကိုကြီးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အဖွဲ့ဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုသော်လည်း ခွင့်ပြုချက်မရခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်သည် အငြင်းပွားဖွယ်ရာများကို တိုင်ပင်ဆွေးနွေးခြင်းမရှိ တကိုယ်တော် လုပ်ကိုင်နေသည်ဟု ဝေဖန်ပြီး ဒေါ်သက်သက်ခိုင်က NLD မှ ထွက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ့အား ဆက်ခံမည့်သူတဦးကို ပြုစုပျိုးထောင်ခြင်း မရှိသလို အခြားဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်ခြင်းလည်း မရှိပေ။ နိုင်ငံရေးအာဏာကို ဒေါ်အောင်ဆန်းစုကြည် စုစည်းချုပ်ကိုင်ထားခြင်းသည် NLD ကို အနိုင်ရစေသော်လည်း ထိုသို့အပြတ်အသတ် အနိုင်ရခြင်းကြောင့် အကျပ်အတည်းကျရောက်သည်ဟု စစ်အုပ်စုက ခံစားရသောအခါ အာဏာသိမ်းမှုသို့ ဦးတည်စေသည်။
အာဏာသိမ်းမှုကို ပြန်လည်သုံးသပ်သောအခါ လူတိုင်းနားမလည်နိုင်သောအချက်မှာ ရွေးကောက်ပွဲ မသမာမှုကို စုံစမ်းစစ်ဆေးရန် ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စုကို မည်သည့်အတွက် ခွင့်မပြုသနည်းဆိုသည့်အချက် ဖြစ်သည်။ အာဏာသိမ်းမှု မတိုင်မီ ၄ ရက်တာအတွင်း NLD နှင့် အကြိမ်ပေါင်းများစွာ ကျင်းပခဲ့သော ဆွေးနွေးပွဲများအတွင်းတွင် စစ်အုပ်စုက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကို အစားထိုး ခန့်အပ်ရေး၊ မဲမသမာမှုများကို စုံစမ်းစစ်ဆေးရေးနှင့် လွှတ်တော်ခေါ်ယူခြင်းကို ဆိုင်းငံ့ထားရေးတို့အား တောင်းဆိုသည်ဟု ဆိုကြသည်။ NLD က ထိုတောင်းဆိုမှု တခုစီကို ပယ်ချသည်ဟု ဆိုသည်။
ထိုကိစ္စအတွက် ကျိုးကြောင်းဆီလျှော်သော ဖြေရှင်းချက် ၂ ခုသာရှိသည်။ ရွေးကောက်ပွဲတွင် မည်သည့် အမှားအယွင်းမျှမရှိဟု NLD ခေါင်းဆောင်များက ယုံကြည်သောကြောင့်ဖြစ်နိုင်သလို စုံစမ်းစစ်ဆေးမှုကို လက်ခံပါက ပြဿနာတမျိုးမဟုတ် တမျိုးကြုံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်သည်။ သို့သော် ရှင်းလင်းသောအချက်တခုမှာ အာဏာသိမ်းမှုဖြစ်နိုင်သည်ကို သူတို့သိသည်ဆိုသောအချက်ဖြစ်သည်။ ဖြစ်လျှင်ဖြစ်ခြင်း အာဏာသိမ်းမှုကို ခုခံကြရန် ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်ရေးသားပေးပြီး ၎င်းတို့ထံ အပ်နှံထားသောစာကို NLD က ထုတ်ပြန်ကြေညာသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ဖုန်းကို စစ်အုပ်စုက မသိမ်းဆည်းနိုင်စေရန် ဇန်နဝါရီလ ၂၈ ရက်နေ့နှောင်းပိုင်းက ဖျက်ဆီးပစ်လိုက်ကြောင်း Reuters က သူနှင့် နီးစပ်သည့်သူတဦးကို ကိုးကားဖေါ်ပြခဲ့သည်။
အာဏာသိမ်းမည်ကို ဒေါ်အောင်ဆန်းစုကြည် ရှင်းရှင်းလင်းလင်း ကြိုမြင်ခဲ့လျှင် မည်သည့်အတွက် ရှောင်ရှားရန် မကြိုးစားသနည်း။ စစ်အုပ်စု၏ တောင်းဆိုချက်များကို ပယ်ချလျှင် ဖြစ်လာနိုင်သည် အန္တရာယ်ကို သူသိခဲ့သင့်သည်။ အရပ်သားအစိုးရကို ဖြုတ်ချပြီး ဆန္ဒပြသူများကို ဖိနှိပ်သတ်ဖြတ်သည့် စစ်အုပ်စု၏ လုပ်ရပ်အတွက် မည်သည့်ဆင်ခြေမျှ ပေး၍ မရနိုင်သော်လည်း လူ ၈၃၀ ကျော် သေဆုံးပြီးသည့် လက်ရှိအခြေအနေအတွက် ဒေါ်အောင်ဆန်းစုကြည်တွင် တာဝန်မရှိဟုလည်း မဆိုနိုင်ပေ။
NLD သို့ ဝင်ရောက်ခွင့်မရသောကြောင့် သူ၏ သီးခြားပါတီကို ထောင်သော ဦးကိုကိုကြီးသည် ယခင်စစ်အုပ်စု ခေတ်က ထောင် ၁၉ နှစ် ကျခဲ့သည်။ ၂၀၁၇ ခုနှစ်က ဦးကိုကိုကြီး ဂျပန်သို့ လာရောက်လည်ပတ်သည့်အကြောင်း နိပွန်ဖေါင်ဒေးရှင်း ဥက္ကဋ္ဌနှင့် မြန်မာအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ ကိုယ်စားလှယ် ယိုရှေ ဆာဆာကာဝါ က သူ၏ဘလော့တွင် ရေးသားထားသည်။ ဦးကိုကိုကြီးက “ဒေါ်အောင်ဆန်းစုကြည်က ၈၈ မျိုးဆက်ဆိုတာ သစ်တောရှင်းတဲ့ သစ်ခုတ်သမားတွေဖြစ်ပြီး အခန်းကဏ္ဍက ပြီးဆုံးသွားပြီ။ အဲဒီရှင်းခဲ့တဲ့လမ်းမှာ သူလျှောက်မယ်လို့ ပြောတယ်။ ကျနော်တို့အားထုတ်မှုတွေကို သူမေ့သွားပြီလို့ စဉ်းစားမိပြီး စိတ်ပျက် စိတ်မကောင်းဖြစ်ရတယ်” ဟုပြောကြောင်း ဆာဆာကာဝါ၏ ရေးသားချက်အရ သိရသည်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍသည် ပြီးဆုံးကောင်းပြီးဆုံးတော့မည်ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ တိုးတက်မှုကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့ချည်း သက်သက်သာ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။
ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုသည် ပုဂ္ဂိုလ်တဦးချင်း ဆွဲဆောင်စည်းရုံးနိုင်မှုကို ဆက်လက်အားကိုးမရတော့ပေ။ ထိုသို့သော တွေးခေါ်မှုမျိုးကို ပြောင်းလဲခြင်းမရှိပါက ဒီမိုကရေစီလိုလားသူများသည် ၎င်းတို့၏ အန္တိမပန်းတိုင်သို့ မည်သည့်အခါမျှ ရောက်မည်မဟုတ်ပေ။
(တူရိုတာကာဟာရှိသည် ဂျပန် သတင်းဌာန Nikkei Asia ၏ အာရှဆိုင်ရာ အယ်ဒီတာချုပ် ဖြစ်သည်။ Nikkei Asia ပါ ၎င်း၏ Suu Kyi’s inconvenient truth and the origins of Myanmar’s coup ကို ဘာသာပြန်ဆိုသည်။ ဆောင်းပါးသည် သူ၏ အာဘော်မျှသာ ဖြစ်သည်။)
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတို့ နေရာရွှေ့ပြောင်းခံရဟု NUG ပြော
စစ်အာဏာသိမ်းမှုက နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများသာ အမြတ်ထွက်သည်
သုံးနှစ်သား ပြည်သူ့ပါတီ၏ အနာဂတ်လားရာ ဘယ်လဲဘာလဲ
ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်စစ်ဆေးခြင်းဖြင့် စစ်ကောင်စီက မီးလောင်ရာလေပင့်လိုက်သည်