အစိုးရကဏ္ဍ တခုစီတွင် အမျိုးသမီးများ ကိုယ်စားပြုမှုကို အနည်းဆုံး ၃၀ ရာခိုင်နှုန်း တောင်းဆိုခြင်းဖြင့် အမျိုးသမီးများ ကိုယ်စားပြုမှုမြှင့်တင်ရေး ကတိကဝတ်ကို NLD က မကြာသေးမီက ထပ်လောင်း ပြောကြားခဲ့ သော်လည်း အမျိုးသမီးများသည် နိုင်ငံရေးတွင် ကိုယ်စားပြုမှု အကြီးအကျယ် နိမ့်ကျနေသေးသည်။
မတ်လက ထုတ်ပြန်ခဲ့သော ကြေညာချက်သည် ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့သော ကတိကဝတ်များနှင့် အကြီးအကျယ် ဆန့်ကျင်ကွဲလွဲနေသည်။ နိုင်ငံရေးဦးဆောင်မှု အဆင့်တွင် အမျိုးသမီးများ ကိုယ်စားပြုမှု အချိုးကျ စနစ် အကောင်အထည်ဖော်ခြင်းကို မထောက်ခံကြောင်း NLD က ထိုစဉ်က ဖော်ပြခဲ့သည်။
များစွာ အမွှမ်းတင် ပြောကြားနေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) များတွင် အမျိုးသမီး ၆၇၀ ကျော်တို့သည် ငြိမ်းချမ်းရေး တည်ဆောက်ရန် အကျိုးဆောင်နေကြပြီး ခန့်မှန်းခြေ လေးပုံတပုံတို့သည် UPC တွင် တရားဝင် ကိုယ်စားလှယ်များအဖြစ် ထမ်းဆောင်နေကြသည်။
အမျိုးသမီးများသည် ၎င်းတို့၏ လူမှုအသိုင်းအဝန်းများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် လုံခြုံမှုကို ခြိမ်းခြောက်သော စိတ်ပိုင်း ရုပ်ပိုင်း အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင် စိန်ခေါ်မှုများနှင့် ဆက်လက် ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။
လွန်စွာလိုအပ်နေပြီး အချိန်လွန်နေသည့် ယခုနှစ်တွင် ပြဋ္ဌာန်းရန် စီစဉ်ထားသော အမျိုးသမီးများကို အကြမ်းဖက်မှုမှ တားဆီးကာကွယ်သည့် ဥပဒေကဲ့သို့ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်လဲရေးများကို ဆက်လက် လုပ်ဆောင်ရမည်ဟု အမျိုးသမီး အဖွဲ့အစည်းများက သွေးစည်းညီညွတ်စွာ တောင်းဆိုခဲ့ကြသည်။
ခေါင်းဆောင်မှုအဆင့်မှ အမျိုးသမီး အများအပြားသည် အတားအဆီးများကို ခံစားနေကြရပြီး နိုင်ငံအဆင့် နိုင်ငံရေးတွင် အာဏာကို ဗဟိုချုပ်ကိုင်မှုကြောင့် ၎င်းတို့ခေါင်းဆောင်မှု စွမ်းရည် ကန့်သတ်မှုများကို ကြုံတွေ့နေကြရသည်။
“NLD အာဏာမရခင်က အမျိုးသမီး အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နယ်စပ်က ဒီမိုကရေစီ လှုပ်ရှားမှုနဲ့အတူ အသိအမှတ်ပြုခံရဖို့ အရမ်းကိုကြိုးစား လုပ်ဆောင်ခဲ့ရတယ်” ဟု မြန်မာအမျိုးသမီးများ သမဂ္ဂ အထွေထွေအတွင်းရေးမှူး မော်အားဝါက ပြောသည်။
မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့တွင် အမျိုးသမီးများကို ပုံစံ အမျိုးမျိုးဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး နိုင်ငံတကာ သဘောတူညီချက် (CEDAW)၊ ဘေ့ဂျင်း ကြေညာချက်နှင့် ၎င်း၏ အကောင်အထည်ဖော်မှု အခြေခံတို့နှင့် အညီ တန်းတူရေး အဓိကအချက် ၁၂ ချက်ကို ဦးတည်သော အမျိုးသမီးများ တိုးတက်ရေး အမျိုးသား သေနင်္ဂဗျူဟာစီမံချက် ၂၀၁၃-၂၂ ကို အကောင်အထည်ဖော်ရန် အစိုးရက ကြေညာခဲ့သည်။
၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် CEDAW ကို လက်မှတ် ရေးထိုးခဲ့သော်လည်း မြန်မာနိုင်ငံသည် တိုင်ကြားမှုနှင့် စုံစမ်းစစ်ဆေးမှု ယန္တရား ထူထောင်ရန် ရွေးချယ်ခွင့်ရှိသော ပြဋ္ဌာန်းချက်များကို အတည်ပြုခြင်း မရှိသေးပေ။
ကံမကောင်း အကြောင်းမလှစွာပင် NLD ၏ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သော နည်းလမ်းသည် အဆက်အစပ် ကင်းမဲ့နေပြီး လိင်တန်းတူညီမျှမှု လှုပ်ရှားမှုအတွင်း သွေးကွဲမှုများကို ဖြစ်စေသည်။ တပ်မတော်သည် အဓိက ဝန်ကြီးဌာနများ၊ အထူးသဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနအပေါ် အာဏာနှင့် သြဇာသက်ရောက်မှုကို အကြီးအကျယ် ချုပ်ကိုင်ထားဆဲ ဖြစ်သောကြောင့် လူမှုအခြေပြု အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေသည်။
ထို့အပြင် ယခုနှစ်အတွင်း လူ့အခွင့်အရေး လှုပ်ရှားသူများအပေါ် တရားစွဲဆိုမှု တိုးလာခြင်းနှင့် ပတ်သက်ပြီး ပြင်းထန်သော ဝေဖန်မှုများကိုလည်း NLD က ရင်ဆိုင်နေရသည်။ အထူးသဖြင့် ထိုသို့ တရားစွဲဆို ခံရသူများတွင် ကချင်လူ့အခွင့်အရေး ကာကွယ်သူများ ဖြစ်သော ဒေါ်နန်ပူ၊ လွမ်းဇောင်းနှင့် ဇောင်ဂျက်တို့ ပါဝင်ပြီး ၎င်းတို့သည် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း တပ်မတော်ကို အသရေဖျက်ခြင်းအတွက် ထောင် ၄ လ ချမှတ်ခံရကာ မေလကမှ ပြန်လည် လွတ်မြောက်လာသူများ ဖြစ်သည်။
မကြာသေးမီက အခြားအမှုတခုတွင်မူ အငြင်းပွားဖွယ် အိမ်ရာစီမံကိန်းတခုကို ဆန့်ကျင်ခြင်းအတွက် မြေယာ အခွင့်အရေးနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှကို အခြားလုပ်ဖော်ကိုင်ဖက် ၄ ဦးနှင့်အတူ ကရင်ပြည်နယ် မြဝတီတွင် ၂၀၁၉ ခုနှစ် ဧပြီလကုန်က ဖမ်းဆီးခဲ့သည်။
စစ်တပ်က ရေးဆွဲသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် အမျိုးသမီးများ ပါဝင်ခြင်းကို ပယ်ဖျက်သော ဝန်ကြီးဌာနများကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စိန်ခေါ်ရန် ခက်ခဲစေသည်။ ထိုသို့သော ဥပမာတခုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပုဒ်မ ၃၅၂ ဖြစ်ပြီး ထိုပုဒ်မတွင် “အမျိုးသားများနှင့်သာ လျော်ကန်သင့်မြတ်သည့် ရာထူးများအတွက် အမျိုးသားများအား ရွေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရ အဟန့်အတား မဖြစ်စေရ” ဟု ဖော်ပြထားသည်။
အမျိုးသမီးများ ခေါင်းဆောင်မှု တိုးတက်ရေးနှင့် ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်မှုသည် စိတ်ပျက်စရာ ကောင်းလှသည်။ သူ၏ တပ်မတော်နှင့် နီးကပ်သော ဆက်ဆံရေးသည်လည်း NLD ၏ အစီအစဉ်သစ် များနှင့် ပတ်သက်ပြီး လူမှုအခြေပြု အဖွဲ့များ၏ စိုးရိမ်ပူပန်မှုကို ဖြစ်စေသည်။ အထူးသဖြင့် နိုင်ငံလုံးဆိုင်ရာ အဆင့် ခေါင်းဆောင်မှုနေရာတွင် အမျိုးသမီးများအတွက် အခွင့်အလမ်းများကို မည်သို့ ဖန်တီးပေးမည် ဆိုသည်နှင့် ပတ်သက်ပြီး ပိုမိုပူပန်လာစေသည်။ လတ်တလော အခြေအနေတွင် အမျိုးသမီးများသည် ကိုယ်စားလှယ်နေရာ ၄၃၃ နေရာရှိသော ပြည်သူ့လွှတ်တော်တွင် ၁၁ ရာခိုင်နှုန်းသာပါဝင်ပြီး ၂၂၄ နေရာရှိသော အမျိုးသား လွှတ်တော်တွင် ၁၂ ရာခိုင်နှုန်းသာ ပါဝင်နေသည်။
NLD မှ ပူးပေါင်းဆောင်ရွက်မှုနှင့် နားလည်မှု ကင်းမဲ့ခြင်းသည် နိုင်ငံရေးလောကသို့ ဝင်ရောက်ရန် စိတ်ဝင်စားသော အမျိုးသမီးများအတွက် နောက်ထပ် အတားအဆီးဖြစ်နေကြောင်း နိုင်ငံလုံးဆိုင်ရာ ကရင်နီ အမျိုးသမီးများ အဖွဲ့ချုပ် (KNWO) အထွေထွေအတွင်းရေးမှူး မမီးမီးက ပြောသည်။ ထိုသို့သော နောက်ထပ် အတားအဆီးများတွင် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲမှု ကင်းမဲ့ခြင်း သို့မဟုတ် လိင်တန်းတူမှု မူဝါဒ ဖော်ဆောင်ရန် စဉ်းစားသုံးသပ်မှု ကင်းမဲ့ခြင်းတို့ ပါဝင်သည်။
ထိုကဲ့သို့သော သဘောထားများနှင့် လုပ်ရပ်များကြောင့် လူမှုအခြေပြု အဖွဲ့အစည်းများသည် အစိုးရ အာဏာပိုင်များနှင့် ၎င်းတို့၏ ဆက်ဆံရေးတွင် ၎င်းတို့၏ ထင်မြင်ချက်များကို ဖွင့်ဟပြောဆိုနိုင်ခြင်း မရှိကြ တော့ပေ။ ဆန္ဒပြပွဲ သို့မဟုတ် ကာကွယ်ထောက်ခံပွဲများ စီစဉ်သော အဖွဲ့အစည်းများသည် ငြိမ်းချမ်းစွာ စုဝေးခွင့် ဥပဒေအရ ပြည်ထဲရေး ဝန်ကြီးဌာနမှ ကျယ်ပြန့်သော ခွင့်ပြုချက် တောင်းခံရန်လိုသည်။
အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များနှင့် လူသိရှင်ကြား တွေ့ဆုံခွင့် ကင်းမဲ့ခြင်းဖြင့် လူမှုအခြေပြု အဖွဲ့အစည်း လုပ်ငန်းဆောင်ရွက်မှုများကို ကန့်သတ်ခြင်း၏ ထိခိုက်မှုများကို KNWO ကဲ့သို့သော အမျိုးသမီး အဖွဲ့အစည်းများ ခံစားလာကြရပြီး အစိုးရနှင့် အဓိက ဒေသခံ တက်ကြွလှုပ်ရှားသူများ အကြား အဓိပ္ပာယ် ပြည့်ဝသော ဆွေးနွေးပွဲများတွင် သိသာသော ကွာဟမှုကို ဖြစ်စေသည်။
“NLD အစိုးရက လူမှုအခြေပြုအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ စိတ်မဝင်စားဘဲ ပါဝင်ပတ်သက်သူတွေနဲ့ ဘယ်လို ညှိနှိုင်း ဆောင်ရွက်မလဲဆိုတဲ့ အသိနဲ့စွမ်းရည်လည်း သူတို့မှာ ရှိပုံမရဘူး။ နောက်ထပ် ပြဿနာ တခုက ပြည်နယ်အစိုးရဟာ လက်ရှိနိုင်ငံရေး အခြေအနေကိုမသိဘဲ ပြည်သူ့အသံကိုလည်း နားမထောင်ဘူး” ဟု မမီးမီးက ပြောသည်။
ပြည်သူများ၏ ပါဝင်ဆောင်ရွက်မှုကို ကန့်သတ်လိုက်သောအခါ လူမှုအခြေပြု အဖွဲ့အစည်းများ၏ လှုပ်ရှားမှု များကိုလည်း ကန့်သတ်လိုက်ရာ ရောက်ပြီး ထိုသို့လုပ်ဆောင်ခြင်းသည် လူမှုအခြေပြု အဖွဲ့အစည်းများ နိုင်ငံရေးနယ်ပယ်တွင် တန်းတူညီမျှမှုနှင့် လူ့အခွင့်အရေးကို အားပေးရန် အသုံးပြုသော အခြေခံကိုလည်း အနှောင့်အယှက် ဖြစ်စေသည်။ နှစ်များစွာအတွင်း NLD ၏ ပုံရိပ် တစစီ ကြေမွသွားအောင် တပ်မတော်၏ အခန်းကဏ္ဍက မည်သို့ လုပ်ဆောင်ခဲ့သည် ဆိုသည်နှင့် လုပ်ငန်းများ ပိုမိုခက်ခဲအောင် ၎င်းတို့က မည်သို့လုပ်ခဲ့သည်ကို မော်အားဝါက ပြောသည်။
အဓိကအားဖြင့် ထိုသို့သော မကျေနပ်မှုများသည် အမျိုးသမီးများအပေါ် အမျိုးသားများ၏ ခေါင်းဆောင်မှုကို ဦးစားပေးခြင်းအား လက်ခံလိုက်နာခြင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
“နိုင်ငံရေးနဲ့ ဦးဆောင်မှုပိုင်းမှာ အမျိုးသမီးတွေ ပါဝင်ရေးကို လက်ရှိ အစိုးရအောက်မှာ အလေးထားမှု မရှိဘူးဆိုတာ ထင်ရှားနေတယ်။ ဒီအချက်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေပါဝင်မှု ကင်းမဲ့ခြင်းမှာ တွေ့နိုင်တယ်” ဟု မော်အားဝါက ပြောသည်။
လွေနန်းမိုးသည် တအာင်း အမျိုးသားပါတီကို ကိုယ်စားပြုသည့် အမျိုသမီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲဝင်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာသည်။ သူသည် လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီဝင်လည်း ဖြစ်ပြီး ထို ဗဟိုလုပ်ငန်းကော်မတီမှ အမျိုးသား အဖွဲ့ဝင် ၆၄ ဦးအကြားတွင် တဦးတည်းသော အမျိုးသမီးဖြစ်နေသည်။
“အမျိုးသမီးငယ် တဦးအနေနဲ့ နိုင်ငံရေးမှာပါဝင်ရတာ ခက်ခဲပေမယ့် ကျမဘယ်တော့မှ မညည်းငြူဘူး။ ဘာကိုမှလည်း မကြောက်ဘူး။ ကျမဟာ အမျိုးသားတယောက် လိုပါပဲ” ဟု သူက ပြောသည်။
မိုင်းတုံ မြို့နယ်သည် ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ပွဲများ အမြဲဖြစ်နေသည့် ပဋိပက္ခဒေသ တခုဖြစ်သည်။ ထိုမြို့နယ်သည် လွေနန်းမိုး ကိုယ်စားပြုသော မြို့နယ်လည်း ဖြစ်သည်။
“တိုက်ပွဲကြောင့် မဲဆွယ်ပွဲ ရပ်လိုက်ရတာမျိုးကို ကျမလက်မခံဘူး။ ပြည်သူတွေက ကျမကို လိုအပ်နေတယ်။ ကျမ ပေးဆပ်နိုင်တာကို ကျမပေးမယ်။ ကျမ သူတို့ကို သွားတွေ့ရမယ်” ဟု သူက ပြောသည်။
နိုင်ငံရေးတွင် အမျိုးသမီးများ ကိုယ်စားပြုမှု နည်းပါးနေခြင်းကြောင့် စီမံခန့်ခွဲရေးနှင့် နိုင်ငံရေး အတွေ့အကြုံရှိ စိတ်ဓာတ်ခိုင်မာသော အမျိုးသမီးငယ်တဦးအဖြစ် သူ၏ သြဇာကို ထိန်းသိမ်းထားရန် အရေးကြီးကြောင်း သူက အသိအမှတ်ပြုသည်။
အမျိုးသားများသည် အမျိုးသမီးများ ကိုယ်စားပြုရန် နေရာမပေးလိုကြကြောင်း စိတ်ပျက်စွာနှင့် သူက ပြောသည်။ အစိုးရကော်မတီ ၂၀ အနက် ကော်မတီ ၃ ခုတွင်သာ အမျိုးသမီးများက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကြောင်း သူက ပြောသည်။ ထိုကော်မတီများမှာ အစိုးရ၏ တာဝန်ခံမှုကော်မတီ၊ ဘဏ်လုပ်ငန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေးကော်မတီနှင့် အမျိုးသမီးများရေးရာ ကော်မတီတို့ဖြစ်သည်။ တိုင်းရင်းသားများ ခေါင်းဆောင်မှု ပိုမိုရရှိသည်ကိုလည်း သူက လိုလားသည်။
အမျိုးသမီး အဖွဲ့များသည် အမျိုးသားများ၏ အမြင်နှင့် အယူအဆအပါအဝင် နိုင်ငံကို ပြောင်းလဲရေးအတွက် ၎င်းတို့၏ အားထုတ်မှုများကို ပိုမိုတောင့်တင်းရန်နှင့် ညှိနှိုင်းဆောင်ရွက်ရန် ဆက်လက် လုပ်ကိုင်နေချိန်တွင် အစိုးရသည် တန်းတူညီမျှ ကိုယ်စားပြုခြင်း၏ အရေးပါမှုကို အဆင့်တိုင်းတွင်သိရှိမှု မြင့်မားစေရန် အမျိုးသား၊ အမျိုးသမီးများနှင့် အတူတကွ လုပ်ဆောင်ရမည် ဖြစ်သည်။ ရိုးရာအစဉ်အလာ အခန်းကဏ္ဍများကို စိန်ခေါ်ခြင်းသည် အမျိုးသမီးများကို ၎င်းတို့၏ ကျွမ်းကျင်မှုများအား ယုံကြည်မှု ရှိရှိ အသုံးချနိုင်ရန် နေရာပေးသော နိုင်ငံရေးစနစ်သို့ ပြောင်းလဲခြင်းဖြင့် ဖြစ်နိုင်သည်။
အမျိုးသမီးများကို ပိုမိုစိတ်ပါလက်ပါ ထောက်ကူရန် အစိုးရအနေဖြင့် လုပ်ဆောင်နိုင်သော အရာတချို့မှာ လိင်ကွဲပြားမှုကို အခြေခံသော အသုံးစရိတ် ခွဲဝေချထားခြင်းနှင့် နိုင်ငံရေးပါတီများနှင့် အစိုးရစနစ်များတွင် အချိုးကျစနစ် ကျင့်သုံးခြင်းပင် ဖြစ်သည်။
အနာဂတ်တွင် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုအောင်မြင်မှုများ စီစဉ်ခြင်း အထူးသဖြင့် ပင်လုံပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှ ဆွေးနွေးပွဲများတွင် အမျိုးသမီးများ၏ အကျိုးဆောင်မှုကို ထည့်သွင်းစဉ်းစာပါက NLD အနေဖြင့် အကျိုးများစရာ များစွာရှိသည်။ ထိုသို့မဟုတ်ပါက ၎င်းတို့၏ တိုးတက်မှုကို ဖော်ဆောင်နိုင်သော စွမ်းရည်သည် အမျိုးသားအဆင့်တွင် လိုအပ်နေသော အမျိုးသမီးများ တန်းတူရေးကို အားပေးသည့် မူဝါဒ ကင်းမဲ့ခြင်းကြောင့် ဆက်လက် အင်အားချိနဲ့သွားမည် ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Women’s Participation in Politics Undermined by the NLD ကို ဘာသာပြန်သည်။)
You may also like these stories:
ရခိုင်ပြည်နယ်တွင် မေတ္တာတရား ခေါင်းပါးမှု ဖြစ်နေဟု NLD ဒုဥက္ကဋ္ဌ ပြော
ဆိပ်ကမ်း မဲဆန္ဒနယ် အငြင်းပွားမှု NLD အနိုင်ရ
ဗိုလ်ချုပ်ရုပ်တုကြောင့် တိုင်းရင်းသားဒေသများတွင် NLD ထောက်ခံမှု ဆုံးရှုံးနေ