အရောင်စုံ၊ အသွေးစုံ၊ အရွယ်စုံနှင့် လူပေါင်းများစွာသည် ဆူးလေ ဘုရားလမ်းနှင့် အနော်ရထာလမ်း တလျှောက် တောင်မှ မြောက်သို့ လည်းကောင်း၊ မြောက်မှ တောင်သို့ လည်းကောင်း လူးလားခေါက်တုံ့ သွားလာနေကြသည်။
တခါတရံ ခပ်ဖွဲဖွဲ၊ တခါတရံ ခပ်သည်းသည်းကျနေသော မိုးစက်များက ထိုသူတို့၏ ခြေရာများကို တိုက်စားသွား ဟန်တူ သည်။ သို့မဟုတ်လျှင်လည်း နံနက် ၅ နာရီတိုင်း မြို့အနှံ့လှည်းကျင်းသည့် စည်ပင်သာယာဝန်ထမ်းများ၏ တံမြက်စည်း ချက်၏ အောက်တွင် ပျောက်ကွယ်သွားဟန် တူသည်။
သို့နှင့်တိုင် ထိုလမ်းများထက်တွင် မည်သူမျှ လှည်းကျင်း၍ မရသော၊ မိုးဘယ်နှကြိမ် ကျကျ မပျောက်ကွယ်နိုင်သော ခြေရာပေါင်းများစွာမှ ထင်ကျန်နေဆဲ ဖြစ်သည်။
ပြောင်းလဲ တိုးတက်လာသော မိုးမျှော်တိုက်ကြီးများ၊ နှစ်စဉ် ထပ်ပိုးခင်းနေသော ကတ္တရာလမ်းမများ၊ ကွန်ကရစ်လမ်းမများ၊ ဆေးခြယ်နေသော ပလက်ဖောင်းများကလည်း ထိုခြေရာများကို ပြည်ဖုံးကား မချနိုင်ခဲ့ပေ။
နေ့စဉ် လူပေါင်းများစွာ ဘာဆိုဘာမှ မဖြစ်ခဲ့သလို လျှောက်လှမ်းသွားလာနေသော ထိုလမ်းမများထက်တွင် ရှစ်တန်း ကျောင်းသူလေး ဝင်းမော်ဦး၏ ခြေရာနှင့် သွေးစက်များရှိခဲ့သလို၊ ဆေးတက္ကသိုလ် ၂ ကျောင်းသား ကိုဇော်လွင်ထွန်း၏ ခြေရာလည်း ရှိခဲ့ဖူးသည်။
ဤလမ်းမများထက်တွင် ရာပေါင်းများစွာသော၊ ထောင်ပေါင်းများစွာသော အမည်မသိ ကျောင်းသားများ၊ ရဟန်းသံဃာများ၊ အလုပ်သမားများတို့သည် စစ်သေနတ်ရှေ့တွင် ရင်ကော့ရင်း၊ ပြေးရင်း လွှားရင်း သေဆုံးခဲ့ကြဖူးသည်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ရရှိရေးတို့အတွက် လူထု လူတန်းစား အလွှာအသီးသီးက လက်နက်မပါ တော်လှန် အုံကြွခဲ့သည့်နေ့၊ ရဟန်းရှင်လူ ပြည်သူများ၊ ကျောင်းသားများ ထောင်နှင့်ချီ သေဆုံးခဲ့ရသော နေ့သည် နှစ်တပတ်လည်တိုင်း တခါပြန် ရောက်လာစမြဲ။
ထိုနေ့က ပေးဆပ်ခဲ့ကြသူတို့၏၊ ထိုနေ့ မတိုင်ခင်ကတည်းက ခေတ်အဆက်ဆက် ပေးဆပ်ခဲ့ကြသူတို့၏၊ ထိုနေ့ လွန်မြောက်ပြီး နောက်တွင်လည်း ဘုံတူညီသော ထိုရည်မှန်းချက်ဖြင့် ပေးဆပ်လျက် ရှိသူတို့၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ ပြည့်ဝနေပြီလား။
ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့သော သူရဲကောင်းတို့ မျက်လုံးမှိတ်၊ စိတ်ချ၊ ပြန်လည်နိုးထစရာ မလိုတော့ပြီလား။ အမှန်တော့ အခုချိန်ထိ ရှစ်လေးလုံး၏ စစ်မှန်သော ဒီမိုကရေစီ ရည်မှန်းချက် ခရီးသည် လျှောက်ဆဲလှမ်းဆဲ ဖြစ်သည်။
၈၈ မြင်ကွင်းကို ရင်နင့်အောင် ကြည့်ရင်း “ကမ္ဘာမကြေဘူး” သီချင်းကို ရေးသားခဲ့သည့် နိုင်မြန်မာကလည်း “အခုထိ တတိုင်းပြည်လုံးက ကျနော်တို့ အိပ်မက် မက်နေတဲ့ဆီကို ရောက်မှ မရောက်သေးတာ။ ရောက်နေတယ်လို့ ပြောရင် လိမ် တာပဲ။ ကျနော်တို့ တိုင်းပြည်ကို ဒီမိုကရေစီ ရပြီ ဆိုပြီး ဝိုင်းအော်နေကြတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီး ပြင်ဖို့ တောင် အဆင်မပြေဘူး” ဟု ဆိုသည်။
“ရှစ်လေးလုံး ကာလက တောင်းဆိုချက်တွေ မပြည့်မီသေးဘူး” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦး ဖြစ် သည့် ဦးမြအေးကလည်း ပြောသည်။
၈၈ တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ နှစ်ဦး ပြောသကဲ့သို့ပင် လက်ရှိ နိုင်ငံရေး အခင်းအကျင်းသည် တိုင်းရင်းသား တန်းတူ ညီမျှရေး၊ ဖက်ဒရယ်စနစ်၊ ပါတီစုံစစ်စစ် ဒီမိုကရေစီ စသည့် အနက်အဓိပ္ပာယ်များမှာ စကားလုံးများ အနေဖြင့်သာ ရှိနေသေးသည်။
အခြေအနေမှန်က လွှတ်တော်အတွင်းမှ တပ်မတော်၏ အာဏာဝေစုနှင့် ထိုဝေစုကို အသက်သွင်းပေးထားသည့် အခြေခံ ဥပဒေကို ပြင်ဆင်နိုင်စွမ်း မရှိသေး။ အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ တဖက်တွင်တော့ ရခိုင် နှင့် ချင်းပြည်နယ်အထိ ပြည်တွင်း စစ်မီးတောက်က တောက်လောင်ကောင်းနေဆဲ။
နှစ်ပေါင်း ၃၂ နှစ်ကြာခဲ့သည့်တိုင် နယ်စပ်ဒေသများတွင် မိုင်းနင်း၍ သေကြေဆဲ။ ဗုံးကြဲခံရ၍ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများ ရှိနေဆဲ။ သေနတ်မှန်၍ သေဆုံးနေကြဆဲ။ အပြစ်မဲ့ မိသားစုဘဝများမှာ ပြည်တွင်းစစ်မီးကြောင့် အပြိုပြိုအကွဲကွဲ ဖြစ်နေကြဆဲ။
ရှစ်လေးလုံး အရေးတော်ပုံက ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးမိုးသီးဇွန်၊ ဦးနိုင်အောင် စသည့် ကျောင်းသား ခေါင်း ဆောင်များကို သာမက လက်ရှိ အာဏာရပါတီ NLD နှင့် နိုင်ငံတော် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မွေးဖွားခဲ့ သည်။
ထို သမိုင်းအပိုင်းအစ ရက်စွဲများကို ပြန်ကောက်ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရမည်။
လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ သြဂုတ်လ၂၆ ရက်တွင် ရွှေတိဂုံစေတီ အနောက်ဘက်မုခ်တွင် ထောင်ပေါင်းများစွာသော လူထုကြီးအား မိန့်ခွန်း ပြောကြားခြင်းဖြင့် သူမ၏ နိုင်ငံရေး စာမျက်နှာကို စတင် ဖွင့်လှစ်ခဲ့သည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်တွင် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦး၊ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို စတင် ဖွဲ့စည်းခဲ့ကြသည်။
၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်က ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကို ပြန်လည် ဖွဲ့စည်း ခဲ့ပြီး ဦးမင်းကိုနိုင်အား ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခဲ့ကြသည်။
တပ်မတော်၏ တကျော့ပြန် အာဏာသိမ်းမှု အပြီး ၁၉၉၀ မေလ ၂၇ ရက်တွင် ရွေးကောက်ပွဲကျင်းပခဲ့ရာ NLD ပါတီက သောင်ပြိုကမ်းပြို အနိုင်ရခဲ့သော်လည်း အခြေခံ ဥပဒေ ရေးဆွဲရန် အကြောင်းပြချက်ဖြင့် အာဏာ လွှဲအပ်ခြင်း မပြုဘဲ အနိုင်ရပါတီသာ နှိပ်ကွပ်ခံခဲ့ရသည်။
၁၉၉၀ ရွေးကောက်ပွဲအပြီး ၁၈ နှစ်အကြာ၂၀၀၈ ခုနှစ်တွင်မှ ပြည်သူလူထု၏ ထောက်ခံမှုဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့သည်ဟု ဆို သော အခြေခံ ဥပဒေသည် လက်ရှိ ကျင့်သုံးနေသော အခြေခံ ဥပဒေပင် ဖြစ်သည်။
ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ လွှတ်တော်များတွင် တပ်မတော်က ၂၅ ရာခိုင်နှုန်းသော အာ ဏာကို ရွေးကောက်ခံခြင်းမပြုဘဲ အတိအလင်း ချုပ်ကိုင်ထားခြင်း၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အာမခံချက် မပေး နိုင်ခြင်း၊ လိုအပ်လျှင် တပ်မတော်က တရားဝင် အာဏာသိမ်းခွင့်ပင် ပေးထားဆဲဖြစ်သည့် အခြေခံဥပဒေနှင့်ပင် ရွေး ကောက်ပွဲ နှစ်ကြိမ်တိုင်ခဲ့ပြီ ဖြစ်သည်။
ယခုဆိုရင် သြဂုတ်လ ၅ ရက်ကတည်းက ရှစ်လေးလုံး အထိမ်းအမှတ် ဆိုင်းဘုတ်များကို မြို့တော်ခန်းမရှေ့နှင့် မဟာဗန္ဓုလ ပန်းခြံရှေ့တွင် စိုက်ထူထားသည်ကို တွေ့မြင်ရသည်။ ယခင်ကဆိုလျှင် ဆိုင်းဘုတ်များ မဆိုထားနှင့် ၈၈ အကြောင်း ယောင်မှား၍တောင် ပြောခွင့်မရှိသော အချိန်တခုကို ဖြတ်သန်းခဲ့ရသည်။
ယခုအခါ အစိုးရ ကိုယ်တိုင်က ဆိုင်းဘုတ် စိုက်ထူ အခမ်းအနား ကျင်းပသည့် အခြေအနေသို့ ရောက်နေခြင်းမှာ လွန်ခဲ့ သော နှစ်ပေါင်း ၃၀ ကျော်က ပေးဆပ်ခဲ့မှုများ၏ အသီးအပွင့်အချို့ ဟု ဆိုကြသည်။ သို့သော်လည်း ထိုစဉ်က မျှော်လင့်ခဲ့ ကြသော ဒီမိုကရေစီနှင့် ဒီမိုကရေစီ ယဉ်ကျေးမှု ပန်းတိုင်များအထိ မရောက်သေးပေ။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာပဲ ဒီမိုကရေစီ ရပြီလို့ ငြင်းတာ ရှိကောင်း ရှိလိမ့်မယ်။ အဲဒါ ကျနော်တို့ အလိမ် ခံရတာပဲ။ တကယ့် တကယ် ဒီတိုင်းပြည်မှာ ရုန်းကန်နေရတဲ့ အကာအကွယ် မဲ့နေတဲ့ ပြည်သူ လူထု အများစုကြီး ဘယ်သူ့ မှာမှ လုံခြုံတယ် ဆိုတာ မရှိဘူး။ လယ်တကွက် ပိုင်ထားလို့ မနက်ဖြန် သဘက်ခါ စီမံကိန်း ရှိလို့ လာမသိမ်းဘူး ဘယ်သူမှ မပြောနိုင်ဘူး။ အဲဒီလို တိုင်းပြည်မှာ ဒီမိုကရေစီ ရနေတယ်လို့ ပြောရင် ရူးနေလို့ပဲ” ဟု နိုင်မြန်မာက ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အာဏာရရှိခြင်းက ဒီမိုကရေစီအရေးတွင် ခြေတလှမ်း ပိုမိုရောက်ရှိလာခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တကယ့် ဒီမိုကရေစီ စနစ်ကို ရောက်နေပြီ ဟုတော့ မပြောနိုင်သေးပေ။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က “အားလုံးက ဘာကို လုပ်ခဲ့တာလဲ၊ ပြန်စဉ်းစားရင် စနစ်ပြောင်း ဖို့ကို လုပ်ခဲ့တာ ဒါက တော်တော် အရေးကြီးတယ်လို့ ထင်တယ်။ ဒါသည် မင်းပြောင်းမင်းလွဲ အတွက် မဟုတ်ဘူး ဆိုတာ တော့ နည်းနည်း နားလည် ထားရမယ်” ဟု ပြောသည်။
ငြိမ်းချမ်းရေး၊ ဖက်ဒရယ်၊ ဒီမိုကရေစီ စသည့် နိုင်ငံရေး ပြဿနာ အားလုံး၏ အဖြေသည် အခြေခံဥပဒေတွင် စ၍ အခြေခံ ဥပဒေတွင်ပင် ဆုံးနေသည်။ လက်တွေ့အကောင်အထည်ပေါ်မလာသေး။
“ကျနော်တို့က တောင်းခဲ့တာကတော့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီပဲ။ အခု ရထားတာကတော့ ၇၅ ရာခိုင်နှုန်း ဒီမိုကရေစီပေါ့” ဟု ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်သည့် ဦးကိုကိုကြီးကလည်း ပြောသည်။
ဒီမိုကရေစီက မရသေး။ ဒီမိုကရေစီ အင်အားစုများကြား အကွဲအပြဲ ဖြစ်နေပြီ ဆိုသည့် ဝေဖန်ချက်မှာလည်း ၂၀၂၀ ရွေး ကောက်ပွဲ မတိုင်ခင် ရေပန်းစားလျက် ရှိသည်။
ရှစ်လေးလုံးက မွေးထုတ်ပေးလိုက်သော အင်အားစုများကြား အာဏာရသူက အာဏာရသည့် အလျှောက်၊ အာဏာမရသူ က အာဏာမရသည့် အလျှောက်၊ နေရာရသူ တဖုံ၊ နေရာမရသူ တနည်း၊ ဘေးရှောင်သူက တဘာသာဖြင့် သဘောထား ကွဲလွဲမှု များစွာ ရှိနေသလားဟု စောင့်ကြည့် လေ့လာသူများက မေးခွန်းထုတ်လျက် ရှိသည်။
မြေထက်ကျခဲ့ရသော ၈၈၈၈ သူရဲကောင်းတို့၏ သွေးမှာ မခြောက်သေးခင် ကွဲနှင့်နေပြီလား ဟုလည်း စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်များလည်း ရှိသည်။
တေးရေး နိုင်မြန်မာက “အခု နိုင်ငံရေး အဖွဲ့အစည်းတွေ ရှိတယ်။ အကုန်လုံးက ရှစ်လေးလုံးရဲ့ ကျေးဇူးနဲ့ မကင်းဘူး။ ရှစ် လေးလုံးကို အကြောင်းခံပြီးတော့ NLD လို ပါတီတွေ ဖြစ်လာတယ်။ ရွေးကောက်ပွဲ ဝင်ကြတယ်။ တဖက်က ကျောင်းသား အုပ်စုမှာလည်း ပါတီထောင်တယ်။ မင်းကိုနိုင်ကတော့ ပွင့်လင်း လူ့အဖွဲ့အစည်းဆိုပြီး သူတို့ရဲ့ Direction တွေ မတူတော့ ဘူး။ သူတို့က တစုတစည်းတည်း ရှိတယ်လို့လည်း ပြောလို့ မရတော့ဘူး” ဟု ပြောသည်။
ဦးကိုကိုကြီးကလည်း “ကိုယ်ပိုင် နိုင်ငံရေး ရှိဖို့ လိုတယ်။ ကိုယ်ပိုင် နိုင်ငံရေး ရှိလို့ ကွဲတာကို လက်ခံတယ်။ ဒီမိုကရေစီ တောင်းဆိုတာကိုက မတူကွဲပြားမှုတွေကို လက်ခံပြီး တောင်းဆိုတာကိုး။ အဲဒီတော့ ကျနော်တို့ ၈၈ အင်အားစုတွေထဲမှာ လည်း ကိုယ်ပိုင် နိုင်ငံရေး ယုံကြည်ချက် ရပ်တည်ချက်နဲ့ သဘောထား ကွဲလွဲကြတယ် ဆိုရင်တောင်မှ ပန်းတိုင်တူရင် ပြန် ဆုံကြမှာပဲ” ဟု ဆိုသည်။
ဦးကိုကိုကြီးသည် ပြည်သူ့ပါတီကို ထူထောင်ထားပြီး ပါတီ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားကာ ဒု-ဥက္ကဋ္ဌ ဦးမင်းဇေယျ၊ အထွေထွေ အတွင်းရေးမှူး ဦးရဲနိုင်အောင် (ကိုဝ)၊ တွဲဖက် အတွင်းရေးမှူး အဖြစ် ဦးကျော်ကျော်ထွေးနှင့် ဦးကျော် ကျော်စိုးတို့က တာဝန်ယူထားသည်။ ၈၈ မျိုးဆက် ကျောင်းသား အများစုနှင့် ဖွဲ့စည်းထားသော ထိုပါတီဖွင့်ပွဲသို့ ဦးမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက တက်ရောက်ခဲ့ခြင်း မရှိပေ။
၈၈ မျိုးဆက်များကြား သဘောထား မကိုက်ညီမှုများ၊ လုပ်ဆောင်ချက် ကွဲပြားမှုများနှင့် ပတ်သက်ပြီး ဦးမင်းကိုနိုင်က “နယ်ပယ် အသီးသီးမှာတော့ ဖြန့်ကျက်ပြီးတော့ ရောက်သွားကြတာပဲ။ ကျနော့် အနေနဲ့ကတော့ နိုင်ငံရေး ဆိုတဲ့ စကားလုံး တလုံးနဲ့တော့ မရပ်နေစေချင်ဘူး။ တချို့ဆို ပညာရေး နယ်ပယ် ရောက်သွားကြတယ် တချို့ စီးပွားရေး နယ်ပယ် ရောက် သွားကြတယ်။ လောကကြီးကို အလှဆင်နေတဲ့သူတွေ ဖြစ်တယ်ဆိုရင် ကျေနပ်တယ်” ဟု အပြုသဘော မှတ်ချက် ပြု သည်။
နေရာလုရုံ သက်သက် အာဏာရရုံ သက်သက်မဟုတ်ဘဲ စနစ်တစ်ခု ပြောင်းလဲသွားသည်အထိ အာရုံစိုက်ရန်လည်း လို အပ်ကြောင်း သူက ဆက်ပြောသည်။
“ဟိုကုလားထိုင်မှာ ဟိုလူ့နေရာ ဟိုလူဝင်ထိုင် ဆိုတာလောက်နဲ့တော့ မရဘူးလေ။ နောက်တခုက ဘယ်ရာထူးကို ဘယ် သူရမလဲ ဆိုတဲ့ မေးခွန်းနဲ့ မပြီးသွားစေချင်ဘူး။ စနစ် ဘယ်လောက်ပြောင်းလဲ ဆိုတဲ့အပေါ်မှာ အာရုံစိုက်စေချင်တယ်” ဟု ဦးမင်းကိုနိုင်က ဆိုသည်။
ယခင်နှစ်များလိုပင် ရှစ်လေးလုံးနေ့တွင် တံတားနီ (တံတားဖြူ) မှာ ဖြစ်ဖြစ်၊ ဆူးလေမှာ ဖြစ်ဖြစ် အမှတ်တရ နှင်းဆီနီတွေ ဝေနေဦးတော့မည်။ အမျှဝေသံများ ညံစီနေဦးတော့မည်။
သို့သော် တိုင်းပြည်တွင် ဒီမိုကရေစီ ယဉ်ကျေးမှုများ ဝေဖို့အရေးကတော့ လိုအပ်နေသေးသည်။ ရှစ်လေးလုံး အခမ်းအနား သည် အောက်မေ့ သတိရရုံမျှ ပြုလုပ်မည့် အခမ်းအနား မဟုတ်ပေ။ ရှစ်လေးလုံး၏ ရည်မှန်းချက်ကို မမေ့မလျော့အောင် သတိတရ ရှိအောင်လည်း ပြန်လည် ဖော်ထုတ်ရသည့် အခမ်းအနား ဖြစ်သည်။
တေးရေး နိုင်မြန်မာက “ပြည်သူလူထုရဲ့ တောင်းဆိုမှုက စစ်အာဏာရှင်ဆိုတဲ့ အရိပ်အငွေ့ ကင်းစင်တဲ့ လွတ်လွတ် ကျွတ်ကျွတ် ထူထောင်လို့ရတဲ့ တိုင်းပြည် တခု” ဟု ဆိုသည်။
ဒါကြောင့်ပင် အထိမ်းအမှတ်ပွဲများ၊ အောက်မေ့ သတိရဖွယ် အခမ်းအနားများ အပြင် ရှစ်လေးလုံးမှ စတင် သန္ဓေတည် ခဲ့သော ဒီမိုကရေစီ မျှော်လင့်ချက် ဆီသို့လည်း ဆက်လက် ချီတက်ရဦးမည် ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ရှစ်လေးလုံးက အလိမ်ခံလိုက်ရတယ်လို့ပဲ ခံစားရတယ်
၈၈ မျိုးဆက်များ ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ပြည်သူ့ပါတီ တိုက်တွန်း
စစ်ဘောင် ကျယ်လာရင် ဒီမိုကရေစီဘောင်က ကျုံ့သွားမယ်