ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းနှင့် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တို့ အတွင်းရှိ လေးထောင့်ကန် ကျေးရွာ အနီး မြေဧက၂ ထောင်ကျော်ပေါ်တွင် ထိုင်းကုမ္ပဏီတခုက စက်မှုဇုန် တည်ထောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)မှ သိရသည်။
အဆိုပါ ထိုင်းကုမ္ပဏီမှာ Yangon Amata Smart & Eco City ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင် လုပ်ကိုင်မည့် Development and Operation of Smart and Eco City and Related Business ပရောဂျက် စက်မှုဇုန် လုပ်ငန်းအတွက် အမေရိကန် ဒေါ် လာသန်း ၂၉၀ ကျော် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နံှမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးသန့်စင်လွင်က ပြောသည်။
ဦးသန့်စင်လွင်က “ဒါက MIC ရဲ့ ခွင့်ပြုချက်လုပ်ငန်း ဖြစ်တယ်။ Amata ကုမ္ပဏီက ရေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ စက်မှု လုပ်ငန်းတွေမှာ ထင်ရှားတယ်။ လုပ်ငန်းခွင် သင်တန်းတွေ ပေးတာလည်း ရှိတယ်။ အခု ကျနော်တို့ မြန်မာပြည်မှာ လုပ် မယ့် ပရောဂျက်မှာလည်း လုပ်ငန်းခွင် သင်တန်းတွေပါမှာ ဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အားနည်းနေတဲ့ အလုပ် သမား စွမ်းရည်ပိုင်းကဏ္ဍတွေမှာ တိုးတက်လာမယ်လို့ ကျနော်တို့ MIC က သုံးသပ်ပါတယ်” ဟု ဆိုသည်။
Amata ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ရောက်ရှိသည်မှာ ၁ နှစ်ကျော်ရှိပြီ ဖြစ်သော်လည်း MIC အနေနှင့် လုပ်ငန်းခွင့်ပြုပေး ရန်အတွက် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်နိုင်ခြင်း ရှိ မရှိအခြေအနေများကို သေချာစွာ စိစစ်နေခြင်းကြောင့် ယခုအချိန်မှ သာ ခွင့်ပြုပေးရခြင်း ဖြစ်ကြောင်း သိရသည်။
ဦးသန်စင်လွင်က “အထောက်အထားတွေ မြေနေရာတွေ ပတ်ဝန်းကျင် အခြေအနေတွေ၊ သူတို့ရဲ့ လုပ်ကိုင်မယ့် စိမ်းလန်း စိုပြေမှု၊ လမ်း၊ ရေ စနစ်တွေ ပြည့်စုံ ခိုင်လုံမှု ရှိ မရှိ ကျနော်တို့က ဆန်းစစ်နေတာကြောင့်ပါ” ဟု ပြောသည်။
Yangon Amata Smart & Eco City စီမံကိန်း ဆောင်ရွက်ရန် အတွက် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Amata Corporation Public Co,.Ltd တို့၏ စီမံကိန်း ကနဦးမူဘောင် သဘောတူညီချက် (Framework Agreement) စာချုပ် လက်မှတ် ရေးထိုးခြင်းကို ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးရဲစစ်မင်းက “ထိုင်းအခြေစိုက် Amata ကုမ္ပဏီကနေ စက်မှုဇုန် လုပ်ဖို့ ရန်ကုန်တိုင်း အစိုးရကို တင်တယ်။ ဒီသဘောတရားက ပြည်ထောင်စု အဆင့်ကနေ ဆောင်ရွက်ရမှာ ဖြစ်တဲ့ အတွက် စည်ပင်ကနေမှ အိုးအိမ် ပြန်လွဲှလိုက်တယ်။ အဲဒီကနေမှ မြေငှားသက်တမ်းကို နှစ် ၅၀ နဲ့ နောက်ပိုင်း ၁၀ နှစ် ၁၀ နှစ်နဲ့ လုပ်တာ ဖြစ်တယ်။ စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံတာက အိုးအိမ်က ၂၀ ရာခိုင်နှုန်း၊ Amata က ၈၀ ရာခိုင်နှုန်း ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “အိုးအိမ်က ပါတဲ့ ၂၀ ရာခိုင်နှုန်းက မြေကြီးကို တန်ဖိုးသင့်ဆိုပြီး ထည့်လိုက်တယ်။ အစိုးရကတော့ ပိုက်ဆံတပြားမှ မထည့်ဘူး။ ၈၀ ရာခိုင်နှုန်းကတော့ Amata ကုမ္ပဏီက ပိုက်ဆံ စိုက်ထည့်တာ ဖြစ်တယ်” ဟု ရှင်းပြ သည်။
ယင်း စက်မှုဇုန် စီမံကိန်း ပြီးစီးလျှင် ပြည်တွင်း လုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်း အနေနှင့် ၃ သောင်း ၃ ထောင်ကျော်ခန့် ဖန်တီးပေးနိုင်မည် ဖြစ်သည့် အပြင် နှစ်စဉ် နိုင်ငံတော်မှ အခွန်ဘဏ္ဍာ အနေနှင့် အမေရိကန်ဒေါ်လာ ၆၃ ဘီလီယံခန့် ဝင်ရောက်မည် ဖြစ်ကြောင်း ဦးရဲစစ်မင်းက ပြောသည်။
“ပြီးကျတော့ သူတို့က ဂရုတခု ဖြစ်တဲ့အတွက် Amata နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကပါလာမှာ ဖြစ်တဲ့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေနဲ့ ၁ ဘီလီယံလောက် ဝင်လာမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းတွင် အကောင်အထည်ဖော်မည့် စီမံကိန်း ၈၀ အနက် အဆိုပါ စီမံကိန်းသည် ၁ ခု အပါအဝင် ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် မေလက ထုတ်ပြန်သည့် Yangon Project Bank ၌ ဖော်ပြထားသည်။
ယင်း စက်မှုဇုန် စီမံကိန်းတွင် အိမ်ရာများ၊ လမ်းပန်းဆက်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဝန်ဆောင်မှုများ အပြင် အခြား သော စီးပွားရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Amata ကုမ္ပဏီက ထုတ်ပြန် ထားသည်။
Amata Corporation Public Co., Ltd မှ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Yasuo Tsutsui က “ဒီစီမံကိန်းက Green and Smart Technology ကို အခြေခံပြီး ဖော်ဆောင်သွားမှာပါ” ဟု ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်က ပြုလုပ်သည့် တိုင်း အစိုး ရနှင့် လက်မှတ်ရေးထိုးပွဲ၌ ပြောကြားထားသည်။
Amata ကုမ္ပဏီသည် ၁၉၇၅ ခုနှစ်က ထိုင်းနိုင်ငံတွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ထိုင်းနိုင်ငံ စတော့အိတ် ချိန်းတွင် စာရင်းဝင်ခဲ့သည့် Top 10 စာရင်းဝင် ထိပ်တန်း ကုမ္ပဏီတခု ဖြစ်သည်။
လက်ရှိ ထိုင်း၊ ဗီယမ်နမ်၊ ကမ္ဘောဒီးယား စသည့် နိုင်ငံတို့တွင် စက်မှုဇုန်လုပ်ငန်းများ အပါအဝင် Amata Smart and Eco City များကို တည်ထောင်ထားပြီး အဆိုပါ လုပ်ငန်းစု၌ ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒေါ်လာ ၃၀ ဘီလီယံထိ ရင်းနှီးမြှုပ်နှံမှု ပါဝင်ထားကြောင်း သိရသည်။
You may also like these stories:
စီမံကိန်းကြီးများကြောင့် မြန်မာပြည် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေ
ကချင်ပြည်နယ် စီးပွားရေးဇုန် ဆောက်ရန် တရုတ်နှင့် စာချုပ်ချုပ်မည်
ရန်ကုန်တိုင်း ဂျီဒီပီ တိုးတက်လာရန် စီမံကိန်းများ ရေးဆွဲထား ဟုဆို
ရန်ကုန်ကို တောင်ကိုရီးယား ခြေဦးလှည့်လာပြီ