မန္တလေးတိုင်း မြင်းခြံထောင်၌ ညအိပ်ဆောင် သံကြိုးခတ်သည်ကို မကျေနပ်၍ အကျဉ်းသားများက ယနေ့နံနက်ဆူပူခဲ့ရာ ယခုအခါ ပြန်လည် ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ထောင်ဆူမှုမှာ အဆောင် ၁နှင့် ၂တွင် ဖြစ်ပွာခြင်း ဖြစ်ပြီး ယနေ့နံနက် ၉နာရီ မိနစ် ၃၀ခန့်မှ စတင်ခဲ့ပြီး ၁၁နာရီ ၃၀ခန့်တွင် ဆူပူမှု ငြိမ်သွားကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။
ညအိပ်ဆောင်ကို သံကြိုးခတ်ရသည့် အကြောင်းအရင်းမှာ အရေးပေါ် ကျန်းမာရေးဖြစ်ပါက တခါးဖွင့်သည့် အခါ၊ အတွင်းရှိ လူများအားလုံး လိုက်ပါထွက်လာမည်ကို စိုးရိမ်၍ ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုး က ဧရာဝတီသို့ ပြော သည်။
“ဒီနေ့မှ စခတ်တာ၊ အဲ့ဒါကို ရမယ်ရှာပြီးတော့ အော်ကြတာ၊ ကျန်တာ ဘာမှတော့ မရှိပါဘူး။ စားရေး၊ သောက်ရေး၊ ကျန်းမာရေးက ဘာမှမရှိပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ သံကြိုးခတ်မှုကြောင့် ထောင်အတွင်း ဆူပူမှုများ ရှိသော်လည်း ဆက်လက် ခတ်သွားမည် ဖြစ်ကြောင်း ပြောသည်။
အိပ်ဆောင် ၁နှင့် ၂မှ အကျဉ်းသားများမှ တဦးစာ ဝင်နိုင် ထွက်နိုင်ရန် သံကြိုးခတ်သည့် ကိစ္စကို လက်ခံခဲ့ပြီး၊ အခန်းတွင်း ရှိ ခေါင်းဆောင်(တန်းစီး)ထံတွင် အကိုက်အခဲပျောက် ဆေးပေးထားရန်၊ အဝေးမှလာသည့် ထောင်ဝင်စာများကို လက်ဆွဲ ပလတ်စတစ်အိတ် ၂ လုံးသယ်ခွင့်ပေးရန်၊ ယခုကာလ ရာသီဥတု အေးနေသဖြင့် စောင်နှင့် အနွေးထည်များကို လိုအပ် သလို သွင်းခွင့်ပေးရန်တို့ တောင်းဆိုခဲ့ကြောင်း သိရသည်။
မြင်းခြံအကျဉ်းထောင်သို့ ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်က “အားလုံး အဆင်ပြေသွားပါပြီ။ သူတို့က ၁၁ ချက်တောင်းဆို ပါ တယ်။ ကျနော်တိုလည်း လိုက်လျော ခဲ့ပါတယ်။ အကုန် ဆင်ပြေသွားပါပြီ” ဟု ဧရာဝတီ သို့ ပြောသည်။
ဈေးဝယ်သည့် အခါတွင်လည်း အမြတ်ယူမှုများနေသဖြင့် ၅ ရာခိုင်နှုန်းသာ အမြတ်တင်၍ ရောင်းရန် စသည့် တောင်း ဆိုမှု များကို လက်ခံခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP) မှ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်ကလည်း ယခုကဲ့သို့ ထောင်ဆူပူများ ဖြစ်ခဲ့ပါက ဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းကို အဖြေရှာသင့်ကြောင်း၊ ရိုက်နှက်ခြင်း များ မပြုလုပ်သင့်ကြောင်းနှင့် ရသင့်ရထိုက်သည့် အခွင့်အရေးများ ဆုံးရှုံးမှု ရှိခြင်းကြောင့်သာ ဆူပူမှုများ ဖြစ်ရကြောင်း မှတ်ချက်ပြုသည်။
၎င်းက ဆက်လက်၍ “ထောင်မှာဆံ့တဲ့လူဦးရေထက် အကျဉ်းသား ဦးရေက အရမ်းကို များပြားနေတာ ရှိတယ်။ ဒါတွေ ကိုလည်း ဖြေလျော့ဖို့ လိုတယ်။ ထောင်ဥပဒေဆိုတာကလည်း ခေတ်နောက်ကျနေတာ ရှိတယ်။ ဒါတွေကိုလည်း ပြုပြင် ပြောင်းလဲ ဖို့လိုတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ထောင်ပေါင်း ၄၆ထောင် ရှိပြီး အချုပ်သားထောင်ကျနေသူ ၉သောင်းကျော်ရှိကာ မြင်းခြံထောင်တွင် အကျဉ်းသား ဦးရေ ၂၀၀၀ နီးပါးခန့် ရှိသည်။
၂၀၁၉ ခုနှစ် နှစ်သစ်ကူး အထိမ်းအမှတ် အနေဖြင့် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့် ဖြစ်သည့် ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ အပိုဒ်ခွဲ (၁) အရ အကျဉ်းသား/သူ ၂၃၀၀၃ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၁၆ ဦးတို့အား ၃ ကြိမ်ခွဲကာ လွတ်ငြိမ်း သက်သာခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
ယင်းသမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်သည် အကျဉ်းသားများအပေါ် တန်းတူညီမျှမှု မရှိဟုဆိုကာ ဧပြီလအတွင်း ရွှေဘို ထောင်နှင့် မုပ္ပလင်ကုန်ထုတ်စခန်းတို့မှ လွတ်ငြိမ်း သက်သာခွင့် တန်းတူ ညီမျှရရှိရေး တောင်းဆိုခဲ့ပြီး သမ္မတ၏ မေလ ၇ ရက်နေ့က တတိယအကြိမ် လွတ်ငြိမ်း သက်သာခွင့်လွတ်ပေး အပြီးတွင်လည်း ကလေး၊ ဘားအံ၊ ရွှေဘို၊ မြစ်ကြီးနား၊ ထား ဝယ်၊ သာယာဝတီနှင့် ပုသိမ် အကျဉ်း ထောင်တို့တွင် ဆူပူမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သို့သော် အကျဉ်းထောင်များတွင် မိုဘိုင်းလ်းဖုန်ဖြင့် Live လွင့်ခြင်း၊ ထောင်များ တပြိုင်တည်း ဆူပူပြီး လူများစွာ သေဆုံး ရခြင်းတို့သည် စစ်အစိုးရ လက်ထက်၊ သမ္မတ ဦးသိန်းစိန် လက်ထက်တို့တွင် မရှိခဲ့သည့် အလွန်ရှားပါးသော အခြေအ နေမျိုး ဖြစ်ကြောင်း အကျဉ်းထောင် အသိုင်းအဝိုင်းမှ သိရသည်။
သမ္မတရုံး၏ တာဝန်ရှိသူကမူ ထောင်ဆူသည့် ကိစ္စနှင့် ပတ်သက်၍ ၎င်းတို့၏ ပြောဆိုချက်များမှာ မှားနေသဖြင့် စိတ်မ ကောင်း ဖြစ်မိကြောင်း၊ အဘယ့်ကြောင့်ဆိုသော မူးယစ်မှုနှင့် ပတ်သက်၍ ဥပဒေ မပြင်ဆင်နိုင်မီက အကျဉ်းကျခံ နေရသူ အရေအတွက် အလွန်များနေကြောင်း၊ သမ္မတက သက်ကြီးရွယ်အို အကျဉ်းသားများနှင့် အသက်ငယ်ရွယ်သူ၊ ဆေးပြား ၁၀၀ အောက်မိသူများကို အဓိက ထားပြီး လွှတ်ပေးရန် ပြည်ထဲရေးကို တင်ပြခိုင်းခဲ့ခြင်း ဖြစ်ကြောင်း သမ္မတရုံး တာဝန်ရှိ သူက ပြောသည်။
ယခုတခေါက် ဆူပူမှုများအတွင်း အကျဉ်းထောင် ၇ ခုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ၂ ကြိမ်တိုင် တောင်းဆိုခဲ့သည့် ရွှေဘို ထောင်တွင် အကျဉ်းသား ၄ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့သည်အထိ အခြေအနေတင်းမာခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ပျဉ်းမနား အချုပ်ထောင် ဆူပူမှု ဖြစ်ပွားခဲ့ပြီး ဆူပူမှုဖြစ်စဉ် နှစ်ကြီးအချုပ်သားများက အဝတ်အ စားများ၊ စာစောင်များဖြင့် မီးရှို့ခြင်း၊သော့ခလောက်များ ဖျက်ဆီးခြင်း၊ အုတ်နံရံများကို ဖျက်ဆီးခြင်း အစရှိသည်များကို ပြု လုပ်သဖြင့် မြို့နယ်ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ များဖြင့် ဖမ်းဆီးထိန်းချုပ်ခဲ့သည့် ဖြစ်စဉ်မျိုး ဖြစ်ခဲ့ဖူးသည်။
ဆက်စပ်ဖတ်ရှု့ရန်
ဆေးအတွက်လေးနေတဲ့ သမ္မတ လွတ်ငြိမ်း
သမ္မတ လွတ်ငြိမ်း ဘက်လိုက်သည်ဟုဆိုကာ အကျဉ်းထောင် ၂ ခုတွင် ဆန္ဒပြမှုဖြစ်
ထောင်ဆူပူမှုများ ပြည်ထဲရေးတွင် တာဝန်ရှိဟု NLD အမတ်တချို့ပြော
ပုသိမ်ထောင်၌ အကျဉ်းသား ၁ဝဝ ကျော် ဆန္ဒပြမှုဖြစ်ပွား
ထောင်ဆူမှု သွေးရိုးသားရိုးဖြစ်စဉ်လို့ မမြင်ဘူး
လွတ်ငြိမ်းချမ်းသာခွင့် အကြောင်းပြပြီး ထောင်တွေဆူကြသည်
ကလေးထောင်တွင် အကျဉ်းသားများ ဆူပူမှုဖြစ်
ရွှေဘိုထောင် ဆူပူမှု Live လွှင့်သည့် အကျဉ်းသား ၃ ဦးကို ထောင် ၆ လ ချ
ထောင်ပိုင်ကြီး ပြန်ရှင်းပြတဲ့ ရွှေဘိုထောင် ဆူပူမှုဖြစ်စဉ်
ရွှေဘိုထောင် ဆူပူမှု အကျဉ်းသားတချို့ကို ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် အရေးယူမည်