၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး ပြည်ပရောက် မဲဆန္ဒရှင်တွေအနေနဲ့ ကြို တင် မဲပေးနိုင်ဖို့ ပုံစံ ၁၅ ဖောင်တွေကိုလည်း သက်ဆိုင်ရာ သံရုံး၊ ကောင်စစ်ဝန်ရုံးနဲ့ အမြဲတမ်း ကိုယ်စားလှယ်ရုံးတွေကနေ ကြေညာ တိုက်တွန်းလျက် ရှိပါတယ်။
ပြည်ပရောက် မဲဆန္ဒရှင်တွေ ဘက်ကတော့၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ကြိုတင်မဲကို သံရုံးတွေမှာ ကိုယ်တိုင် သွား ရောက် မဲပေးခဲ့ရတာ ဖြစ်တဲ့အတွက် အခက်အခဲ တွေ့ကြုံတွေ့ခဲ့ရပြီး အထူးသဖြင့် မြန်မာနိုင်ငံသား အများဆုံးရှိတဲ့ ထိုင်းနိုင် ငံနဲ့ မလေးရှားနိုင်ငံ တို့မှာ မဲပေးသူဟာ ရာဂဏန်းပဲ ရှိခဲ့ပါတယ်။
လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာတော့ သံရုံး၊ ကောင်စစ်ဝန်ရုံးတွေနဲ့ ဝေးကွာတဲ့နေရာမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ မဲပေးနိုင်ဖို့ နည်းလမ်း တမျိုးမျိုးနဲ့ ဆောင်ရွက်ပေးကြဖို့ တောင်းဆိုလျက် ရှိနေကာ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ပြည်ပရောက် မဲဆန္ဒရှင်တွေ လွယ်ကူ လုံခြုံစွာ မဲပေးနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်မှု အခြေအနေတွေကို ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့် ရှိသူ ဦးမြင့်နိုင်နဲ့ ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ ပြည်ပနိုင်ငံမှာတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ကြိုတင်မဲ ပေးဖို့ ပုံစံ ၁၅ နဲ့အတူ ဘယ်လို အထောက်အထားတွေ လိုအပ်ပါသလဲ။
ဖြေ။ ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လုပ်ငန်းလမ်းညွှန်နဲ့အတူ ပေးပို့ထားတဲ့ ပုံစံ ၁၅ ဟုတ်မဟုတ် သံရုံး တွေက စိစစ်ပြီး ဖြန့်ဝေပေးရမှာပေါ့။ အဓိကတော့ ပုံစံ ၁၅ မှာ ဖော်ပြထားတဲ့ အချက်တွေကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ပေးဖို့ လိုအပ်ပါတယ်။ ပြည်ပမှာ ကိုယ် လက်ရှိ နေထိုင်တဲ့ လိပ်စာ၊ မြန်မာနိုင်ငံမှာ နေတဲ့လိပ်စာ တိတိကျကျ ဖော်ပြဖို့လိုအပ်ပါ တယ်။
ပုံစံ ၁၅ မှာ အမှတ်စဉ် ၁ ကနေ ၆ အထိ ပြည့်စုံအောင် ဖြည့်ရမယ်။ တောင်းဆိုသူရဲ့ လက်မှတ်(သို့) လက်ဗွေကိုလည်း ဖြည့်သွင်းဖို့ လိုအပ်ပါတယ်။ နောက်တချက်က အစိုးရရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ ရောက်ရှိနေသူ ဟုတ်မဟုတ် သက်တမ်း ရှိတဲ့ နိုင်ငံကူး လက်မှတ်(သို့) အထောက်အထား တခုခုကို မိတ္တူကို ပူးတွဲပေးပို့လိုက်ရင် ပိုပြီးတော့ ပြည့်စုံပါတယ်။ အလုပ် သမား သံအရာရှိတွေက ထုတ်ပေးထားတဲ့ အသိအမှတ်ပြုကတ်တွေလည်း အကျုံးဝင်ပါတယ်။
မေး။ ။ ဥပမာ အားဖြင့် မလေးရှားနဲ့ ထိုင်းနိုင်ငံမှာဆို မြန်မာတွေ အများကြီး ရှိကြပါတယ်။ သူတို့တွေ လွယ်ကူ လုံခြုံစွာမဲ ပေးနိုင်ဖို့ ဘယ်လို အစီအစဉ်တွေ ချမှတ်ထားပါသလဲ။
ဖြေ။ ။ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့မှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေ မဲပေးမှုများလာအောင် သက်ဆိုင်ရာ သံရုံး၊ ကောင်စစ်ဝန် ရုံးတွေကနေ ဆောင်ရွက်နေပါတယ်။ အခုဆို ပုံစံ ၁၅ တွေကိုလည်း တတ်နိုင်သလာက် ဖြန့်ဝေထားပြီးပြီ။ သူတို့ မဲလာပေး တဲ့ အခါမှာ လုံခြုံမှုရှိအောင်လည်း စီစဉ်နေပါတယ်။
မေး။ ။ မြန်မာနိုင်ငံသားတွေ များများရှိတဲ့ နေရာတွေမှာ မဲရုံခွဲတွေ ထားပေးဖို့ရော ရှိပါသလား။
ဖြေ။ ။ ကျနော်တို့ ဥပဒေအရ သက်ဆိုင်ရာ သံရုံး၊ ကောင်စစ်ဝန်ရုံးနဲ့ အမြဲတမ်း ကိုယ်စားလှယ်ရုံးတွေကို ကိုယ်တိုင် လာ ပေးကြရတာကိုး။ မဲရုံတွေကလည်း အဲဒီမှာပဲ လုပ်ကြတယ်။ တချို့နေရာတွေမှာ ကျတော့ မဲပေးခွင့် ရှိတဲ့သူက များများစား စား ရှိတယ်။ အဲဒီနေရာမှာ မဲပေးနိုင်အောင်လို့ သက်ဆိုင်ရာနိုင်ငံ အစိုးရတွေနဲ့ အခုက ညှိနေတာပေါ့။ တခြား ပြည်ပနိုင်ငံ မှာ ဆိုတဲ့အခါကျတော့ မဲပေးတဲ့ လုပ်ငန်းစဉ်ဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ အတွက် သက်ဆိုင်တဲ့ အစိုးရနဲ့ ညှိနှိုင်းပြီး သူ တို့ရဲ့ခွင့်ပြုချက်ရမှ လုပ်လို့ရတယ်။ သံရုံးတွေကလည်း ကြိုးစားနေပါတယ်။
ကျနော်တို့က အွန်လိုင်းက တဆင့် မဲပေးနိုင်တယ် ဆိုရင်တော့ ကိစ္စမရှိဘူး။ ကိုယ်တိုင်လာပေးရမယ်ဆိုတဲ့ အခါကျတော့ အခက်အခဲတွေ ရှိကြတယ်။ အဲဒီတော့ လူများများရှိတဲ့ နေရာတွေမှာ မဲပေးနိုင်အောင် ကြိုးစားနေကြပါတယ်။ မာကာအိုမှာ ကျတော့ ကောင်စစ်ဝန်ရုံး ရှိတဲ့အတွက် ဟိုဘက်အစိုးရနဲ့ သိပ်ညှိစရာ မလိုဘူး။
အဲဒီလို ရုံးတွေရှိတဲ့ နေရာမှာတော့ မဲပေးနိုင်ဖို့ မကျန်ရအောင် စီစဉ်ထားပါတယ်။ ဥပမာ- မဲဆောက်၊ ရနောင်း၊ မယ်ဆိုင် တို့လို နေရာတွေက တရားဝင်ထုတ်ပေးထားတဲ့ ကတ်တွေ ကိုင်ဆောင်ထားတဲ့ သူတွေရှိတဲ့ နေရာတွေက အလုပ်သမား သံအရာရှိ ရုံးတွေမှာလည်း မဲပေးနိုင်အောင် လုပ်နေကြပါတယ်။
မေး။ ။၂၀၁၅ ခုနှစ်တုန်းကဆို ထိုင်းနဲ့ မလေးရှားမှာ မဲပေးသူက ရာဂဏန်းပဲ ရှိတယ်။ အခု ရွေးကောက်ပွဲမှာ မဲပေးသူများ လာအောင် ဘယ်လို ပညာပေးမှုတွေ လုပ်နေလဲ။
ဖြေ။ ။ သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေ အမြဲတမ်း ကိုယ်စားလှယ်ရုံးတွေကလည်း လုပ်နေသလို ကျနော်တို့ရဲ့ ဝက်ဆိုက်နဲ့ ဖေ့ဘုတ် စာမျက်နှာတွေကနေလည်း တိုက်တွန်း ဆော်ဩနေပါတယ်။ NGO အဖွဲ့တွေကလည်း လှုပ်ရှားနေပါတယ်။ ဥပဒေ အရ သံရုံး၊ ကောင်စစ်ဝန်ရုံးနဲ့ အမြဲတမ်း ကိုယ်စားလှယ်ရုံးမှာပဲ လာပြီး မဲပေးရမယ်ဆိုတဲ့ တချို့က မလာနိုင်ကြတဲ့ အတွက် မဲပေးသူက နည်းသွားတာပေါ့။ ကျနော်တို့က မဲဆန္ဒရှင်များတဲ့ နေရာတွေမှာ ဘယ်လိုလုပ်ပြီး မဲပေးနိုင်မလဲ ဆို တာကို ကြိုးစား ဆောင်ရွက်နေတာပါ။ နီးစပ်တဲ့ ထိုင်းနိုင်ငံမှာတော့ ပထမဆုံး ပုံဖော်နေတာပေါ့။
အခုကလည်း တိုက်ဆိုင်တာက ဟိုဘက်နိုင်ငံတွေမှာလည်း ကိုဗစ်ကလည်းဖြစ်သွားတော့ အားလျော့သွားတာပေါ့။ ကိုဗစ် ကြောင့်ပဲ တချို့ကလည်း ဒီဘက်ကို ပြန်ဝင်လာကြတော့ သူတို့က မဲစာရင်းမှာ ပါလား မပါလား အထူးအလေးထားပြီး စိစစ် နေပါတယ်။ရောက်လာတဲ့သူတွေ အားလုံးလည်း မဲပေးခွင့်ရအောင် လုပ်နေပါတယ်။
မေး။ ။ ကိုဗစ်ကာလမှာ နေရပ်ပြန်လာသူတွေ မဲစာရင်းမှာ ပါဖို့၊ မဲပေးဖို့ ဘယ်လို ဆောင်ရွက်သွားမလဲ။
ဖြေ။ ။ ကျနော်တို့ နေရပ်ပြန်လာသူတွေကို မဲစာရင်းမှာ ပါအောင် လုပ်နေကြပါတယ်။ နောက်ပြီးတော့ ပြန်ဝင်လာကြပြီး သတ်မှတ်နေရာတွေမှာ Quarantine ဝင်နေသူတွေကိုလည်း မဲပေးတဲ့နေရာမှာ ကိုယ်မဲစာရင်း ပါတဲ့ နေရပ်ဒေသကို မပြန်နိုင်ရင်သူတွေကိုလည်း ကြိုတင် မဲပေးနိုင်အောင် စီစဉ်နေပါတယ်။
မေး။ ။ ပြည်ပကနေ မဲပေးနိုင်သူ အရေအတွက် ဘယ်လောက် ရှိနိုင်မလဲ။
ဖြေ။ ။ အဲဒါက ကျနော်တို့ ဖြန့်ဝေထားတဲ့ ပုံစံ ၁၅ တွေ ပြန်ရောက်လာမှပဲ အရေအတွက်က သိနိုင်မှာပါ။ ပုံစံ ၁၅ မှာ ပါတဲ့ လိပ်စာ အတိအကျအတိုင်း ကျနော်တို့က သက်ဆိုင်ရာ မြို့နယ်တွေကို ပို့လိုက်မှာပေါ့။ အဲဒီ မြို့နယ် တာဝန်ရှိသူတွေက သူတို့ရဲ့ မဲစာရင်းထဲမှာ ပုံစံ ၁၅ ဖြည့်သွင်းထားတဲ့သူ ပါ မပါ စိစစ်ရမယ်။ မဲစာရင်းမှာ ပါနေရင်တော့ ကြိုတင် မဲပေးနိုင်သူ ဖြစ်သွားတာပေါ့။ ကိုယ်စားလှယ်လောင်းစာရင်းတွေ ကြေညာပြီး မဲလက်မှတ်တွေ ရိုက်နှိပ်ပြီးတဲ့အခါ စာရင်းအတိုင်းပဲ သက်ဆိုင်ရာ သံရုံးတွေဆီကို မဲလက်မှတ်တွေ ပြန်ပို့ပေးလိုက်တာပေါ့။
မေး။ ။ ကိုဗစ်ကာလအတွင်းမှာ မဲဆွယ်စည်းရုံး လုပ်ငန်းတွေအတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ထုတ် ပြန်ပေးသွားဖို့ ရှိသလား။
ဖြေ။ ။ ဒါကတော့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့လည်း ဆိုင်သေးတာပေါ့နော်။ သူတို့ဆီက အကြံပြုချက်တွေနဲ့ ကျနော်တို့က ဆောင်ရွက်သွားမှာပေါ့။ သူတို့ကလည်း လိုအပ်တဲ့ ညွှန်ကြားချက်တွေ ထုတ်မှာပါ။ ကျနော်တို့လည်း ထုတ်ပေးသွားမှာပါ။ အခုဆိုရင် မဲဆန္ဒရှင်တွေက ဘယ်လို မဲပေးရမလဲ ဆိုတာ သရုပ်ဖော်ပုံလေးတွေနဲ့ ကျနော်တို့ အသိပညာပေးတာတွေ လုပ် နေပါတယ်။
ကိုယ်စားလှယ်လောင်း အတည်ပြုပြီးလို့ မဲဆွယ် စည်းရုံးရေးကာလ ရောက်ရင်တော့ ဘယ်လိုဘယ်ပုံ မဲဆွယ်နိုင်မလဲ ဆို တာ လာပါမယ်။ ဒေသအခြေအနေကိုလည်း ကြည့်ပြီးတော့ ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ ညီတူညီမျှ ဆောင် ရွက်နိုင်မယ့် နည်းလမ်းလေးတွေ ထုတ်ပြန်သွားပေးမှာပေါ့။
မေး။ ။ အခုဆိုရင် တချို့သော လူပုဂ္ဂိုလ်တွေရဲ့ရွေးကောက်ပွဲဟာ မျှတမှု မရှိနိုင်ဘူးဆိုတဲ့ ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ ဒီလို ပြောဆိုမှုတွေကို ဘာမှ မတုံ့ပြန်လိုပါဘူ။ မပြောလိုပါဘူး။ ကျနော်တို့ကတော့ စိတ်သန့် သန့်နဲ့ပဲ ဆောင်ရွက်နေပါတယ်။ ရွေးကောက်ပွဲ စံ ၅ ချက် ဆိုတာကိုလည်း ကျနော်တို့ ပြောပြီးပါပြီ။ စံ ၅ ချက်နဲ့အညီပဲ ဆောင်ရွက်သွားမှာပါ။
နိုင်ငံရေး ပါတီတွေနဲ့ တွေ့တဲ့အခါမှာလည်း တချို့က ဗိုလ်ချုပ် အောင်ဆန်းပုံ သုံးတာ၊ မသုံးတာလောက်ပဲ တချက်ပဲရှိ တာပါ။ ကျန်တာတွေ အားလုံး အဆင်ပြေပါတယ်။ ဘေးက ပြောနေတာတွေကို အမုန်းပွားစေတယ်။ ကျနော်တို့ကတော့ အပြုံးမပျက်ဘူး။ ကျနော်တို့ လုပ်သင့်တာကို အောင်အောင်မြင်မြင် ဖြစ်အောင် ဆက်လုပ်သွားဖို့ပဲ သန္နိဌာန် ချထားပါ တယ်။
မေး။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာများ ဖြည့်စွက် ပြောချင်တာ ရှိပါသေးလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ စံ ၅ ချက်အတိုင်းပဲ ဆောင်ရွက်သွားပါမယ်။ အားလုံးကလည်း အရေးကြီးတဲ့ ရွေးကောက်ပွဲ ဖြစ်လို့ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့အညီ ပါဝင် ပူးပေါင်း ယှဉ်ပြိုင် ဆောင်ရွက်ကြမယ်ဆိုရင် ကောင်းတာပေါ့။ ရွေးကောက်ပွဲကို ကော်မရှင် တခုတည်းနဲ့ မဟုတ်ဘဲ ကိုယ်စားလှယ်လောင်းတွေ၊ ပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ ကလည်း ပူးပေါင်း ပါဝင်ကြဖို့ လိုအပ်ပါတယ်။
You may also like these stories:
မဲပေးပြီး တပြိုင်နက် စတင်မဲရေတွက်သည့်စနစ် ဆက်လက်ကျင့်သုံးမည်
ကိုဗစ်ကာလ နိုင်ငံရေး ပါတီတွေ စည်းရုံးရေး ဘယ်လိုလုပ်မလဲ
ပြည်ပရောက်နေသူများ မဲပေးခွင့် မဆုံးရှုံးရေး စနစ် ပြောင်းဖို့လိုဟုဆို
ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တထပ်တည်းကျစေမည်ဟု UEC ဥက္ကဋ္ဌပြော